Wednesday, December 24, 2008

X mas ည unplugged show




ချမ်းအေးတဲ့ ဒီဇင်ဘာ ဆောင်းနဲ့အတူ ပျော်စရာကောင်းတဲ့ X mas ချိန်ရောက်ပါပြီ ။ ဒီလိုချိန်ဆို မောင်bee တို့ အိမ်မှာလူစုံသက်စုံ ဘဲ၊ ရွှေချို၊ချီးချီး၊ ချစ်လုံး၊ဘောလေး စတဲ့မောင်ဘီးဘော်ဘော် တွေ စုံစုံလင်လင် ကိုရောက်နေကြပြီ။ ပြီးခဲ့တဲ့ တပတ် ကျော် ကတိုင်ပင်ထားတဲ့ planအတိုင်း အိမ်ရှေ့ မြေကွက်လပ်မှာ Unplugged ဝိုင်းလေးတီး ပြီး ကဲကြမှာ ဖြစ်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင်တော့ ဘာမှတော့မဟုတ် X masအကြောင်းပြပြီး လိုင်စင်ရ သောက်ကြစားကြ မည်ဖြစ်သည်။ ရာသီဥတု ကလည်း ချမ်းချမ်းအေးအေး နဲ့ကို့ ဘက်မှာရှိတော့ ကွက်တိဘဲဗျာ။ ချစ်လုံး ကတော့ သူဝယ်လာတဲ့ HC 0.75 ကို ကြည့်ပြီးကျေနပ်နေလေရဲ့။ ရွှေချို တကောင် က သူ့ကိုသူ ချစ်စန်းမောင် လိုလို patronကို ပါးစပ်မှာကိုက်ပြီး တီးမယ့် guitar တွေကြိုးညှိ နေတယ်။ ကျနော် နဲ့ ဘောလေးကတော့ ထုံးစံ အတိုင်းမီးဖိုးချောင် မှာ အလုပ်ရှုပ်နေတာပေါ့။ ဒီလိုနဲ့ ဘော်ဘော် တွေ တက်ညီလက်ညီ ပြင်ကြဆင်ကြရင်း ညဦးပိုင်း လောက်မှာတော့ ကျနော တို့ Unplugged ဝိုင်း လေးစဖို့အဆင့်သင့်ဖြစ်နေပါပြီ။ ဒီနေရာ မှာ Unplugged ဝိုင်း ဆိုလို့ အထင်တော့မကြီးနဲ့။ ကြိုးမညီတညီ ညှိထားတဲ့ guitar အဟောင်း၂လုံး၊ပြီးတော့ သီချင်းတပုတ်ကို စဆုံး မရတဲ့ လူ ငါးယောက်၊ Home made လက်ဖက်သုပ်နဲ့ကြက်ဥကြော်၊ မြေပဲတထုပ်၊အရက်ပုလင်းတလုံး ပြီးပြီလေ ဘာလိုသေးလဲ။

" လက်( စ်) စ် စတက် သယ် ရှိုး( စ်) စ် "

ဘောလေး က အောင်ကိုလတ် အထာနဲ့ထပြီး အော်လိုက်ရာ တဝိုင်းလုံး ရုတ်တရက်ကြောင်ပြီး မှင်သက်သွား၏၊ အကြောင်းမှာ ဘောလေး မပီတာလား အပီလွန်ပြီးပြောတာလားတော့မသိဘူး။ ပါးစပ်က တံတွေးစက် သုံးလေးစက်ခန့်ထွက်ပြီး ချစ်လုံး သောက်မည့်အရက်ခွက် ထဲ တန်းနေအောင်ဝင်သွား သည်ကိုး ။

"ဝါး "

ရီ ပြီ။ တ ဝိုင်းလုံး ဘောလေး ကိုတလှည့် ချစ်လုံး ကိုတလှည့် ကြည့်ပြီး အူလိမ့်နေအောင်ရီ သည်။ရီမယ် ဆိုလည်းရီချင်စရာ ချစ်လုံး ခမျာ သူ့ခွက်ကို သူ မျက်လုံးလေးကလယ်လယ်ဖြင့် ကြည့်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတာကိုး။ ပြီးမှ

"ခွေးကောင် ဘောလေး၊ ပွဲစတာဒီတိုင်းစ ပါလား ဟ၊ ခုတော့ ၅၀၀ ဖိုးလောက်ပါ သွားပြီ" ချစ်လုံး က လှမ်းဆဲ၏ ။
ကျနော တို့ဆိုအရယ်လွန် ပြီး ခုံအောက်ရောက်သူကရောက်နေပြီ။ပြီးမှအရယ်ရပ်အောင်မနည်းပြန်လုပ်ယူရတယ်။
ချစ်လုံး က မကျေမနပ်တဲ့ လေသံနှင့်.

"ကဲကဲ စတော့ကွာ မင်းတို့စမှ ငါ လည်း အေးအေးဆေးဆေး သောက်ရမှာ"

" လာ လာ ချီးရား( စ်) "

"Merry X mas "

ခွက်များပြိုင်တူ ကိုင်ကာ မော့ချလိုက်ကြသည်။တဆက်တည်းမှာပင်. 1 2 3..4

~~ ကိုချစ် ဖူးခဲ့ တဲ့ ဟိုး အရင်ချိန်ကမင်း ဟာ သိပ်ပြီး ကြည့်လို့ကောင်းတာ ~~~

ရွှေချို က တီးနေကျ အဲလက်(စ်) ၏ သက်ဆုံးထိ သီချင်းကို ခပ်မြူးမြူးလေး တီးပြီး

သံပြိုင်ဝိုင်းဆိုကာ X mas ည Unplugged ဝိုင်း ကန့်လန့်ကာ ဆွဲဖွင့်လိုက် ကြတယ်။
ဘယ်သူဆိုဆို မဆိုဆို ချစ်လုံးကတော့ သူ့ HC ကို သူ တခွက်ပြီးတခွက် ဖြိုပြီး ကျေနပ်နေသည်။

ဒုတိယအနေနဲ့ ဝိုင်ဝိုင်း ၏ ဖြေသိမ့်လိုက်, ပြီးနောက် မျိုးကျော့မြိုင် ရဲ့ ကာရံလေး
ဒီလိုနဲ့တပုတ် ပြီး လိုက် တခွက်သောက် လိုက် နဲ့ အရှိန်တက်လာလိုက် တာ ခုနှစ်ပုတ်မြောက် big bagရဲ့ "မင်းမရှိ နေ့များ" ရောက်တော့
တီးတဲ့ ကျနော် နဲ့ရွှေချို လည်း လက်ကွက်တွေမမှန်တော့၊ လိုက်ဆိုတဲ့ သူတွေလည်း

" မင်းမချိနေ့ညား ရယ် ၊တိတ် တတ် တွေ တတယ်" တွေဘာတွေ ဖြစ်နေပြီ။
မမူးခံ နိုင် မလား ? တက်ညီလက်ညီ ဝိုင်းဖြိုလိုက်ကြတာ ရှိတဲ့ပုလင်းလည်း ဖင်ကပ်ကျန်တော့တယ်။
အဲဒီမှာ အစောက တချိန်လုံးငြိမ်နေတဲ့ ချစ်လုံးက လက်ကလေးထထောင်ပြီး လေးဖြူ အိုက်တင်နဲ့

"အားလုံး မတ်တပ်ရပ် ပေးလို့ရမလားမသိဘူး"

မူးနေပြီ ဆိုမှတော့ ဘာသိတော့မှာလဲ။ ထဆိုတော့ ထပေါ့။ အားလုံး ဒရိမ် ဒရိုင် နဲ့ ရောယောင် ထရပ်ရုံ ရှိသေး။

" ဒူးကော ထောက်ပေးလို့ရမလားမသိဘူး" (တိန်)

" ဟမ် " ဘာလဲ ဟ။ မတ်တပ်ရပ်တာကထားပါတော့ အခု ဒူးပါထောက်တဲ့ သေပြီ။ ဒီ ကောင် ကတော့ စားပြီထင်တယ်။ မထောက်ပြန်ရင်လည်း "မင်းတို့က ဘော်ဒါချင်း ငြိုငြင်တာ လား "ဟု ကျေးဇူးရှင် က မျက်စောင်းကြီးထိုးပြီး ပြောဦးမယ်လေ။ ဆိုတော့ ထူးဘူး ဆိုပြီး မူးမူးနဲ့အားလုံးပြိုင်တူ ထောက်ချလိုက် ရတော့တာပေါ့။ ရွှေချိုကြည့်တော့ သကောင့်သားက မူးလို့ဒူးထောက် ရုံတင်မဟုတ်ဘူး။ လေးဘက်ပါ ပစ်နေပြီ။
ချစ်လုံးက ဆက်ပြီး ပီတီတီ နဲ့


" ဟုတ် ကဲ့ အားလုံး Ready ဆိုရင် အ နော သီချင်း တပုတ်ဆို ချင်ပါတယ် "

ကြားကြားချင်း အစောက မူးပြီးဒူးထောက်တဲ့ လူတွေ တွန့်သွားတယ်။ တွန့်တာလည်းမလွန် ဘူး။ ချစ်လုံးဆိုတဲ့ကောင် က သီချင်းတပုပ် မပြောနဲ့ ကဗျာတပိုက်တောင် သံနေသံထား မှန်အောင်ရွတ်နိုင်တာ မဟုတ်ဘူး။အဲလိုပါရမီ ရင့်သန်တဲ့ကောင် က ရုတ်တည်နဲ့ သီချင်းတပုတ်ကို တယောက်တည်း ဆိုမယ် ဆိုတော့ တွန့်လဲတွန့်ချင်စရာ။

"ငဘီး ရော့ တီးကွာ ငါကြိုက်တဲ့ သီချင်း " ဆိုကာ ကျနော်ကို guitar ကြီးထိုးပေးပါရော။ ကဲ တီးရတော့မှာပေါ့ ပြောလို့လည်း ရမှာ မဟုတ်ဘူးလေ။ "1 2 3 4"

"အ တူ သွား အ တူစား ကာ ပျော်ပါးခဲ့ ဖူး တာ ပြန်တွေးလိုက် တိုင်း မင်း အနား ရောက် လာ"

အ မယ် သူ့ကိုသူ အာဇာနည် လိုလို ဘာလိုလို မျက်လုံးမှိတ်ပြီး ဖီး အပြည့် နဲ့ ဟဲ နေ တာ, ဟဲ နေ တာ

ဟိုးက ကြားရင် သေလောက်တယ်.

တကယ် တော့ သူဆို နေတာက တခြား။ ကျနော် တီး တာက တပုတ်ဗျ။ ကိုလည်းတီးချင်ရာတီး သူလည်းဆိုချင်ရာဆိုဘဲ။ စဉ်းစားသာကြည့် ဘယ်လိုဆိုနေလဲ ဆိုတာ။ မူးနေတော့ သူ့ဟာနဲ့သူတော့အံကိုကိုက်နေ တာဘဲ။ ဒီကြားထဲ ဟိုက စာသားမရလို့ စဉ်းစားနေတာကို ချီးချီး ဆိုတဲ့ကောင်က ဘုမသိဘမသိနဲ့ ပြီးပြီ ထင်ပြီး ဝမ်းသားအားရလက်ခုပ်ထတီး သေးတယ်။မြန်မြန်ပြီး အေးရောတဲ့။ အားပေးတာ ပြောပါတယ်။

ဒီလိုနဲ့........"ကျနော်တို့ နောက်ဆုံးအနေနဲ့ Xmas ညကို Xmas song နဲ့ နူတ်ဆက်ခွင့်ပြူပါ ခင်ဗျာ"

တကယ်တော့ ပြောသာပြောတာ x mas song ဆိုတာတကောင်မှရတာမဟုတ်ဘူး ။ ကိုနဲ့ လည်း ဆိုင်မှမဆိုင်တာ။ ဒါပေမယ့် မောင်ဘီး ဘော်ဘော်တွေလေ, သိတယ် မဟုတ်လား? ရအောင်တော့ ဆိုဖြစ်အောင် ဆိုလိုက်သေးတယ်။ ဆိုတဲ့ သီချင်း ကိုကြည့် ဦး...

"Merry X mas to you all ! "

~~ဤအိမ် ပေါ်သို့ကောင်းချီး မင်္ဂလာ ရောက် စေသော် ~~ရောက် စေသော် ~~~

~~ဤအိမ် ပေါ်သို့ကောင်းချီး မင်္ဂလာ ရောက် စေသော် ~~ရောက် စေသော် ~~~

~~~ကျန်းမာပါစေ ~~~ချမ်းသာပါ စေ ~~~

ကျေးဇူးတင်ပါသည် မိတ်ဆွေများ~~~မိတ်ဆွေများ~~

အဲလိုကောင်တွေပါဆို ....................


ကြိုးစားပါဦးမည်။
မောင်bee

Monday, December 22, 2008

တောင်းပန်စာ

မင်္ဂလာပါ ခင်ဗျား။

ပထမ ဦးစွာ မောင်bee blog ကို မအားတဲ့ကြား က လာလည်ကြ တဲ့ blogger ဦးဦး၊ဒေါ်ဒေါ်၊ ကိုကို၊ မမ နဲ့ညီ ညီမလေး များ၊ မောင်bee တင်သမျှ post များကို မညည်းမညူ ဖတ်ပြီး မိုက်တယ်၊ ဆက်လုပ် ၊ ထင်တောင်မထင်ဘူး စသဖြင့် ကောင်းကောင်း မကောင်းကောင်း,ကြိုက်ကြိုက် မကြိုက်ကြိုက် မြောက်ပင့်အားပေးကြသော ဘော်ဘော်များ အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေ ခင်ဗျား။( ဟုတ်သော်ရှိ မဟုတ်သော်ရှိ မောင်beeလည်း ဒါလေးတွေဘဲ အားထားနေရတာ )

ဒုတိယ အနေနဲ့ လည်ရင်းပတ်ရင်း လမ်းကြုံ လို့ဘဲဖြစ်ဖြစ်၊မျက်စိလည် လမ်းမှားလို့ဘဲဖြစ်ဖြစ် အလည်ရောက် လာကြတဲ့ ဧည့်သည်တော်များ ကိုလည်း ကျေးဇူးတင်ပါတယ် ဗျာ။ နောက်လည်း လမ်းမှားကြပါစေ အဲ လာလည် ကြပါလို့ဖိတ်ခေါ်ပါတယ်။
နောက်ဆုံး အနေနဲ့ commentပေးပြီး တဖုံ သံချောင်း ခေါက်ပြီး တခါ အကြံပြုပေးကြသော မိတ်ဆွေများ၊ အလည် ပြန်ဖိတ်သော blogger ညီအကိုမောင်နမ များကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျား။

အားလုံးက တော့ မောင်bee တယောက် ပျောက်ချက်သားကောင်းလို့ တမျိုးတော့မထင်ကြပါနဲ့။ ကျောင်းပြီး ကတည်းက အလုပ်ရှာနေ ရ လို့စာမရေးနိုင် ဖြစ်၊ ကံအားလျော်စွာ အမေ့ရွာကို ပြန်ခွင့် ကြုံလို့တစ်လကိုးသီတင်း တဝကြီး နေရင်းက bolgလောကနဲ့ အဆက် ပြတ်နေရခြင်းပါ။ လူ မရောက်ပေမယ့် စာရေးချင်တဲ့စိတ်ကတော့ အမြဲရောက် ပေါ့။ ဒီအတွက် အားလုံး အားလုံး ကိုတောင်းပန်ပါတယ် ခင်ဗျား။

အခုအလုပ် မရသေးပေမယ့် အားတဲ့ အချိန်လေးမှာ မောင်bee စာပြန်ရေးပါတော့မယ်။
တဖန် လာရောက်မြောက်ပေးကြဖို့ အဲ .. အားပေး ကြ ဖို့ဖိတ်ခေါ်ပါတယ်။

လေးစားစွာ ဖြင့်
မောင်bee

Monday, October 13, 2008

သီတင်းကျွတ်ပြီဆိုရင်


အော .......ဘာလိုလို နဲ့ သီတင်းကျွတ်ပြန်ပြီပေါ့...


စာရေးသူစိတ်ထဲ သက်ပြင်းတချက်နဲ့အတူ သီတင်းကျွတ်ညရဲ့ ပုံရိပ်တွေအစီအရီ ထင်ဟပ်လာပြန်တယ်။ သက်ပြင်းချဖြစ်တယ်ဆိုတာကတော့ ဒီလိုပါ။အရင်က သီတင်းကျွတ်လောက်တော့ စာရေးသူ မွေးရပ်ကိုပြန်နိုင် ကောင်းမယ်လို့စိတ်ကူးခဲ့မိတယ်လေ။တကယ်လက်တွေ့ကျတော့ မပြန်ဖြစ်ခဲ့ပြန်ဘူး။ ဘာဘဲဖြစ်ဖြစ် ဒီလိုပွဲတော်ချိန်ရောက်ပြီဆိုရင် မြန်မာပြည် မှာရှိနေတုန်းက ဟိုလိုလို ဒီလိုလိုနဲ့ မသိမသာပြီးသွားတတ်ပေမယ့် မွေးရပ်မြေနဲ့ဝေးနေရချိန် မှာတော့မချိအောင် ခံစားကြရပါတယ်။ဒီခံစားချက် ကို စာရေးသူအပါအဝင်မြန်မာပြည်နဲ့ဝေးတဲ့သူတိုင်း ရင်ထဲမှာမလွဲမသွေခံစားရမယ်လို့ယုံကြည်မိပါတယ်။


တကယ်တော့ သီတင်းကျွတ်ချိန်ဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် မမေ့အပ်တဲ့ ဗုဒ္ဓဝင်နေ့မြတ်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရား ဟာ မယ်တော် အမိနတ်သား အား မွေးကျေးဇူးဆပ်ရန် တာဝတိသာတက်၊ တရားဒေဿနာ ဟောကြားပြီးလူပြည်သို့ပြန်အဆင်း လူနတ်ဗြဟ္ဒာ တို့က ဆီးမီးပူဇော် ကြိုဆိုခဲ့တယ် လို့ စာရေးသူ ငယ်ငယ်က "သီတင်းကျွတ်ချိန်"စာစီစာကုံး မှာရေးဖွဲ့ခဲ့တာအမှတ်ရမိပါတယ်။
ဒီ post အတွက် စာရေးသူမောင်bee ကို ထုံးစံ အတိုင်း မမေ့မလျော့ tag တာကတော့ ကိုသံလွင် ပါဘဲ။ ဒါကြောင့် သီတင်းကျွတ်အလွမ်းပြေအဖြစ် စာရေးသူတို့ ငယ်ငယ်က ပျော်ခဲ့ရတဲ့ သီတင်းကျွတ်ညတွေဆီ ခဏတာခေါ်ဆောင်ရင်း......




ငယ်ငယ် က သီတင်းကျွတ်


မောင်bee တို့ ငယ်ငယ် ဘုစုခရုတုန်း က မနက်ဖြန် သီတင်းကျွတ်ဆို ဒီနေ့လို နန့်နေပြီ။ အဲ ပျော်တာပြောပါတယ်။ မပျော်ဘဲ နေမလား .သီတင်းကျွတ်ဆို မောင်bee တို့က လက်ဖျားက ငွေ အလိုလိုသီးပြီ။အခုခေတ် အထာနဲ့ ပြောရရင် လန်းပြီပေါ့ဗျာ။လန်းပုံ ကဒီလိုလေ။ အဖေတို့အမေတို့ နဲ့ဆွေမျိုးအိမ်တွေလိုက် ဟိုးရောက်တာနဲ့တွေ့သမျှ အမျိုးတွေ လာလေရော့ ဆိုပြီး "ဂေါက်-ဂွက် "နဲ့ ထိုင် ကန်တော့ဖြစ်တာ ..(ကြာလို့ ...ဟီဟီ )


အမယ် တထောင်ဆိုလည်း ဟုတ်တယ် နှစ်ထောင် ဆိုလည်း ဟုတ်တယ်။ မောင်beeတို့လန်းပုံများ ကြွားပြောတာတော့ မဟုတ်ဘူး နှစ်အိမ်သုံးအိမ် ကူးရင် တော်တော် ခိုင်နေပြီ။ဒါကဆွေမျိုးတွေ။ မဟုတ်ဘဲ နည်းနည်း စိမ်းတဲ့သူတွေဆိုရင် မုန့်ဖိုးပေးရင် စာအိတ်ကလေးနဲ့၊အဲဒီမှာ ရင်ခုံရတာ .
စာအိတ်ထဲက တစ်ထောင်တန် ထွက်လာ လို့က တော့ မောင်beeတို့ ဒွန့်ပြီ။(ပျော်တာပြောပါတယ်)
ပြီးတော့ မုန့်ဖိုးပေး တဲ့အန်တီ ကြီး ကျန်းမာပါစေ ချမ်းသာပါစေ ပေါ့ ဆုတောင်း တောင် ပေးလိုက်သေးတယ်။
အဲယောင် လို့ စာအိတ်ထဲ က တစ်ရာတန် တို့နှစ်ရာတန်တို့ မထွက်လာနဲ့။ ဒီလူကြီးက ကတ်စီးနဲ ကြီး။ အဲဒါကြောင့် မိန်းမ မရတာ စသဖြင့် ကျိန်စဲတော့တာဘဲ။ (ဟီဟီ မေတ္တာ ထားတာပြောပါတယ်) ငရဲကတော့ ကြီးမှာ ၊ ခလေးဆိုတော့ လည်း ဘယ်သိမှာလဲ မကျိန်ဆဲစေချင် များများပေးပေါ့ ...... နော့ ။


ဒီလို ငွေသီးပြီဆို ရင် ဘာလုပ်လဲ။ ရှိတာလေးစု ပြီး အမေနဲ့အဖေ ကို ကန်တော့ ...အဲ ... အဲလို ထင်ရင် မှားမယ် လို့။ ရသမျှပိုက်ဆံ ကို အဲဒီတုန်းက ပေါ်တဲ့ ဗျောက်အိုး၊မီးရှူး၊ မီးပန်း မှန်သမျှ တရုတ်တန်းတို့၊ရန်ကင်း စင်တာရှေ့တို့မှာဝယ် .........ပြီးရင် ဘေးအိမ်တွေအိပ်မရအောင် ဖောက်တာ။
မှတ်မိသေးတယ် အဲတုန်းက ရပ်ကွက်လူကြီးက မောင်bee ရဲ့ ဦးလေး။ပွဲကိုပြီး ရော....ပြောမဲ့လူကိုမရှိတာ.
တဖန် မီးပုံပျံတွေ လွှတ်၊ပြီးရင် အဲဒီ မီးပုံးပျံ တက်တာ ကို နာဆာ က ဂြိုတ်တုတက်သလို ကြည့်ပြီး အချင်းချင်း ပွေ့ဖတ်လိုဖတ် ကျေနပ်နေ ကြတာ။ ဟီ ဟီ. (အဲဒါကြောင့် ကလေး ဘဝဘဲ ကောင်းတယ် ပြောတာ)
မကျေနပ်လို့လဲ မရဘူးဗျ။ မှိုင်းမဝဘဲ လွှတ်မိလို့ ပြန်ကျပြီး အုန်းပင်တွေ မီးစွဲတာ က အလုံး ပေါင်းမရေနိုင်ဘူး။
ထားပါတော့ ဒါက ငယ်ငယ် က သီတင်းကျွတ်...


ကဲကြခုန်ကြ သီတင်းကျွတ်ည


နည်းနည်း ကြီးလာတော့ ငြိမ်သွားသလား။ မထင်နဲ့ အဲဒီမှာ ပိုကိုဆိုး တာ.
မောင်bee တို့ဆယ်တန်း အောင်တော့ အိမ်ကကား ကို အဖေက တက်မောင်းခွင့်ပေး ပါတယ်။ အဲဒီမှာ ပွဲသိမ်း တော့တာဘဲ။ ဒီတခါ လန်းပုံက ကျ တော့ ငယ်ငယ် ကလို ဟုတ်တော့ဘူးလေ။အရင်လို တအိမ်ဝင်တအိမ်တက် သိသိမသိသိ ဖင်ဗူးတောင်းထောင် ကန်တော့ပြီး စပ်စပ်ဖြီးဖြီး နဲ့မုန့်ဖိုးတောင်းတဲ့ technic ကကျန်ခဲ့ပြီလေ။(လုပ်ရဲရင် လုပ်လေ မုန့်ဖိုး တော့ ရမှာ မဟုတ်ဘူး အကန်ခံရမှာတော့ ဒဲ့ ရှူဝါး ဘဲ)ဒီတခါ ကျတော့ ဘိုလည်းကျလို့ရ၊နည်းနည်းလည်း လန်း မယ့် ဆွေမျိုးနှစ်ယောက်လောက် ကိုရှာ၊
ပြီးရင် အဲဒီကို သူငယ်ချင်းတွေနဲ့အပြွတ်လိုက် အိမ်ပေါ်တက်ပြီး money ဖမ်တာများ ..
ဟို ရုပ်ရှင်ထဲက ရွာထဲ ကို သူပုန်း တွေဝင် ပြီး အနုကြမ်းစီးတာ ကြည့်ဖူးတယ် မဟုတ်လား?
အဲဒါကမှ ဒါထက် ညင်သာသေးတယ်။ ( :P တော်တာ ပြောပါတယ်)


ဒီလိုနဲ့လန်းပြီ ဆိုရင် ကားတစီးနဲ့ရေကျော်ပွဲဈေး ကို သွား ပြီး ဘူးသီးကြော်စား talkie ပွါး ဒါမှမဟုတ် ရန်ကင်းစင်တာတို့ ဒဂုံ စင်တာတို့ သွား ကောင်မလေးတွေတွေ့ ရင် ~ ~ ရှိတ် တာ တာ ရှိတ် ~ ~
ဒါမှမဟုတ် လည်း မြရိပ်ညို တို့ Hotel nikko တို့က စတိတ်ရှိုး ပွဲ သွား ကဲကြခုန်ကြ ..
ကောင်းကင်ကို မော့ကြည့်တော့ မီးပုံးပျံတွေအစီအရီ
အား ...ဘာပြောကောင်းမလဲ?


ပျော်စရာ တကယ်ကောင်းတာ ပါဗျာ။ ခုချိန် မှာတော့ ဒီပျော်စရာပွဲတော် ရဲ့ ဝေး တနေရာမှာမောင်bee တို့လန်းဖို့ နေနေသာ မဂွမ်း အောင် မနည်းလုပ်နေရတယ်။ အော... ဘဝ ....ဘဝ ဆိုးတာ ပြောပါတယ်။

မောင်bee လိုဘဲ မွေးရပ်မြေနဲ့ဝေးနေကျသော သူငယ်ချင်းတွေလည်း တချိန်ကသီတင်းကျွတ်ည တွေ ကိုလွမ်းရင်း .............. :( ရွှတ် ...... ရွှတ် (ငိုသံ)


P.S . ကိုသံလွင် ရေ တာဝန်ကျေပြီနော်၊ သီတင်းကျွတ်မှာမကန်တော့နိုင်တဲ့ အဝေး က စာရေးသူမိဘနှစ်ပါးကို ဒီpost နဲ့ ဦးခိုက်ရင်း ......

ကြိုးစားပါဦးမည်။
မောင်bee

Saturday, October 11, 2008

အငိုမရပ်တဲ့ည


အဲဒီညကပေါ့......
အယောင်ဆောင်မိုးတိမ်တစုံ၊
ဒြပ်မဲ့မီးတိုင်တတိုင်
ပြီးတော့ သည်းချေပျက် နာရီတလုံး
ငါနဲ့အတူကျဆုံးခဲ့တယ်
ဒါတောင်သက်တံ့ က copyဆွဲကောင်းတုန်း။

မျက်ရည်၊မာန၊ဒဏ်
ယုံကြည်ခြင်းအပိုင်းအစတချို့
ကြက်ဥစီတဲ့ဗန်းပေါ်မှာ
ပက်လက်မှောက်ခုံ
တိုးတိုးတိတ်တိတ်
ဒီလိုနဲ့........
ဗန်ဂိုး ကို Gray scale ပြောင်းရေး လိုက်ကြတယ်။

အဲဒီညကပေါ့......
သူငိုတယ၊်
ငါငိုတယ၊်
အရောင်တွေငိုတယ်

ထားလိုက်ပါတော့ဆိုမှ........
ညက ပါ လိုက်ငိုတယ်။


ကြိုးစားပါဦးမည်။
မောင်bee

12.10.2008

Wednesday, October 8, 2008

မောင်bee နှင့် မွေးနေ့ပွဲ (၂)

(မောင်bee နှင့် မွေးနေ့ပွဲ ပထမပိုင်းမှ)

သူလည်းသူမအလိုကျ မျက်လုံးမှိတ်ပြီး သူမရဲ့ birthday present ကို ရင်ခုန်စောင့်စား နေလေရဲ့ .......


သူ၊ သူမ
နှင်းဆီဖြူတပွင့်
ဝိုင်နီတခွက်
ရင်ခုန်၊ နူတ်ဆိတ်..........
ပျားရည် နူတ်ခမ်းတစုံ......

.....................
~ ပျားရည် ~~ ပျားရည် ~~ ပျားရည် ~~
........ .............
buz ..buzz .. buz... buzzz
.............. ......
"အာ......အရေးထဲမှဘယ်က ဖုန်းလဲဟ" ရေရွတ်နေစဉ်မှာ ပင် .......

"မောင်bee.... ဟေ့ကောင် မောင်bee..... ဟေ့ကောင် ..ထတော့လေ"

ဟာ ...သွားပြီ။ အိပ်မက် တဲ့ ..ကုန်ပါပြီဗျာ။
သိနေသည့်တိုင် အောင် မျက်လုံး ကိုမှိတ်ထားဆဲ..
honey ...နတ်သမီး.... ဟင်....ဘယ်ရောက်သွားပြီလဲ ဂျ... အဟင့်
ရှိတော့ဘူး ဘာဆိုဘာမှကိုမရှိတော့တာ
နှင်းဆီဖြူလည်း ရှိတော့ဘူး။
ဝိုင် ခွက်မပြောနဲ့ နို့ဆီခွက်တောင်မတွေ့တော့ဘူး။
dinnerလည်းပျောက်ပြီး ဒင်နက် တောင်မကျန်တော့......

"တောက်" ... "ဘာလို့လာနှိုး တာလဲဟ ဒီမှာကောင်းခန်း ရောက်နေတာ ...... သေပါပြီကွာ"

ရုတ်တရက် ထအော် သော ကျနော့်ကို ရွှေချို က ကြောင်ကြောင်စီစီနှင့် ကြည့်ပြီး

"ဟ ...... ညက ပြောတော့ မင်းဘဲ မနက်အတန်း ရှိလို့ နှိုးဆို .....မင်း Alarm ကလည်း အော် နေတာကိုး"
ကျနော့် လဲ စိတ်ပေါက်ပေါက်နဲ့
"နှိုးရင် လည်း အရိပ်အကဲ လေး ဘာလေးကြည့်ဦး ပေါ့ဟ။ မင်းသူငယ်ချင်း မောင်bee မျက်နာလေး ပြုံး နေ တာ မင်း မတွေ့ဘူးလား"
" ပြုံးတာ တော့မတွေ့ဘူး မင်းနှုတ်ခမ်း ကြီးဆူပွက် ဆူပွက် လုပ်နေလို့ ငါက ဝက်ရူးပြန်နေပြီထင်တာ"
အမလေး ဗျာ ကောင်းကြသေးရဲ့ လား ဒီမှာ ကောင်းခန်း ရောက်နေတာကိုး ဝက်ရူးပြန်တယ် တဲ့ ဗျာ။ရက်စက် လိုက်တဲ့ကောင်...
"ဟကောင် ထတော့... ပြီးရင် ကျောင်းgo တော့လေ ၊ ငါလဲ လစ်ပြီ "ပြောပြောဆိုဆို နှင့် ကျေးဇူးရှင် က အခန်းထဲမှ ထွက်သွား၏။
ရွှေချို ထွက်သွားပြီး ကျနော်လည်းချက်ချင်းမထသေးဘဲ အိပ်မက် အကြောင်းပြန် တွေးနေမိသည်။
"မွေးနေ့ ...မွေးနေ့... တကယ့် ငါ့မွေးနေ့လေးသာဖြစ်လိုက်ပါတော့"

ဟုတ်ပါသည်။ အပြင်က မောင်bee မွေးနေ့လေးသာ ဖြစ်လိုက်စေချင်သည်။ လူရယ် လို့ဖြစ်လာရင် မွေးနေ့ဆိုတာ ရှိကြမည်သာဖြစ်သည်။ (ဒါတော့ သူပြောမှလား၊ လူပါဆိုမှမွေးနေ့ ရှိတာပေါ့၊မမွေးဘဲ ဘယ်သူ လူဖြစ်လို့ လဲ)ဒါပေမဲ့ ထိုမွေးနေ့ ကို ရောက်တိုင်း မွေးနေ့ပွဲ ကျင်းပဖြစ်သလားဆို တော့ မကျင်းပဖြစ်ပါဘူး။ ဥပမာ လူတယောက်က သူ့မွေးနေ့ကိုနစ်တိုင်း ကျင်းပ ဖြစ်ရင်တောင် လူတိုင်းအတွက်တော့မဖြစ်ပါဘူး။ဆိုချင်တာကတော့ လူတိုင်းမှာမွေးနေ့ဆိုတာ ရှိပေမယ့် အဲဒီ လူတိုင်း ဟာသူတို့ရဲ့ မွေးနေ့ကိုဖြတ်သန်းပုံချင်း တော့ မတူညီပါဘူး။

ထားပါတော့လေ။မောင်bee အကြောင်းဘဲ ပြောကြတာပေါ့။မောင်beeဆိုတဲ့ ကျနော့် က မွေးနေ့ပွဲ ဆိုရင် ငယ်ငယ်ကတည်း က ဆိုက်ကို ဗျ။ မွေးနေ့ ဆိုရင် တခြားနေ့တွေနဲ့မတူဘဲ တခုခုတော့ ထူးထူးခြားခြား ကို ဖြစ်ချင်တာ ။

မှတ်မိသေးတယ် ။ ငယ်ငယ် က အဖိုးအဖွားတွေကချစ် လို့မွေးနေ့ပွဲ လုပ်ပေးတော့ မောင်bee တို့ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ လက်ဆောင် တွေလည်း တပွေ့ကြီး ရ နဲ့ ပြောမနေပါနဲ့တော့ဗျာ။ အဲဒီ နောက်ပိုင်းတော့ မွေးနေ့ရောက်ပြီဆို သိပ်မထူးခြား သလိုပေါ့ဗျာ။ သူငယ်ချင်းတွေ ကို ဒီနေ့ငါ့မွေးနေ့ကွ အိမ်မှာတခုခု လာစားကြ။ လက်ဆောင်လေးလဲ မမေ့နဲ့ ဆိုပြီး ကို့ အစီအစဉ် နဲ့ကိုယ် အိမ်မှာရှိတဲ့မုန့်တွေချ ကျွေးပေါ့။ သူငယ်ချင်းတယောက်ကဆို လက်ဆောင်ပေးတာ lux ဆပ်ပြာတုံး တတုံး... ဟီဟီ ... ကို လည်းအိမ်မှာရှိတာ ကျွေးသလို သူလည်းအိမ်မှာရှိတာယူ လာတာ ထင်ပါ့။မောင်beeလည်းပေးတာယူတာဘဲ၊အလကားရ နည်း မှတ်လို့....ဟီး ဟီး
သို့ပေမယ့်လည်း ဒီမွေးနေ့ကို မောင်bee စိတ်ထဲမပြည့်စုံသလို ခံစားရတယ်။ (အဲဒီမှာ ဆိုက်ကို စတယ်ထင်တာဘဲ)

တခါလည်း အဖေကို ပူဆာလို့ ကြည်အေးမုန့်တိုက် (ဟိုးအရင်က ကမ္ဘာအေးလမ်း ပေါ်မှာအခု sony show room ရှိသောနေရာ၌ ဖွင့်ထားတာပါ) က တန်ရုံသင့်ရုံ ကိတ်လေးတလုံးဝယ်ပေးပြီး အိမ်မှာ သူငယ်ချင်းတွေနဲ့ထုံးစံအတိုင်း မုန့်စားကြရသည်။ ဒါလည်း မထူးခြားသလိုပါဘဲလေ။
တဖြည်းဖြည်း အရွယ်ရောက်လာတော့ ကျောင်းကခင်တဲ့သူငယ်ချင်း တွေကို ဒရိုက်ဘာ နဲ့လိုက်ခေါ်(အဲလိုမှမခေါ် ရင် ကျေးဇူးရှင်တွေကမကြွဘူး)၊ ဆိုင်မှာလိုက်ကျွေး ပြီးရင် အဲဒီတုန်းကဖွင့်ကာစ ကလေးကစားကွင်းတွေ မြကျွန်းသာ၊ တိရစ္ဆာန်ရုံတို့ မှာ လိုက်ကစား နဲ့အချိန်ကုန်တော့တာဘဲ။ ဟိုးအရင်မွေးနေ့တွေ လောက်မခြောက်ကပ်တော့ပေမယ့် ဒါလည်း မောင်beeစိတ်ထဲတော့တမျိုးဘဲ ခံစားမိပြန်တယ်။
ဒီလိုနဲ့တနှစ်ပြီးတနှစ် အသက်တွေကြီးလာရင်း မွေးနေ့တွေကိုလည်း တနစ်ထပ်တနစ် မတူအောင်ဖြတ်သန်း လာလိုက်ပုံများ။ တခါတလေ ဘုရားတက်၊တခါတလေး သူငယ်ချင်းတွေနဲ့ပျော၊်တခါကျတော့ မိသားစုနဲ့ခရီးထွက်၊စုံလို့ဘာဘဲဗျာ။

ဒီလိုနဲ့မောင်bee အသက်နှစ်ဆယ် ပြည့်မွေးနေ့မှာတော့ အတွေးတခုဝင်လာပါတယ်။အဲဒီအတွေးကြောင့်ဘဲ ငယ်ငယ်က မွေးနေ့တွေကို ဘာလို့အလိုမကျဖြစ်ခဲ့ရလဲ ဆိုတာသိလိုက်ရတယ်။အဖြေကရှင်းပါတယ်ဗျာ။ ငယ်ငယ်က မောင်bee ဖြတ်သန်း ခဲ့တဲ့မွေးနေ့တိုင်းဟာ ကို့ကိုယ်တိုင် ဖန်တီးခဲ့တာချည်းဘဲ ဖြစ်နေလို့ပါ။
ဘာနဲ့တူသလဲဆိုတော့ Mr. beanလိုပေါ့။ ကို့အတွက်လက်ဆောင်တခုကို ကိုယ်ကိုယ်တိုင် packingထုတ်ပြီး တအံ့တဩ ပြန်ဖွင့်ကြည့်ရသလိုဗျာ။ ရီစရာကောင်းသလို ၊ဝမ်းနည်းစရာလို့လဲပြောလို့ရပါတယ်။
အဲဒီနောက် ပိုင်းတော့ ကျနော် မွေးနေ့ပွဲ သိပ်မလုပ်ဖြစ်တော့ပါဘူး။ ဒါပေမယ့် သူများမွေးနေ့တွေဆို မပျက်မကွက် တက်ပါတယ်။(ဟီ ဟီ ကောင်းလိုက်တဲ့ မောင်bee နော်)ပြီးတော့ မောင်bee ဥာဏ်မကောင်းပါ၊သို့သော် သူငယ်ချင်း မွေးနေ့တွေကိုမှတ်မိအောင် ကြိုးစားလာတယ်။သူများထက်ဦးအောင် Birthday wish လုပ်ဖြစ်ပါတယ်။ လက်ဆောင်ပေးတာမျိုးထက် မွေးနေ့ရှင် ကို သူ့မွေးနေ့ မှာ အရင့်အရင် မွေးနေ့တွေထက် သာလွန်တဲ့ ထူးခြားမှု မျိုး၊ပျော်ရွှင်မှု မျိုး ဖန်တီး ပေးချင်စိတ်ဖြစ်လာပါတယ်။ သူငယ်ချင်းတွေ တိုင်ပင်ပြီး မွေးနေ့ရှင် မျော်လင့်မထားတဲ့ အခြေအနေမျိုး ဖန်တီး ပေးကြဖူးသည်။ ထိုအပျော်က ရ တဲ့ပီတိလေး ကို တန်ဖိုးကြီး ကိတ်တွေထက် မောင်beeနစ်ခြိုက်နေတတ်ပြီဖြစ်သည်။
အမှန်တော့ မောင်bee ငယ်စဉ်ကရခဲ့ဖူးသည့် ဆိုက်ကို မျိုးမည်သူကိုမျှ မရစေချင်ပါ။ တကယ်တော့ မွေးနေ့ပွဲဆိုတာ လူတိုင်းပိုင်ဆိုင်နိုင်တဲ့ ထူးခြားတဲ့ ပွဲတခုပါ။ နာမည်ကြီး မင်းသမီး လည်းမင်းသမီး အလျှောက်၊အရာကြီး လည်း အရာကြီး အလျှောက် ကျင်းပနိုင်ပါတယ်။ သို့သော် တခါတလေ Mr.beanလိုဖြစ်နေတတ်သည်။
ခုတော့လည်း မောင်bee တယောက် မွေးနေ့ရောက်ရင် တယောက်ထဲလည်းနေတတ်နေပြီဖြစ်သည်။
အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေ ကို ဦးချကန်တော့ရမှန်း သိနေပြီဖြစ်သည်။
တခါတလေလည်း အိပ်မက်ထဲ ကလို မိုးပေါ်ကကျလာတဲ့ ပျားရည်နတ်သမီးလေး နဲ့ အတူ စိတ်ကူးလေး နဲ့ ကျင်းပနေတဲ့ပြီဖြစ်သည်။

~~Happy birthday to you~~
~~Happy birthyday to you~~
~~happy birthday dear all my friends , ~~
~~Happy birthyday.............. to............... youuuuuuu...

မွေးနေ့မှာသူငယ်ချင်းတိုင်း စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းရင်း..

ကြိုးစားပါဦးမည်။
မောင်bee

စာရေးသူ -- ဒီpost ကတော့ ဒီလထဲမှာမွေးတဲ့ သံလွင်, ထိန်ထိန် , kee kee နဲ့ မောင်bee ရဲ့ချစ်လှစွာသော မွေးနေ့ရှင် သူငယ်ချင်းများ အတွက်ပါ။ (နောက်တယောက်ကတော့ မပြောပြဘူး၊အသေသတ်လိုက်)

Tuesday, October 7, 2008

"မောင်bee ရဲ့ ပထမဆုံးများ"

အခု တလော မောင်bee တကောင် သူငယ်ချင်းတယောက် အလည်ရောက်နေလို့ အပြင်တွေသွား နေရတာက တကြောင်း၊ စာရေးမယ် ကြံလိုက် ရင် မိုးလေးအေး လာတာနဲ့ ကွေးချင်နေတာ က တကြောင်း (အမှန်က တော့ အပျင်းကြီး နေတာပါ ...ဟီးဟီး) new post မတင်နိုင် ဖြစ်နေရင်းက blog စရေးဖြစ်အောင်ကူညီ ခဲ့တဲ့(အမှန်က မြှောက်ပေး တာ....) သံလွင်hero က ထပ်ပြီးအချွန်နဲ့မ အဲ ဟုတ်ဘူး တလေးတစား tag လာတာကြောင့် တိုးလို့တန်းလန်း post လေးတောင်မရေးနိုင်ဘူး။ ဒီ tagလေးအရင်လက်စသတ် ဖို့ဖြစ်လာပါတယ်။ မောင်bee တို့လုပ်လိုက်ရင် တန်းလန်း ကြီးဘဲလို့ မထင်ပါနဲ့(post ရေးတာကိုပြောတာ နော် :P ) ဒါလေးပြီးရင်ဆက် ရေးဖြစ်အောင်ရေး ဦးမှာပါ။


ဘာတဲ့ tag က "ပထမဆုံး များ" ကဲစပြီ။ မကောင်းသူထိပ်ကောင်းသူထိပ် ၊လွန်တာရှိဝန္ဒာမိ ပါ ဗျာ။



"မောင်bee ရဲ့ ပထမဆုံးများ"



ပထမဆုံးခင်တွယ်သူ - အမေ

ပထမဆုံးအားကျလေးစားရသူ - အဖေ

ပထမဆုံး ကြိုက်တဲ့သူရဲကောင်း - handy-san-tar-nar ဆိုလားဘဲ၊ ဂျပန် နင်ဂျာ မင်းသားပါ၊

(မောင်bee ငယ်ငယ် က အဖေပုဆိုးကို ခေါင်းမှာ စွတ်ပြီး နင်ဂျာ လုပ်တာ)

ပထမဆုံးတက် သည့်ကျောင်း -ဒေါ်ပန်စီ မူကြို
(အဖေ့ ဘော်ဘော် ရဲ့ အမေ မူကြိုပါ)

ပထမဆုံးရေးတဲ့စာ-ဝလုံး

ပထမဆုံး​‌​ရေးတဲ့ကဗျာ-ဖန်ခွက်
( ဆယ်တန်းတုန်း က ဘော်ဘော်တွေ စုပြီး ကဗျာ စာအုပ် ထုတ်တော့ မင်းလဲတပုဒ် ရေး ဆို လို့ ဝင်ကစ်တာ ၊တကယ်တော့ ဘာမှန်းကိုမသိတာ)

ပထမဆုံး ဂစ်တာတီးတတ်တဲ့ သီချင်း-ဗဒင် ရဲ့ သိပ်ချစ်တယ်ဒီက
(မြင်တယ် စိတ်ကူးထဲလဲ မြင်တယ်~ ~ အိမ်မက်ထဲလဲ မြင်တယ်~~ အဲဒီက နေကိုး မတက်တာ.. :P)

ပထမဆုံးခင်တဲ့သူငယ်ချင်း(ကျား)-ဖြူလုံး
(သူ့ထမင်းဘူး ထဲမှာပါတဲ့ ဘဲဥ ချဉ်ရည်ဟင်း ကို စားချင်တာနဲ့ ကပ်ပေါင်းလိုက်တာ)

ပထမဆုံးခင်တဲ့သူငယ်ချင်း(မ)-သက်ထက်ကျော်
(ဒါတောင် သူကစပြီး လာမိတ်ဆက်တာ)


ပထမဆုံးသောက်သည့်အရက်-mandalay beer
(အဖေ ပုလင်းကို လူလစ်တုန်း ကောက်မော့တာ ၊ ဟဲဟဲ ဘယ်ရမလဲ)

ပထမဆုံးသောက်သည့်ဆေးလိပ်-lucky strike
(အဲတုန်း က TVကြော်ငြာ မှာပါတဲ့ ဆိုက်ကယ် နဲ့ဘဲ ရဲ့ စတိုင် ကို ကြိုက်လို့အိမ်ခေါင်းမိုးပေါ် တက်ပြီး ခိုး သောက်တာ.....ဟီး ဟီး)

ပထမဆုံးရည်းစားရတဲ့နေ့-24 june 2000 (အဲဒါ တကယ့် true ပါ)
(အပျော်လွန်ပြီး လမ်းထိပ်ကိုပြေးတာ ကံကောင်းလို့ ကားမတိုက် တယ်။)

ရည်းစားနဲ့ပထမဆုံးချိန်းတွေ့သည့်နေရာ-Fantasy world
(သူလဲလုပ်ချင်တာလုပ်၊ ကျွန်တော်လဲ ရှက်ရှက်နဲ့ game တွေတခုပြီးတခုလိုက်ဆော့တာ)


ပထမဆုံးအောင်မြင်မှု-​‌​နှစ်တန်းတုန်းက အဆင့်တစ် ရတာပါ
( ဒါတောင် ကျွန်တော်ရှေ့ ကကောင် စာမေးပွဲမှာ အင်းအင်း ပန်းတယ်ဆိုလား ဘဲ)​‌


ပထမဆုံးကျရှုံးမှု-ငယ်ငယ်က လွတ်လပ်ရေးနေ့ အားလူး ကောက်ပွဲ မှာ ရှုံးတာပါ
(ပြန်စဉ်းစားတိုင်း တင်းတယ် ဗျာ။ အမှန်က ဘေးက fatty က ကျွန်တော်ကောက်မယ့် လိုင်းကိုလာ ကောက်တာ။ဒီကကောင် ဘာလုပ်ရမှန်းကိုး မသိဘူး။)

ပထမဆုံးဝါသနာ-ပန်းချီဆွဲတာ

ပထမဆုံးသွားသည့် ခရီး (local)- ငပလီ

ပထမဆုံးသွားသည့် ခရီး (foreign)- Thailand


ပထမဆုံးအရှက်ကွဲမှု- ဘဲဥပုံ စတီးချိုင့် လေ သိတယ်မဟုတ်လား။
(တခါတုန်း က စာသင်ကျောင်း မှာ post တွင်ရှူ)

ဒီလောက်နဲ့ဘဲ ကျေနပ် ကြပါ။ ဆက်ရေးရင် မောင်bee လဲ ငယ်ကျိုးငယ်နာ ပေါ်ပြီး ရစရာရှိ တော့မှာမဟုတ်ဘူး။

ကြိုးစားပါဦးမည်။
မောင်bee

Wednesday, October 1, 2008

မောင်bee နှင့် မွေးနေ့ပွဲ







နေရာကား Hotel ဟု ထင်ရသော ခမ်းနားထည်ဝါ သည်. အဆောက် အဦး တခု၏ လသာဆောင် တွင်ဖြစ်သည်။ ကောင်းကင် က ည၏ ကျက်သရေ ကိုကြယ်မှုံတို့နဲ့ ထွန်းညိုပြီး သူမဟုတ်သလို နေနေသည်။ လသာဆောင်၏ ဗဟို ဟုထင်ရလောက် သောနေရာ တွင် Dinner table တလုံး ကို နှင်းဆီဖြူ တပွင့်၊ဝိုင် တလုံး တို့ ဖြင့် တော်ဝင်ဆန်ဆန် ခင်းကျင်း ထားသည်။ table ပေါ်ရှိ ဖယောင်းတိုင်အလင်းရောင် မှာ ဘေးနားရှိ ရေကူးကန်၏ မျက်နာပြင် တွင် အရိပ်ထင်ဟပ် နေကာ ဘယ်ကမှန်း မသိ သဲ့သဲ့ ကြားနေရသော Richard clayderman ရဲ့ instrumental တေးတပိုဒ် က တိတ်ဆိတ်သောညကို ပြူးစားထားသယောင် လွင့်ပြန့် နေသည်။ ရေကန်၏အစပ် တွင် smart ကျကျ ဝတ်စားထားသော လူရွယ်တဦး ၊အသင့်ယူလာသော leather စီးကရက် holder ထဲမှ 555 တလိပ် ကို ထုတ်ကာ မီးညိုလိုက်သည်။

"ထောက် !" ..........

အနည်းငယ်ဂနာမငြိမ် ဖြစ်နေသောစိတ် ကို ပြေလိုပြေညား စီးကရက်ကို ခပ်ပြင်းပြင်း တချက် ရှိုက်ပြီး သက်ပြင်းနှင့်အတူ ပြန်မှုတ်ထုတ် လိုက်ကာ ဦးတည်ချက်မရှိအဝေး ကို ငေးရင်း ညကိုစီးမျှော်နေလိုက်တယ်။


buz ..buzz .. buz... buzzz


ဘောင်းဘီ အိတ်ကတ် ထဲရှိ mobile ဖုန်း မှမြည်လာသော message ဝင်လာသောအသံကြောင့် ထုတ်မကြည့်သည့် တိုင်အောင် သူမ ရောက်နေ ပြီကို သူသိလိုက်သည်။
သူမ ဆို တာ သူ တခါ မှ မတွေ့ ဖူး သည့်တိုင် အောင်,
သူ နစ်ခြိုက်သည် များကိုအလိုလို သိနှင့်နေသော၊
သူ အိပ်ခါနီး အချိန်တိုင်း "good night" ဟု messageပို့တတ်သော
သူရဲ့ နတ်သမီးတပါး။ ဤနေရာ ကို တဦးတည်း လာဖို့ဖိတ်ခေါ် ထား တဲ့ သူမ.....


လှသည်။ တော်တော် ကိုလှပါသည်။ လေနုအေး တချို့က သူမရဲ့ ဆံနွယ် များကိုဝင် တိုက်ရင်း တလှမ်းချင်းလှမ်း ဝင်လာသော သူမ၏ အလှ ကို ညနဲ့အတူအပြိုင် သီကုံးလိုက်သည်။


သူ ရုတ်တရက် ဆွံအ နေမိ ၏။ သူ အသိဝင်လာတော့ ရေကန် ပက်လမ်း တလျှောက် ပုံမှန်ခြေလှမ်းဖြင့် table ရှိရာသို့ဦးတည် လျှောက်လာလိုက်သည်။ သူမ က ယူလာသော ငွေရောင်စာအိတ်လေးကို စားပွဲပေါ် တင်ရင်း ထိုင်ပါဟု သက်ရောက် သည့် အ ပြုံးတချက် ပြုံးကာ သူနဲ့အတူ ဝင်ထိုင်လိုက်၏။ ပြီးနောက် သူမ က စားပွဲပေါ်ရှိ နှင်းဆီဖြူ ကိုတချက်ကြည့်ပြီး သူကို တဖန် ဝေ့ကြည့်ပြန်သည်။ တဆက်တည်းမှာပင် သူမ ယူလာသော ငွေရောင်စာအိတ်လေး ကို သူထံ ကမ်းပေးလိုက်သည်။


" Honey " တဲ့ လား

စာအိတ် တွင် ရေးထားသော " From Honey "ဆိုသည့် စာတန်း လေးက သူမ၏ နာမည်ကိုဖော် ညွန်းနေသည်။ ပြီးနောက် သူမ က ကစားပွဲပေါ်ရှိ Scottish red ဝိုင်ကို အသင့်ခင်းကျင်းထားသော ဝိုင်ခွက် ၂ခွက် ထဲသို့ဖြည်းဖြည်းချင်း ငဲ့ထည့်လိုက်သည်။


"Honey ရယ် မင်းရဲ့ ပြူမူလှုပ်ရှားမှု တိုင်းနဲ့ တင် ငါ့တဘဝလုံး ယစ်မူးနေပါပြီ "သူ စိတ်ထဲ မှရေရွတ် လိုက်မိသည်။


စာအိတ် ကိုဖွင့်ရန် တပ်ဆင်ထားသော ပိုးကြိုးမျင်ကလေး ဆွဲရင်း တွေ့ ရတဲ့မြင်ကွင်း ကြောင့် သူ အတန်ကြာ မှင်သက် နေ မိတယ်။ စာအိတ် အတွင်းမှာတော့ post card လေးတကတ်။ ထို card လေး မှ စာတန်းလေး ကို အ ကြိမ်ကြိမ် ဖတ်ရင်း ၁၂နာရီ တိတိကို ဖော်ပြနေသော သူ၏ လက်ပတ်နာရီ ကို တလှည့်ပြန် ငုပ်ကြည့်မိတယ်။


" Happy Birthday .... Bee ..... "






ဟုတ်ပါရဲ့ ဒီနေ့ သူ့‌​မွေးနေ့ ရောက်ပြီ ဘဲ။
သူ မျက်နာမှာ တော့ အံ့ဩခြင်း၊ဝမ်းသာခြင်း၊ကြည်နူး ခြင်း၊မယုံနိုင်ခြင်း တို့တလှည့်ဆီ အချိုးကျကျ​‌​ ပုံဖော်နေသည်။


လျှပ်တပြက် အတွင်းမှာတင် ဖယောင်းတိုင် ရောင်စုံ ထွန်းညှိထားသည့်  ချောကလက်ရောင် birthday ကိတ် တလုံးပေါ်လာကာ ပတ်ဝန်းကျင် မှ ထွန်းလင်းထားသော မီးရောင်စုံ များလည်း တဖြည်းဖြည်း မှေးမှိန်သွား သည်။ အစောက သဲ့သဲ့ကြားနေရ သော instrumental တီးလုံး မှာ လည်း birthday song အဖြစ် သူ့အလိုလိုပြောင်းလည် တီးခပ်သွား ပြီး သာယာနာပျော်ဖွယ် စန္ဒားတီးလုံးလေးတွေနဲ့အတူ သူမရော သူပါ အတူတူ တိုးတိုးလေး လိုက်ညီး ဖြစ် ကြသည်။
~ ~ ~ Happy birthday to you ~ ~
~ ~ Happy birthday to you ~ ~
‌​ဒီလိုနဲ့ ဖယောင်းတိုင်မီးမှုတ် အပြီး မှာတော့ ရုတ်တရတ် မီးရှူးမီးပန်း တချို့ ပျံတက်ပေါက်ကွဲ ကာ ကောင်းကင်၌

"Happy Birthday .... Bee ..... " ဆိုသည့် စာတန်း ရှူမငြီးဖွယ်ပေါ်လာ ပြန်သည်။ သူ ကောင်းကင်ကို သူမနှင့်အတူ ငေးရင်း တခါ မှင်သက်နေမိပြန်သည်။ သူမ ကို ကြည့် တော့ ပီတိပြုံးလေး ပြုံးပြီး လျှာလေး တစ်လစ် လုပ်ကာ သူကိုကြည့် နေ၏ ။

"cheers " "ခွင်" ( ခွက်ချင်းတိုက် သံ )
ငဲ့ထားသော ဝိုင် ခွက်လေးကိုမြောက်ကာ ပြိုင်တူ မော့လိုက်ရင်း
တဖန်သူမ က "မွေးနေ့ရှင်ကို present ပေးရဦးမယ်" .......

သူလည်းသူမအလိုကျ မျက်လုံးမှိတ်ပြီး သူမရဲ့ birthday present ကို ရင်ခုန်စောင့်စား နေလေရဲ့ .......



သူ၊ သူမ
နှင်းဆီဖြူတပွင့်
ဝိုင်နီတခွက်
ရင်ခုန်၊ နူတ်ဆိတ်..........
ပျားရည် နူတ်ခမ်းတစုံ......


ကြိုးစားပါဦးမည်။
မောင်bee

( မောင်bee နှင့် မွေးနေ့ပွဲ ဒုတိယပိုင်း သို့.........)

Saturday, September 27, 2008

တခါတုန်း က စာသင်ကျောင်း မှာ










တို့ကျောင်း
~~ ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ ~~
~~ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ~~

အထက်ပါ ကဗျာ လေးကို စာဖတ်သူ ဦးဦး ကိုကို ညီညီ မောင်မောင် မမ တို့မှတ်မိကြဦးမှာပါ။ မှတ်မိဆို ကဗျာ ဆို တာ ဘာမှန်းမသိခင်အရွယ် ထဲက မပီကလာပီကလာနဲ့ ရေရွတ်ခဲ့ကြ ရတဲ့ တို့ကျောင်းကဗျာ လေး မို့ပါ။( အ ခုထိ လည်း သေချာမသိသေး ပါ :P )

ဟိုတနေ့ က ပျင်းပျင်း ရှိတာနဲ့ ဒါရိုက်တာ မီးပွါး ရဲ့" မင်္ဂလာပါ" ဆိုတဲ့ ရုပ်ရှင်ကားကို download လုပ်ပြီးကြည့် ဖြစ်တယ်။ အဲဒီကား မှာ စာသင်စအရွယ် ကလေးငယ် တွေ က ဒီ တို့ကျောင်း ကဗျာ လေး ကို မပီကလာပီကလာ ရွတ်သံ ကြားရ တော့ စာရေးသူ တယောက် ကြက်သီးမွှေးညင်း တောင်ထမိတယ်။ စာရေးသူ ရဲ့အတွေးထဲမှာ ငယ်စဉ် က ပညာနို့ရည် စို့ ခဲ့ရတဲ့ ကျောင်းတော်ကြီးရဲ့ ပုံရိပ်တွေ အစီအရီ ထင်ဟပ် လာတော့တယ်။ ကိုယ်တိုင်လည်း ဟိုးအရင် ကတည်းက သွားရင်းလာရင်း အဖြူအစိမ်း ကျောင်းဝတ်စုံ လေး တွေနဲ့ကလေးတွေ ကို တွေ့ရင် မကြာခဏ ဆိုသလို ငယ်ငယ်တုန်းက ကျောင်းသားဘဝကိုအောက်မေ့ မိတယ်။ ဒါနဲ့ဘဲ ဒီ post လေး ကို ရေးဖြစ်တယ် လို့ဆိုရမှာဘဲဗျာ။

ကမာရွတ် မြို့နယ်ပြည်လမ်း ပေါ်မှာရှိတဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း ဆိုတာစာရေးသူတို့ ငယ်ငယ်ကတက် ခဲ့တဲ့ကျောင်းပေါ့။ ငယ်ငယ် ကဆိုပေမဲ့ သူငယ်တန်း ကနေ ဆယ်တန်း ထိ အချိန်အကြာဆုံးတက် ခဲ့ရတဲ့ ကျောင်းမို့ ဘဝမှာ သံယောဇဉ်အရှိဆုံး ကျောင်းလို့ လဲ ပြောလို့ရပါတယ်။ ကျောင်းက ဆရာ၊ဆရာမ ကို မိဘ ထက် ပိုကြောက်ရသလို၊ သူငယ်ချင်းတွေဆိုလည်း ညီအကိုမောင်နမတွေ ထက်ပိုချစ် ပိုခင်ကြတယ် ။ စာရေးသူဆို ကျောင်းကဆရာ တွေနဲ့ မတွေ့  ဖြစ်တော့ပေမယ့် ကျောင်းမှာလောင်ဖော်လောင်ဖက် သူငယ်ချင်းတွေ နဲ့ အခုချိန်တိုင် အဆက်အသွယ်မပြတ် keep in touchတုန်းပေါ့။

စာရေးသူ တို့ကျောင်း ကို T.T.C လို့ဘဲ လူသိများတယ်။ T.T.C ဆိုလို့ ပြောပြ ရဦးမယ်။ ငယ်ငယ် က My school - ဆိုပြီး essay ရေးရတော့ ကျောင်းနာမည် ရှည် လို့ သိပ်စိတ်ညစ် တာ။ ဘာ တဲ့ မှတ်မိသေးတယ် "Practising school , Institute of Education" ဆိုဘဲ။မှတ်မိမှာပေါ့ အဲဒီ တုန်း က ဆရာမကို ကြောက်ကြောက် နဲ့ အသေကျက် ရတာ။ နာမည်က ရှည်ပြီး စာလုံးပေါင်းတွေ မှတ်ရခက်လွန်း လို့ သူငယ်ချင်း တသိုက် " တောက် ! ကျောင်းနာမည် ကလည် ရှည်လိုက်တယ်ဖြစ် ချင်း" လို့ ဩဘာဝိုင်းပေး ကြတာ မှတ်မိသေးတယ် ။ တယောက်က ဆို "T.T.C လို့ ဘဲရေးလို့မရဘူးလား" သွားမေးမိလို့ ဆရာမ က အထွန့်မတက် နဲ့ဆိုပြီ: အ ရိုက်ခံ လိုက်ရတယ်။ :P
T.T.C ရဲ့အရှည် ကတော့ Teacher Training Collgue လို့သိရတယ်။ ဒါတောင် စာရေးသူ ကိုယ်တိုင်မသိလို့ သူငယ်ချင်း ကိုမေးရတယ် (ဖြစ်ပုံများ) :P

စာရေးသူပထမဆုံး သတိရတာတော့ ကျောင်းဘောလုံး ကွင်းပါ။ ဒီ ကွင်းကတော့ စာရေးသူတို့ အလယ်တန်း ကနေ အထက်တန်း ကျောင်းသားဘဝအထိ ထမင်းမေ့ ဟင်းမေ့ ဆော့ခဲ့တဲ့နေရာပါ။ ( ကုန်ကုန်ပြော ရင် အကုန်ကိုမေ့တာ ) မဆော့ရမှာဆိုလို့ ကျောင်းကိုအစောကြီးသွား ။ ကျောင်းရောက်တာ နဲ့ စာသင်ခန်း ကို မရောက်ဘူး။ဘောလုံးကွင်း ကို အရင် ပြေး၊ လွယ်အိတ်ချ၊ခြင်းတောင်းလွှတ် ဖိနပ်ချွတ် နောက်ဆုံးလုံချည် ဘာအပုံလိုက်လေ ချွတ်ပြီး ဘောကန် ကျ တာ၊ ဘာပြောကောင်းမလဲ။ အဲမယ် တခါတလေ မခန့်တာများ ဟွန်နကချွတ် တဲ့ လုံချည်တွေခြင်းတောင်းတွေနဲ့ ဂိုးတိုင်တောင်လုပ်လိုက်သေးတယ်။

ကျောင်းခေါင်းလောင်း တီးလို့ကျောင်းတက်ပြီဆိုမှ ခြင်းတောင်းတွေလွယ်အိတ်တွေ ဆွဲပြီးစာသင်ခန်းကိုပြေးကျတာ။ မပြေးလို့ကလဲ ဖြစ်ဘူး။ နောက်ကျရင် ဆရာမက ဗျင်းမှာကို။ အပြေးအလွှား ဆွဲပြီးဝတ်လာတော့ လုံချည်တွေ လဲဇောက်ထိုးဖြစ်လိုဖြစ် ဖိနပ်ဆိုလဲ တောင်တဖက် မြောက်တဖက်၊ ဒီကြားထဲ သူဟာနဲ့ကိုဟာ မှားလိုမှား၊ တလွဲတွေ ကြီး ဘဲ။

နောက်ပိုင်း တော့ အဲလို ဖြစ်မှာကြောက်ပြီး ဖိနပ် ကိုလက်မှာစွတ်တဲ့ သူကစွတ်။ ပုဆိုးကို ကွင်းသိုင်းတဲ့ လူ ကသိုင်းပြီး မြင်မကောင်းရှူမကောင်းတွေ ဖြစ်ကုန်ရော။ ပုဆိုးကိုကွင်းသိုင်း လုံချည်ကိုအပုံလိုက် ချွတ်တယ် ဆိုလို့တမျိုးတော့မထင်နဲ့။ အဲဒီတုန်း က ခေတ်စား တဲ့ အားကစားဘောင်းဘီတို မျိုးတင့်ဆွေတို့( ~ ကြိုက်ကြိုက် အားလုံး ကြိုက် မျိုးတင့်ဆွေကိုအားလုံး ကြိုက် ~~)၊လှဆန်းယဉ် တို့ တပါးတည်း ခံဝတ်လာပြီ:သား။စာအုပ်သာ မပါတာဒါ မျိုးဆို ဝိရိယ ကောင်းကြတယ်။

တခြားသတိရ စရာ နေရာတွေ ကျောင်းမှာ အ များကြီးရှိ ပါသေးတယ်။ ဆရာမကြီးရုံးခန်း ၊ ဘုရားရှစ်ခိုးဆောင် ၊ ရုံးခန်း ရှေ့ အလံတိုင် နဲ့ခရေပင်( ပင်မ ) ၊ ကျောင်းစာကြည့် တိုက်၊ မုန့်ဈေးတန်း ( ပင်မ ) တို့ဟာ T.T.C
ကျောင်းသားတွေ အတွက် ဘယ်လိုမှမေ့မရနိုင်တဲ့နေရာတွေပါဘဲ ။
စာရေးသူဆို ယခုတိုင် ကျောင်းမုန့်ဈေးတန်းက ရခိုင်မုန့်တီ ကိုသတိ ရနေတုန်းဘဲ။ နောက်ပြီး B.E.D ကမ်တင်း ၊သထုံ လမ်း ၊ ပြည်လမ်း တို့ဟာလဲ ကျောင်းနဲ့ခွဲခြားလို့မရအောင်သတိရစရာပါ။

ကျောင်းတုန်း က အကြောင်းတွေး မိတော့ မှတ်မှတ်ရရ မှတ်မိ တာပြောရမယ် ဆိုရင် အင်း. စာရေးသူ လေးတန်း တုန်း ကပေါ့။ အဲတုန်းက စာရေးသူ တို့ အတန်းပိုင်ဆရာမ က ဒေါ်ခင်ဝင်းကြည် ပါ။ တခါ စာရေးသူတို့အခန်း က ဘုရားရှစ်ခိုးသွားရပါတယ်။ ကျောင်းမှာတော့ အတန်းလိုက် ဘုရားရှစ်ခိုးဆောင် ကို တစ်လတစ်ခါ လောက် အနည်းလေး သွားရပါတယ်။ အဲဒီမှာ အတန်းတွေစုပြီး ဘုရားရှစ်ခိုး ၊ကျောင်းအုပ်ဆရာမကြီးရဲ့ ဩဝါဒ ခံယူကြရပါတယ်။မှတ်မှတ် ရရ အဲတုန်း က ကျောင်းအုပ်ဆရာမကြီး က ဒေါ်ခင်နွယ်တင့်ပါ။

ဘုရား ရှစ်ခိုးဆောင် က ပြန်လာတော့ ပြဿနာ စ တက်ပါလေ ရော။ စာရေးသူ ထမင်းချိုင့် ပျောက်နေတာပါ။ မှတ်မိသေးတယ် အဲဒီတုန်း က စာရေးသူ ပူဆာလွန်းလို့ အမေဝယ်ပေးတဲ့ ဘဲဥပုံ zebra စတီးချိုင့် လေးပါ။ပထမ တော့ သူငယ်ချင်းတွေ နောက်တယ် ပေါ့။ ။နောက် လုံးဝမတွေ့  တော့ မှ အတန်းပိုင် teacher ကိုသွားပြောပါတယ်။ ဘယ်မှာပျောက်တာလဲ၊ အိမ်ကရောပါလာလား စသဖြင့်teacher က စာရေးသူကိုမေးပါတယ်။ စာရေးသူလည်း ဘုရားရှစ်ခိုးဆောင်မသွားခင် က ရှိပါသေးတယ်ပေါ့။ မယုံရင် ဘေးက သူငယ်ချင်းတွေကို မေးကြည့်ပါဆိုပြီး စစ်ကူတောင်းပါတယ်။

ဘေးက သူငယ်ချင်း ရယ်၊အတန်းခေါင်းဆောင် ရယ် ( သူလည်း စာရေးသူ သူငယ်ချင်းဘဲ) က ငိုမဲ့မဲ့ ဖြစ်နေတဲ့စာရေးသူကိုကြည့်ပြီးဟုတ်တယ်ပေါ့။ ဟွန်နကတင် ဒီနားမှာ တွေ့မိတယ် ဆိုပြီး ဝိုင်းထောက်ခံပေးပါတယ်။စာရေးသူလည်း ပထမဆုံးကိုင်ရတဲ့စတီးချိုင့် လေးမို့နုမျော တာကတကြောင်း၊အမေ ရိုက်မှာကြောက်တာကတကြောင်း ဗိုက်ဆာတာကတကြောင်း တော်တော်စိတ်ဆင်းရဲနေပါတယ်။ဒီမှာတင် တီချယ် ခင်ဝင်းကြည် လည်း ဒါဆိုပျောက်တာ သေချာပြီဆိုပြီး ရုံးခန်း ကို report လုပ်ဖို့လုပ်ပါတယ်။ပြီးမှ တီချယ်က စာရေးသူကိုနှစ့်သိပ် ရင်း မုန့်ဈေးတန်း မှာ ခေါက်ဆွဲသုပ် လိုက်ကြွေးပါတယ်။

ခေါက်ဆွဲသုပ်စားပြီးလို့ တီချယ် က မှင်နီဝယ်မယ်ဆိုပြီး မုန့်ဈေးတန်း က stationary ဆိုင်ကို အသွားမှာတော့ .... ဟိုက် .... go ပြီ။ မောင်bee တော့ အကြီးကြီးကို go ပြီ ... ထမင်းချိုင့်
မောင်bee ချိုင့် မှ မောင်bee ချိုင့် အစစ်။ "ဘဲဥပုံ zebra " မနက်က drawing book ဝယ်ရင်းနဲ့ ကျန် ခဲ့တာ ဖြစ်မယ်။ငါ့နယ့် သေလိုက်ပါတော့...

ဆရာမ ဆိုတာ ဒေါသဖြစ်တာမပြောနဲ့တော့။ ငါ့ ကိုအလုပ်ရှုပ် အောင်လုပ်တဲ့အကောင်တွေ လာစမ်း ဆို ပြီး စာရေးသူရယ် ဟွန် နက ထောက်ခံပေးတဲ့ သူငယ်ချင်းနှစ်ကောင်ရယ် ကို .....ဟီဟီ ဘာပြောကောင်းမလဲ ဆော်တာပေါ့ စာရေးသူလည်း ရှက်တာရယ်၊ ဆရာမကိုကြောက်တာရယ်၊ဟိုကောင်နှစ်ကောင် ကိုအားနားတာရယ်ပေါင်းပြီး ငိုချင်ရောင်ဆောင်နေရတယ်။:P

အဲဒီအကြောင်းကို ပြန်ပြောရင် ဟွန်န ကအချောင်ဗျင်းခံ ရတဲ့ သူငယ်ချင်းနှစ်ကောင်က စာရေးသူ ကို ခုထိ ဆဲတုန်းဘဲ။ မောင်bee က လဲ ဆဲချင်စရာလေ။ ကြည့်ဦး လုပ်ပုံက :P
အခုတော့ အဲဒီနှစ်ကောင်လဲ တကောင်က doctor ဖြစ် ၊တကောင်က စစ်ဗိုလ် ဖြစ်နဲ့လူရာဝင်နေကျပြီလေ။
ကျောင်းတုန်းကအကျောင်း ပြောရရင်တော့ပြောမကုန်ပါဘဲဗျာ။ တော်တော်လည်း ရှည်နေပြီမို့ ဒီ post အတွက် ဒီလောက်နဲ့ဘဲ နားပါရစေတော့။ နောက်များမှဆက် ပြောကြတာပေါ့။

ဘာလိုလိုနဲ့ စာရေးသူ ဆယ်တန်းအောင်တာရှစ်နစ်ရှိပြီ။ အချိန်တွေဘယ်လောက်ဘဲ ကြာ ခဲ့၊ကြာ ခဲ့ တခါတုန်း က စာသင်ကျောင်း ကို ယနေ့တိုင်သတိ ရနေတုန်းပါ။ စာဖတ်သူ များလည်း မိမိတို့ ငယ်ငယ် က စာသင်ကျောင်း ကို သတိရခံစားနိုင်မယ်လို့ မျော်လင့်ရင်း...................

~~ ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ ~
~ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ~~

မောင်bee
ကြိုးစားပါဦးမည်

စာရေးသူ။ ။ T.T.C ကျောင်း မှ ဆရာ၊ဆရာမ များ၊ တနယ်ဆီရောက်နေကျတဲ့ သူငယ်ချင်းများ အားလုံး အတွက်အမှတ်တရ။

Wednesday, September 24, 2008

ပျော်ဖို့ကောင်းတဲ့ ဟိုးငယ်ငယ်တုန်း က

စာရေးသူ ငယ်ငယ်တုန်းက မီးကုန်ရမ်းကုန် ကို ဆော့တာ။
အ ခု ခေတ် ကလေး တွေကိုကြည့်ပြီး သနားမိ တယ်။သူတို့ လေး တွေ ခမျာ စာရေးသူတို့ငယ်ငယ်က လောက်မကစားရတော့ တာအမှန်ဘဲ။ ကျောင်းတက်၊ကျူရှင်သင်၊ guide ယူနဲ့ ကလေးတွေခမျာ ဆော့ဖို့ဝေလာဝေး ။ နားဖို့အချိန်တောင်မရှိသလောက်ဘဲ ။ဒါလည်း မိဘတွေ အပြစ်တော့မဟုတ်ဘူး။ အခု ခေတ်က အဲလောက် လုပ်နိုင်မှ တော်ကာကျမယ် ဆိုတာ စာရေးသူတို့ မျက်မြင်ဘဲလေ။ နောက်ပြီး တချို့ကလေးတွေ ဆိုရင် စာရေးသူငယ်ငယ် ကဆော့တဲ့ ကစားနည်းတွေကြားဖူးမှာတောင်မဟုတ်ဘူး။


စာရေးသူ ငယ်ငယ် က ကစားနည်းမျိုးစုံဘဲ မိန်းကလေး ယောက်ကျားလေး မခွဲဘူး အကုန်ဆော့တာ။အဲဒီခေတ်တုန်း က အခုလို video gameတွေ ခေတ်မှမစားသေးတာ.... ပေါ်တော့ပေါ်နေပြီ။ ဒါပေမယ့် စာရေးသူ ကိုယ်တိုင်က video game တွေထက်စာရင် ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး ကစားခုန်စားရတာ ကိုပိုသဘောကျတယ်လေ။


စိန်ပြေးတမ်း၊ဆက်မိဆက်လိုက် ဆိုလဲ ပါတယ်။ တူတူဆိုလည်း ပုန်းလိုက်တာဘဲ။ လသာတဲ့ ညတွေဆို ထုပ်ဆီးပါတိုးပစ် တာ။ ပျော်ဖို့ကောင်းသလားတော့မမေးနဲ့။ (မြန်မာရိုးရာ ကစာနည်း များအား နောက်များမှ လက်လှမ်းမှီ သလောက် သီးသန့်ဖော်ပြပါဦးမည်)

်ပြီးတော့ ကင်းပူ ထိုးကြတာ ရှယ်ဘဲ။ ကင်းပူ ဆိုတာ သိ လား။ တစ်ဖက် ကို ၃ယောက် လောက်ဆို အတော်ဘဲ။ ပထမဦး ဆုံး နို့ဆီ ခွက် ဒါမှမဟုတ် ဖိနပ် ထောင်ထားရတယ်ဗျာ။ ပြီးတော့ ပြေးမည့်ဘက် က သတ်မှတ်စည်း ကနေ ဟွန်န ထောင်ထားတဲ့ နို့ဆီခွက် ကို ထိအောင် တယောက်ချင်းပစ် ရတယ်။ အကယ်၍ တယောက်မှမထိရင်တော့ လိုက်တဲ့ဘက်က ပြောင်းပြီးပစ်ရတယ်။ထိပြီဆို ရင် ပြေးပေတော့ဘဲ။ ပြေးပြီဆို ရင် လိုက်တဲ့ဘက်ကသူတွေက ဘောလုံးနဲ့အပေးအယူလုပ်ပြီး လိုက်ပေါက်ရတယ်။ ဒီလို နဲ့ ပြေးတဲ့သူတွေဟာ ပြေးရင်းလွှားရင်း ဟွန်နက လည်နေတဲ့ နို့ဆီခွက် ကိုပြန်ထောင်ရတဲ့ကစာနည်း ပါ။ ပျော်ဖို့ ကောင်းသလို ကျားမ မရွေး ကစားနိုင်တဲ့ game ပါ။ စာရေးသူ ငယ်စဉ်က favourite game တခုပေါ့။ဒါပေမယ့် ဒီ game က ကစားသူများ မှ ok တာ, အနည်းဆုံးတော့ ၆ယောက် လောက်လိုတယ်လေ။

"ဒေါက် ဒေါက် ဒေါက် ဘယ်သူလဲ မောင်bee အဲ ဟုတ်ဘူး ယောင်လို့ အ ရူးမ ကြီး မစာဥ "

တခါတလေ စာရေးသူ ရေရွတ် မိနေသေး....ပြုံးမိနေ သေး



စာရေးသူအကြိုက်ဆုံးကတော့ မိုးရွာထဲမှာ ဘောလုံးကန် ရတာပါဘဲ။ စာရေးသူတို့ ဘောလုံးကန်တဲ့ ခြံက သံမန်တလင်းခင်း ထားတော့ မိုးရာသီဆို ရေညီု ဗလပွနဲ့ဘဲ။ မိုးရွာထဲမှာ တ ဘိုင်းဘိုင်း လဲ ရင်း ဘောလုံးကန်ရတဲ့ အရသာကို စာရေးသူ ခုချိန်ထိ မေ့လို့မရခဲ့ဘူး။ ဒီကြားထဲ ခြံထဲက သရက်ပင် က သရက်သီးတွေ ကြွေကျ လို့ပြေးကောက်ရတာအမော ....။ ဘောလုံးကန်လို့ဝတော့ မောမောနဲ့ ကောက်ထားတဲ့ သရက်သီး ကို ငံပြာရည်၊ငရုတ်သီးအကျက်မှုန့် နဲ့ကစ် တာ....အား .....ဘာပြောကောင်းမလဲ။

အဲဒီအချိန်မှာ လျှပ်စီး များလက် လိုက်လို့ကတော့ သရက်သီးလဲ နားတော့ ၊" အနော မပါဘူးဆိုပြီး "တချိုးထဲ အိမ်ထဲဝင်ပြေးတာ....အား .....ဘာပြောကောင်းမလဲ။


စာရေးသူငယ်ငယ် ကဆော့တာတော့မမေးနဲ့။ ပေါက်ပေါက်ရှာရှာ ကိုဆော့တာ။ ခြံထဲမှာဆော့ပြီဆိုရင် အိမ်ခေါင်မိုး ပေါ်ပါရောက်တယ်။ တူတူပုန်းပြီ ဆိုလဲ မြွေမကြောက်ကင်းမကြောက် ချောင်ကြိုချောင်ကြားထိ ဝင်ပုန်းတာ။ နောက်ဆုံး ဆန်အိုးထဲပါ ရောက်တယ်။အဲလို ကို ဆော့တာ......


မှတ်မိသေးတယ်။ စာရေးသူ တို့ အဖွားက စာရေးသူတို့ကိုတော်တော် ချစ်တာ။တော်ရုံတန်ရုံဆို ဘာမှကိုမပြောတာ။ မှတ်မှတ်ရရ စာရေးသူတသက် အဖွားရိုက်တာနှစ်ခါ ဘဲခံ ရဖူးတယ်။ နှစ်ခါ လုံးကဆော့လို့ကြီးဘဲ။ ဘယ်လိုလဲဆိုတော့ ငယ်ငယ်ထဲက ဇာတိပြဆိုသလို မှာအရက် သောက်တိုင်းကစားတာ။ကစားပုံ ကကြည့်ဦး ခွက်ထဲရေထည့်ပြီး ဘေးနားက အဖွားဝယ် ထားတဲ့ ၅ထပ်သားပြားကို တ ဗျန်းဗျန်း နဲ့သွန်းတာ။ cheer ! အော်လိုက် ပက်လိုက် ခွက်မြှောက်လိုက် ပက်လိုက် နောက်ဆုံး အဖွား၅ထပ်သားတွေ ရွှဲတဲ့အထိ ဘဲ။ ဘာပြောကောင်းမလဲ အဖွား ကျိန်လုံး နဲ့ဆော်တာ ခြေသလုံးလဲ အ လျှိုးရာကြီး ဘဲ။

နောက်တခါကျတော့ ၊ စာရေးသူ တို့ ခြံထဲမှာ ရေချိုးတဲ့ အုတ်ကန်တကန်ရှိတယ်။ ငယ်ငယ်တုန်းစနေနေ့ နေခင်းဆို ကလာတဲ့ tele match အစီအစဉ် ကို ကြည့်ပြီး အဖွားရဲ့ အုတ်ကန် ထဲဝင်ပြီး စာရေးသူတို့ညီအကိုတွေ tele match ကျတာ ......ဟီဟီ.
ဘာပြောကောင်း မလဲ။ အဖွားကျိန်လုံး က ရွှမ်း ကနဲ ရွှမ်း ကနဲ ။အဖွားရိုက် တာနာပေမယ့် အဲဒီ အချိန်တုန်း က ပျော်လွန်းလို့ အဖွားရှေ့မှာမရီ မိအောင်မနည်းထိန်း နေရတယ်။

(အခုတော့ စာရေးသူရဲ့ အဖွား ဆုံးတာ ဆယ်နှစ် ကျော်ပါပြီ)


မှတ်မိသေးတယ်။ စာရေးသူ တို့ခြံနောက်ဖက်မှာ အိမ်နီးချင်းခြံ ကြီးတခြံရှိ တယ်။ အဲဒီခြံကလဲ စာရေးသူ ဘော်ဘော့် ခြံဘဲ ဆိုတော့စာရေးသူတို့ စိတ်ကြိုက်ကစားစေ ဘဲ။ စာရေးသူ ဘော်ဒါ့ နာမည်က ဖိုးဇေ တဲ့။ ဒါနဲ့ ဖိုးဇေ့ တို့ခြံဆိုလို့ပြောရဦးမယ်။ သူတို့ခြံက တော်တော့် ကို ကျယ်တာ (အခု တော့အဲဒီခြံက ပိုင်းရောင်းရင်းနဲ့ အရင်လောက် မကျယ်တော့ဘူး)၊ခြံထဲမှာဆိုလဲ မကျည်း၊ဇီး၊သံပရာ၊တရုတ်စကား၊ကံ့ကော်၊ပိတောက် .......
အိုး !.....အပင်တွေဆိုတာ အစုံပါဘဲဗျာ။အဲ ဒီထဲမှာ စာရေးသူတို့ target က ဇီးပင်တွေဘဲ ။
ဇီးသီးပေါ်ချိန်ဆို စာရေးသူတို့ညီအကိုတွေ ဖိုးဇေ တို့ခြံကို အုပ်လိုက် ချီတတ်တာ။
ပြီးမှ လူစုခွဲပြီး ဇီးသီးခူး ကြပြီ။ ခူး တယ်ဆိုတာ လဲ တစ်လုံး၂လုံး မထင်နဲ့ ။
အင်္ကျီ ကို အိတ် လိုလုပ်ပြီး အပြည့် ကစ်တာ။ ပြီး မှ လူပြန်စုပြီး အရိပ်ကောင်းတဲ့ မန်ကျီးပင် အောက်မှာ သွားပြီး ဇီးသီးနဲ့ငံပြာရည် နဲ့ကစ် တာ ..... ရှလွှတ် ...ပြောရင်းနဲ့တောင် သရေကျတယ်။



စာရေးသူတို့ ငယ်ငယ် က အဲလိုဆော့ ခဲ့ကြတာ။ လသာတဲ့ ည များဆို ငယ်ငယ် တုန်းက သူငယ်ချင်းတွေကို သတိရပြီး သူတို့နဲ့ကစားခဲ့ တာ တွေပြန်မြင်နေမိတယ် ။တကယ်တော့ လူ တိုင်း လူတိုင်း မှာ ပျော်စရာကောင်း တဲ့ ငယ့်ဘဝ ကိုယ်စီ တော့ ပိုင်ဆိုင်ဖူးကျ မှာပါ။ အဲဒီ ပြန်မရနိုင် တဲ့ ငယ့်ဘဝကိုအသက်ရ လာလေလေ တန်ဖိုး ထားတတ်လေလေ ပါဘဲဗျာ။



"~~~ည အ ခါ ~~~~ လသာသာ ~~~ကစားမလား~~~ နားမလား~~~~~ "



စာရေးသူ ရေရွတ် မိနေသေး....ပြုံးမိနေ သေး



့(P.S ဒီ post ရေးရင် နဲ့ ကွယ်လွန်သွား သော စာရေးသူ အဖွား နဲ့ ငယ်သူငယ်ချင်း ဖိုးဇေ ကို သတိတရ..)



ုကြိုးစားပါဦးမည်။

မောင်bee

Tuesday, September 23, 2008

အမေ နှင့် ရွာကို လွမ်းတယ်....












~ ~ လောကရဲ့ လမ်းများကို ...လျှောက်သွား ရင်း နဲ့မောပန်း နွမ်းနယ် ..~ ~
~ ~ နလုံးသား က လွမ်းဆွတ်လို့..... တမ်းတမိ ခဲ့ ... အမေ့ ရဲ့အိမ် ကို ~ ~
~ ~ အေးမြ တဲ့ အမေ့ရဲ့ မေတ္တာ ရိပ် နဲ့ .......ဝေး ခဲ့ သူ မို့ .............~ ~
~ ~ တခါတလေ ပြန်လည် တွေးရင်.......... ရင်မှာ ကို..ကြေကွဲ ~ ~

အော... ဘာလိုလို နဲ့ ...အမေ နှင့် ရွာကို ခွဲခဲ့ ရတာ၂နှစ် နီးပါး ရှိခဲ့ပြီပေါ့....
ဒီချိန်ဆို အမေ ဘာများလုပ်နေမလဲ. . .? ရွာမှာ ဘာတွေ ပြောင်း လဲနေ ပြီ လဲ .. .?

ကိုငှက် ရဲ့ အ မေ့ အိမ် သီချင်းလေး ကြားတော့... စာရေးသူ စိတ်ထဲမကောင်းဘူး။ အ လဲ့.. . ကို့ ကို ကို စာရေးသူ လို့ပြောလိုက်လို့ အထင်တော့ မကြီးလိုက်နဲ့။ ငယ်ငယ် ကတည်းက စာရေးဆရာ တွေ အဲလို နမ်စား သုံး တာ သိပ်သဘောကျခဲ့ တာ။
စာရေးသူ တို့ရွာ ဆိုတာ လော်စပီကာ မရှိ။အဲ ကာရာအိုကေ ရှိတယ်။ နောက်ပြီး ဆိုက်ကယ် မရှိ။ဆိုက်ကား တော့ ရှိ တယ်။ လှည်းလမ်း မရှိ။ အ မယ် ကား လမ်း ကြီး တွေရှိတယ်ဗျား။ ဒီ လောက်ဆို စာရေးသူ တို့ ဇာတိချက်ကြွေမွေးရပ်မြေ ကို သိလောက် ရောပေါ့။ အမှန်တော့ စာရေးသူ တို့ရွာဆိုတာ ရန်ကုန် ကိုပြောတာ။ ဟဲ ဟဲ ။
ဒီ post title လိုက်အောင် လျှောက်ဖြီး နေ တာ။ ဟဲ ဟဲ ။ ဖြီးလက်စ နဲ့တော့မထူး ဘူးလေ။ ဆက် ဖြီး ပါရစေ တော့။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
နံနက်မိုးသောက်တိုင်း အမေ ဘုရားဝတ်ပြုလို့ကြားရတဲ့ ကြေးစီ သံလေး မကြားရတာ ကြာပေါ့။ မနက်တိုင်း အမေ ကြော်ကျွေး တဲ့ မြန်မာ ပဲပြုတ်ထမင်းကြော် .....စားချင်နေမိတယ်။
ကံကောင်းလွန်းလို့ စားရရင်တောင် အမေ့ လက်ရာတော့မှီမယ် မထင်ပါဘူးလေ။
အော အမေ မေ့ လို့ .. ကျွန်တော် tea သွားသွား ဆွဲနေတဲ့ ဦးဖိုးထောင်တို့ ဆိုင် ကောရှိသေးလား ။ဟို လေ lucky seven ဆိုတာလေ။ အမေကြိုက် တယ် ဆိုတဲ့ ပဲပလာတာ က အဲဒီ ဆိုင်ကလေ။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
အမေ ....နေမှ ကောင်းရဲ့လား? ရွာမှာတော့ ကျွန်တော် မရှိတုန်း တော်တော် ပြောင်းလည်သွားတယ်ဆို. .ရွာထိပ် က လက်ပံပင်ကြီးလည်း အပွင့်မရှိတော့ဘူး တဲ့။ သင်္ကြန်ဆို ဝေနေအောင်ပွင့်တဲ့ ရွာက ပိတောက်ပင် ကြီးဆိုလည်း မပွင့်နိုင်တော့ဘူး တဲ့ ။ ဟိုး တလောက နာဂစ် ဝင်လို့ ရွာမှာရှိတဲ့အပင် တွေ ကုန်ပြီလို့ ကိုရင်သာဂိ အလည်လာတုန်းကပြောသွားတယ်။ ဟုတ်လား အမေ ? ။ ဒါဆို ငယ်ငယ် က ကျွန်တော် နဲ့ မယ်တင် တို့ စိမ်ပြေးတမ်း ကစားခဲ့တဲ့ ကံ့ကောတန်း လည်း ရွက်ဟောင်းကြွေလို့ ရွက်သစ်မဝေနိုင်တော့ဘူး ပေါ့။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
နေခင်း ထမင်စားချိန် ဆို အမေချက်တဲ့ ကြက်သားဆီပြန် ကို မရမ်းသီးငပိချက် လေး နဲ့လွေး ချင် တာ...
ဟိုလေ ....ပြီးတော့.. ညနေ ဆို ရွာမြောက်ပိုင်း IBC ကန်ဘောင်မှာလုံမပျို တွေ ရေခပ်ဆင်း ကြရောပေါ့
အမေတော့ သိမှာ မဟုတ်ဘူး။ ဒါက ကာလသားခေါင်း ကိုရင်ချက်ကြီး တို့ ကိုရင်အောင်ဘု တို့မှသိမှာ...။
ုညီမလေး မိညက်ကို တော့ ရေသွား မခပ် ခိုင်းနဲ့အမေ။ alpine တို့ oasis တို့ရှိ တာဘဲ။
ဒီနေရာ မှာတော့ပိုက်ဆံ မနမြှော နဲ့အ မေ။ ဝမ်းရောဂါ ရ မှာဆိုလို့။ ... နော်.... အ မေ။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
ညဦး ပိုင်း လောက်ဆို ရွာတောင်ပိုင်းက power light ထန်းတော မှာ ထန်းရေ လေးသောက်၊ မိမိုးမဲ တို့ ( M3 ) ဆိုင်မှာ ကာရာအိုကေ လေ ဟဲ....ဟန်ကိုကျနေတာ ဘဲ...။ လွမ်းတယ် အမေ ရယ်။ တော်တော် သိ သိ သာသာကိုလွမ်းတာ။ဒါ နဲ့ ရွာက မျှော်စဉ် ကျွန်းဘုရားပွဲ တို့ မြရိပ်ညို ဇာတ်ပွဲ တို့ ရော လုပ်သေးလား မသိဘူး။

့မယ်တင် လေး လဲ ကျွန်တော့်ကို လွမ်းရှာ ရော ပေါ့။
သူကော အမေဆီ လားသေးလား? ဟိုးတလောက သံကြိုးစာ မှာ ဒီတစ်ခေါက် သီတင်းကျွတ် လို့ ရွာကိုပြန်မလာရင် ဘဒွေး ခွေးပု ရဲ့ သား ဖိုးစိန်ကိုဘဲ ယူလိုက်တော့မယ် ပြောတယ် အမေ။
ဒီတစ်ခါ အမေဆီလာရင် နား ချ ပေးပါအုန်း

ဘာဘဲ ဖြစ်ဖြစ် ဒီတခေါက် သီတင်းကျွတ်တော့ အမေ ကိုကန်တော့ ရင်း ရွာ ကို တ ခေါက် ပြန်ဦး မယ်....လို့ စာရေးသူ စိတ်ကူးမိတယ်။
အဲဒီအခါ ကျရင် ရွာအဝင်လမ်းက ရန်ကုန် international airport မှာ အမေနဲ့မယ်တင် လာကြိုမှာကို စာရေးသူ စိတ်ကူးနဲ့ပုံဖော်ကြည့် နေမိတယ်။

~~~ အိမ်ပြန်ချင်တယ်..... ဟူး ..... အငြိမ်အချမ်းဆုံး အမေ့အိမ် ~~~
~~~ အိမ်ပြန်ချင်တယ် .....ဟူး .....အနွေးထွေးဆုံး အမေ့အိမ့် ~~~
~~~ အိပ်မရတဲ့ ညများစွာ ထဲ အိုး ရ ထားဥဩသံ လေးများကြား ရင်း ~ ~
~ ~ အိမ်ပြန် ချင်တဲ့စိတ်ကလေး တားမရဘူး ~ ~ ~

စာရေးသူ။ ။Blog ရဲ့ ပထမ ဆုံး post အဖြစ် နဲ့ အမေ ကို ကန်တော့ ရင်း ကျွန်တော် ထာဝရ လေးစားရသော ဦးငှက်(ထူးအိမ်သင်-ကွယ်လွန်) ကို သတိတရ.......