Sunday, February 15, 2009

အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ

လူရယ်လို့ဖြစ်လာရင် ဒုက္ခ ဆိုတာ မလွဲမသွေ ကြုံ ကြရတယ်ဗျ။ဒါပေမယ့် တခါတလေကျတော့ ဒုက္ခ နဲ့ကြုံနေတုန်းသာ စိတ်ညစ်စရာကောင်းတာ၊ အဲ ကြုံ ပြီးတွေ့ပြီးတော့လည်း ဘဝရဲ့ အမောပြေစရာ ဟာသ တပုဒ်အဖြစ်ကျန်နေတတ်ပြန်ရော။ ဒီလိုအဖြစ်အပျက်မျိုး ဆိုတာ လူတိုင်းရဲ့ဘ၀မှာရှိတာပေါ့ဗျာ။ မိတ်ဆွေမှာ လည်းရှိမှာပါ။ဒါကြောင့် ကျွန်တော့် ရဲ့ပထမဆုံး tag post အဖြစ် ရေးဖော်ရေးဖက် ရောင်းရင်းများ အား တလေးတစား ဒုက္ခ ပေး လိုက်ရပါတယ်။ ရေးပေးရမယ့် blogger list ကတော့ ...
(၁)သံလွင်ဟီးရိုး ရေးပြီး
(၂)ကိုဗီလိန်
(၃)ကိုတောင်ပေါ်သား
(၄)ကိုအိမ်
(၅)ကိုဖိုးဂျယ် ရေးပြီး
(၆)ချမ်းရဲ
(၇)ကိုရှင်းသန့်
(၈)ကိုမောင်မျိုး ရေးပြီး
(၉)မခေါင်ခေါင်
(၁၀)မနန်းညီ ရေးပြီး
ကဲ ! ရေးပေးကြပါဦးခင်ဗျာ။ :P


မောင်bee ဆိုတဲ့ ကျွန်တော့် မှာတော့ ဒီလိုအဖြစ်အပျက်မျိုး ပေါ ပါ့။ အဲဒီထဲ က မှတ်မှတ်ရရ တခုကို ပြောပြရမယ်ဆိုရင် .......


ကျွန်တော်ဆိုတဲ့ ကောင်က ငယ်ငယ်ကတည်း တအားမေ့တတ် တဲ့ ကောင်။ ဘာလုပ်လုပ် မေ့လိုက်ရမှ ကျေနပ်တာ ဗျ။ အရမ်းတော့မဟုတ်ပါဘူး ကျောင်းသွားရင်လွယ်အိပ်မပါတာတို့၊ကားမောင်းရင် ကားသော့မေ့တာတို့ လောက်ပါ။ ဟီး ။ အဲတော့ ကျွန်တော့် ဒုက္ခ က ဒီ မေ့တတ်တဲ့ အကျင့်က ဘဲ စတာပေါ့ ဗျာ။ ဒီအကြောင်း ပြောရမယ်ဆိုရင် ကျွန်တော့် တပည့်ကျော် မင်းမင်း အကြောင်းကို အရင်ပြောပြဦးမယ်။ အဲဒီတုန်းက အဖေက ဒီကောင့်ကို အဖော်လည်းရ လက်တိုလက်တောင်းလည်း ခိုင်းရအောင် သူ့ဆွေမျိုးနီးစပ် တွေဆီကနေ အိမ်ကို ခေါ်ထားလိုက်တယ်။ နောက်ပိုင်း နေတာကြာတော့ ကားတွေဘာတွေမောင်းတတ် သွားတဲ့အထိ ပေါ့ဗျာ။ ဒါပေမယ့် ဒီကောင့်ကို Toshiba သိလားမေးရင် အဲဒါ စားစရာ လားလို့ ပြန်မေးတဲ့ကောင်။ ပါးရည်နပ်ရည် ရှိတာပြောပါတယ်။ ထားပါတော့။ ဒါက တပည့်ကျော် ငမင်း အကြောင်း။


တနေ့တော့ ကျွန်တော့်လက်ကိုင်ဖုန်း ပျောက်ပါတယ်။ ဘယ်နား ကျန်မှန်း လည်းမမှတ်မိ။ ဘယ်မှာမှလည်း ရှာမရ။ ဖုန်းကတန်ဖိုးမကြီးပေမယ့် ကောက်ရတဲ့သူ က လက်ဆော့ပြီး နိုင်ငံခြား ကော် ခေါ်လို့ ကတော့ မောင်ဘီး တို့ အလိုလို ဂိန်ပြီ။ ပျောက်တာကလည်း ညနေ၆နာရီ လောက်ဆိုတော့ ရုံးကိုလှမ်းပိတ်ဖို့လည်းအချိန် ကမမှီ။ဪ ...ဒုက္ခ။ ရှာရင်းရှာရင်း မျက်လုံးတွေလည်း ပြာ၊ဇောချွေးတွေလည်း ပြန်။ ပျောက်တဲ့ဖုန်းနံပတ်ကို ခေါ်တော့ ဖုန်းကမကိုင်ဘူး။အဖေကလည်း ဘာပြောကောင်းမလဲ ဆဲတာပေါ့။ ကျွန်တော်လည်း ကို့အပြစ်နဲ့ကိုဆိုတော့ ဘာပြောရမှန်းတောင်မသိဘူး။ စဉ်းစားတာလည်း ခေါင်းပေါ်မှာ ကြက်ဥ လေးငါးလုံးဆင့် ကြော်လို့ရနေပြီ။ ဘယ်လိုပျောက်မှန်း ရိပ်ရိပ်တောင်စဉ်းစားလို့မရ။ ဟိုနားရှာလိုက် ဒီနားရှာလိုက် ဖုန်းလှမ်းခေါ်ကြည့်လိုက် နောက်ဆုံးဘယ်လိုမှ ရှာမရတဲ့ အဆုံး လက်လျှော့ပြီး ထိုင်နေလိုက်တော့တယ်။ ဟုတ်တယ်လေ တတ်နိုင်တော့ဘူး။ စိတ်လည်းဆင်းရဲလိုက်တာမပြောပါနဲ့တော့။ဒီလိုနဲ့ ၈နာရီခွဲ လောက်မှာတော့ မောင်မင်းကြီးသား ငမင်း ကားမောင်းပြီးပြန် လာပါတယ်။ လက်ထဲမှာ က ကျွန်တော့ဖုန်း။ အဲမယ် သကောင့်သားက ဖုန်းကို အကျအနကိုင်ပြီး ရာဇာနေဝင်းတဝက်၊ကျော်ဟိန်းတဝက် အိုက်တင်နဲ့လမ်းတောင်လျှောက်လိုက်သေး။ သိတယ်မဟုတ်လား ခြေထောက်က မြောက်ကြွမြောက်ကြွ၊လက်ကတကားကား ပေါ့။ ကျွန်တော်လည်း အဖေ ကို့ကို ဆူထားသမျှ အတိုးချပြီး ဒီကောင့်ကိုပိတ်ကော် ပစ်တာပေါ့။ နောက်မှ ငမင်း ကသူ့အဖြစ်ကိုပြန်ပြောပြတော့ မှ ရယ်ရမလို ငိုရမလို ကိုဖြစ်ရော။ ဖြစ်ပုံကဒီလိုဗျ။


အဲဒီနေ့က ကျွန်တော်အပြင်ကနေကားနဲ့ပြန်လာတော့ အမေက ငမင်း ကို သူ့မောင်ကျွန်တော်ဦးလေးအိမ်မှာ ပစ္စည်းတခုသွားယူခိုင်းပါတယ်။ ဖြစ်ချင်းတော့ ကားမောင်းရင်း ဘယ်အချိန်ကတည်းက ဘောင်းဘီးထဲက ထွက်ကျနေမှန်းမသိတဲ့ ကျွန်တော့်ဖုန်းက ကားဖင်ထိုင်ခုံ အောက်မှာ ညက်ပြီး ငမင်းနဲ့အတူပါသွားတယ်ဆိုပါတော့။ ဒါနဲ့ဒီကောင်က လမ်းမှာ ကားထဲက ကက်စက်ခွေ တခွေတွေ့တာနဲ့ ဖွင့်ပြီး ငြိမ့်နေတယ်ဆိုဘဲ။ အဲဒီတုန်း က မှတ်မှတ်ရရ IC unlugged show ပေါက်တဲ့ အချိန်ပေါ့။
ဒီလိုနဲ့မောင်းလာလိုက်တာ လမ်းတဝက်လောက်ရောက်တော့ သီချင်းသံတခု ထပ်ကြားတယ်တဲ့။ ကြားမှာပေါ့ ဒီကကောင်ကအိမ်ကနေ တစီစီခေါ်နေတာကိုး။ ဒါကိုသူ က ဖုန်း ring tone ကလာတယ် မထင်ဘူး။ IC show က ဗုံတီးသံ ထင်လို့တဲ့ ဗျ။ သဘောတွေကျပြီး စည်းချက်အတိုင်း လေတချွန်ချွန်၊ခေါင်းတဆတ်ဆတ် တောင်လုပ်နေတာတဲ့။ သူကခေါင်းတဆတ်ဆတ် ဒီကကောင်မှာတော့ဖုန်းပျောက်လို့ ခေါင်းမီးတောက်နေပြီ။ ကြည့်ဦး လုပ်ပုံက ဖုန်းပျောက်လို့ဖုန်းခေါ်ပါတယ်ဆိုမှ နေသစ်မိုး ရဲ့ percussion အားဖြည့်တယ် ထင်တယ် တဲ့။ ပြတ်ကရော။‌
ဒါနဲ့ မပြီးသေးဘူး။ နောက် တပုတ်လည်း ဒီဗုံသံ ဆိုတော့ ငမင်း အစာသိပ်မကြေတော့ဘူးလေ။ အဲမယ် ဒါတော့ မဆိုးဘူး။ မောင်ဘီးတပည့်လေ ဒီလောက်တော့နပ်တာပေါ့။ ဒါနဲ့ကက်ဆက်ကိုလှမ်းပိတ်လိုက်ပြီးနားထောင်တော့ အစောကဗုံသံထွက်တုန်းဘဲတဲ့။ ထွက်မှာပေါ့ အဖေကဒေါသထွက်လို့ အနော်က ဆက်တိုက်တွေ ခေါ်နေတာကိုး။ ဒါကို ကျေးဇူးရှင်က ဘယ်လိုထင်တယ်ထင်သလဲ။ FM ရေဒီယို မိပြီးလာနေတဲ့ ဗုံသံဆိုပြီး ပိုတောင်ပျော်သွားသေးဆိုဘဲ။ ring tone ဟေ့ အဲဒါ ring tone ဟ ငါ့နယ် နော်။ သူ့လက်ထက်ကျမှ ring toneကို FM တောင်ဖမ်းမိနေသေး။ ဒီလိုနဲ့ ကျွန်တော့် ဦးလေးအိမ်ရောက်လို့ ကားစက်သတ်တာတောင် ဒီဗုံသံ ကြားရပြန်ရောတဲ့။ သေချာပြီ ဒါ သူ့ ကို သရဲခြောက်ပြီပေါ့။ နောက်မှ ကားပေါ်ကဆင်းပြီး အသံလာရာသေချာကြည့်တော့ ကျွန်တော်ဖုန်းကို တွေ့တာတဲ့။ ဖြစ်ရမယ်။ တော်သေးတာပေါ့ တွေ့သေးလို့။ ဒီကျမှသူ့ကိုသူ သဘောကျပြီး ပြန်တောင်ရီနေသေးသတဲ့။ ဖုန်းတွေ့တော့တခါ ဘာဖြစ်တယ် ထင်သလဲ။
အဲဒီတုန်းက ဦးလေးတို့တိုက်က ၁၀ထပ်ဆိုတော့ ဓတ်လှေကားနဲ့တက်ရတယ်တဲ့ဗျ။ ဒါနဲ့ ဖုန်းကို ကျွန်တော့ဦးလေးကိုပြမယ်ဆိုပြီး အင်္ကျီအိတ်ကတ်ထဲ အကျအနထည့်လာလိုက်တယ် တဲ့။ ဓတ်လှေကားထဲလည်းရောက်ရော ခုနဗုံသံနဲ့အတူ ဖုန်းကအော်ပြန်ရော။ ဘယ်လောက်တောင်လဲဆိုတော့ ဒီကောင်က ဖုန်းမြည်တော့လည်း ကိုင်မှမကိုင်တတ်တာ။ ဓတ်လှေကားပေါ်က လူတွေကတော့ သူ့ကြည့်ပြီးရီမှာပေါ့။ ဒီလောက်ဖုန်းလာနေတာ မကိုင်ဘဲ ဘာလုပ်နေလည်းပေါ့။ သူလည်း ရှက်တာနဲ့ မျက်နာကိုလက်နဲ့ကွယ်ထားရတယ်တဲ့။ အဲလိုပါ ဆို။ ဒါနဲ့ အပေါ်ရောက်တော့လည်း ဦးလေးက တခါးသော့ခပ် ပြီးဘယ်သွားမှန်းမသိ။ ဗုံသံကလည်းထွက် ကိုင်ကလည်းမကိုင်တတ် စဉ်းစားသာကြည့်။နောက်ဆုံးတော့ ဖုန်းလည်း battery ကုန်ပြီး ရပ်သွားတယ်ထင်ပါတယ်။ဘာသံမှမလာတော့ဘူးတဲ့။လာမှာဆိုလို့တောင် ဓတ်လှေကားမစီးတော့ဘဲ လှေကားကဘဲ ဆင်းခဲ့တော့တယ် တဲ့ဗျာ။ အဲဒါ ကျွန်တော့ကောင် ငမင်း လေ။


ဒီအဖြစ်အပျက် ကိုပြန်ပြောရင်အခုချိန်ထိ ရီချင်တုန်းဘဲ။ အဲဒီထဲက ငမင်းကိုတွေ့ရင် ကျွန်တော့်ဘော်ဒါတွေက IC ငမင်း တဲ့။ ဟီး။ ကျွန်တော် လည်း ဖုန်းဆိုဘဲတော့မှ ring tone ကို ဗုံသံ မထားတော့ဘူး။
အော် ...တချိန်တုန်းကတော့ ဒုက္ခ ဒုက္ခ ... အခုတော့ ဟာသပေါ့ဗျာ။

ကြိုးစားပါဦးမည်။
မောင်bee

8 comments:

ဖိုးဂျယ် said...

အော် ဖြစ်ရမယ် ကြံကြံဖန်ဖန်ဗျာ
တဂ်ဆိုတော့ ရေးရမှာပေါ့
စဉ်းစားဦးမယ်နော် အနည်းငယ်တော့
ကြာမယ်ထင်တယ်

Anonymous said...

အဲဒါပေါ့ဗျ လယ်ထွန်သွားနွားမေ့ဆိုတာ။ကိုယ့်ဆရာနဲ့ ငမင်း အဖြစ်ကလဲ ဗျာ....။သူ့ဟာသူမေ့တာ ကိုယ်တွေပါ ဆွဲထည့်တယ်။
ဘာရေးရမှန်းမသိလို့ ညစ်နေရတဲ့ အထဲ
ရေးတော့ ရေးမယ်ဗျာ ခဏစောင့်။

NangNyi said...

ရယ်ဖွယ်.. အင်း.. တဂ်ထားတယ်ဆိုတော့ ညီညီလည်း အဲလိုရယ်ဖွယ်တစ်ခု အပူတပြင်းစဉ်းစားရတော့မှာပေါ့လေ.. လာမယ် လာမယ်.. နည်းနည်းကြာမယ်ပေါ့နော်

မောင်ရှင်းသန့် said...

ကိုဘီးရေ ကိုICမင်း ကိုပြောလိုက်ဗျ နောက်တစ်ခါ ဖုန်းမြည်လာရင် ကုလားဆိုင်သာပို့လိုက်လို့ ဟီဟိ :P

အကိုဘီးက တက်ခ်တော့လည်း ရေးရချီသေးရဲ့
ဒါပေမယ့် ကျနော့် ဒုက္ခ က ကားသော့ပျောက်တာတို့ ၊ ဖုန်းမေ့တာတို့မဟုတ်ဘူးဗျ ။ ဘာလို့လည်းဆိုတော့ တစ်ခုမှ မရှိလို့ :P
ဘက်စ်ကား စီးတာ တို့ P.C.O မှာ ဖုန်းပြောတာတို့ပဲရှိတယ်ဗျ ။

သံလွင် HeRo said...

တက်ခ်တဲ့............ဗြဲ...
ချာမေးပွဲဖင်နားကပ်နေပါပြီ
ချိုမှတက်ခ်ရက်တယ်...
အောက်ကလူတွေပြီးရင်
ရေးပါ့မယ်...
မကြာမီ လာမည် မျှော်.........................

chanye` said...

ဒုက္ခကိုစဉ်းစားလို့ကိုမရဘူးဖြစ်နေတာ..
ပျော်စရာတွေပဲ မှတ်မိတယ် :D

သက်ပိုင်သူ said...

လာလည်သွားတယ်... နန်းညီကို.. ဘယ်သူမီးစမွှေးတာလဲလို့လာကြည့်တာ.. အဟီး

ခေါင်ခေါင် said...

ဖစ်မှ ဖစ်ရလေ.. ကိုဘီးရဲ့... အဖြစ်အပျက်တွေကလည်း.. ရီနေရတာကြီးပါလား....

ရေးမယ် ဗျို့...