Saturday, September 27, 2008

တခါတုန်း က စာသင်ကျောင်း မှာ










တို့ကျောင်း
~~ ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ ~~
~~ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ~~

အထက်ပါ ကဗျာ လေးကို စာဖတ်သူ ဦးဦး ကိုကို ညီညီ မောင်မောင် မမ တို့မှတ်မိကြဦးမှာပါ။ မှတ်မိဆို ကဗျာ ဆို တာ ဘာမှန်းမသိခင်အရွယ် ထဲက မပီကလာပီကလာနဲ့ ရေရွတ်ခဲ့ကြ ရတဲ့ တို့ကျောင်းကဗျာ လေး မို့ပါ။( အ ခုထိ လည်း သေချာမသိသေး ပါ :P )

ဟိုတနေ့ က ပျင်းပျင်း ရှိတာနဲ့ ဒါရိုက်တာ မီးပွါး ရဲ့" မင်္ဂလာပါ" ဆိုတဲ့ ရုပ်ရှင်ကားကို download လုပ်ပြီးကြည့် ဖြစ်တယ်။ အဲဒီကား မှာ စာသင်စအရွယ် ကလေးငယ် တွေ က ဒီ တို့ကျောင်း ကဗျာ လေး ကို မပီကလာပီကလာ ရွတ်သံ ကြားရ တော့ စာရေးသူ တယောက် ကြက်သီးမွှေးညင်း တောင်ထမိတယ်။ စာရေးသူ ရဲ့အတွေးထဲမှာ ငယ်စဉ် က ပညာနို့ရည် စို့ ခဲ့ရတဲ့ ကျောင်းတော်ကြီးရဲ့ ပုံရိပ်တွေ အစီအရီ ထင်ဟပ် လာတော့တယ်။ ကိုယ်တိုင်လည်း ဟိုးအရင် ကတည်းက သွားရင်းလာရင်း အဖြူအစိမ်း ကျောင်းဝတ်စုံ လေး တွေနဲ့ကလေးတွေ ကို တွေ့ရင် မကြာခဏ ဆိုသလို ငယ်ငယ်တုန်းက ကျောင်းသားဘဝကိုအောက်မေ့ မိတယ်။ ဒါနဲ့ဘဲ ဒီ post လေး ကို ရေးဖြစ်တယ် လို့ဆိုရမှာဘဲဗျာ။

ကမာရွတ် မြို့နယ်ပြည်လမ်း ပေါ်မှာရှိတဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း ဆိုတာစာရေးသူတို့ ငယ်ငယ်ကတက် ခဲ့တဲ့ကျောင်းပေါ့။ ငယ်ငယ် ကဆိုပေမဲ့ သူငယ်တန်း ကနေ ဆယ်တန်း ထိ အချိန်အကြာဆုံးတက် ခဲ့ရတဲ့ ကျောင်းမို့ ဘဝမှာ သံယောဇဉ်အရှိဆုံး ကျောင်းလို့ လဲ ပြောလို့ရပါတယ်။ ကျောင်းက ဆရာ၊ဆရာမ ကို မိဘ ထက် ပိုကြောက်ရသလို၊ သူငယ်ချင်းတွေဆိုလည်း ညီအကိုမောင်နမတွေ ထက်ပိုချစ် ပိုခင်ကြတယ် ။ စာရေးသူဆို ကျောင်းကဆရာ တွေနဲ့ မတွေ့  ဖြစ်တော့ပေမယ့် ကျောင်းမှာလောင်ဖော်လောင်ဖက် သူငယ်ချင်းတွေ နဲ့ အခုချိန်တိုင် အဆက်အသွယ်မပြတ် keep in touchတုန်းပေါ့။

စာရေးသူ တို့ကျောင်း ကို T.T.C လို့ဘဲ လူသိများတယ်။ T.T.C ဆိုလို့ ပြောပြ ရဦးမယ်။ ငယ်ငယ် က My school - ဆိုပြီး essay ရေးရတော့ ကျောင်းနာမည် ရှည် လို့ သိပ်စိတ်ညစ် တာ။ ဘာ တဲ့ မှတ်မိသေးတယ် "Practising school , Institute of Education" ဆိုဘဲ။မှတ်မိမှာပေါ့ အဲဒီ တုန်း က ဆရာမကို ကြောက်ကြောက် နဲ့ အသေကျက် ရတာ။ နာမည်က ရှည်ပြီး စာလုံးပေါင်းတွေ မှတ်ရခက်လွန်း လို့ သူငယ်ချင်း တသိုက် " တောက် ! ကျောင်းနာမည် ကလည် ရှည်လိုက်တယ်ဖြစ် ချင်း" လို့ ဩဘာဝိုင်းပေး ကြတာ မှတ်မိသေးတယ် ။ တယောက်က ဆို "T.T.C လို့ ဘဲရေးလို့မရဘူးလား" သွားမေးမိလို့ ဆရာမ က အထွန့်မတက် နဲ့ဆိုပြီ: အ ရိုက်ခံ လိုက်ရတယ်။ :P
T.T.C ရဲ့အရှည် ကတော့ Teacher Training Collgue လို့သိရတယ်။ ဒါတောင် စာရေးသူ ကိုယ်တိုင်မသိလို့ သူငယ်ချင်း ကိုမေးရတယ် (ဖြစ်ပုံများ) :P

စာရေးသူပထမဆုံး သတိရတာတော့ ကျောင်းဘောလုံး ကွင်းပါ။ ဒီ ကွင်းကတော့ စာရေးသူတို့ အလယ်တန်း ကနေ အထက်တန်း ကျောင်းသားဘဝအထိ ထမင်းမေ့ ဟင်းမေ့ ဆော့ခဲ့တဲ့နေရာပါ။ ( ကုန်ကုန်ပြော ရင် အကုန်ကိုမေ့တာ ) မဆော့ရမှာဆိုလို့ ကျောင်းကိုအစောကြီးသွား ။ ကျောင်းရောက်တာ နဲ့ စာသင်ခန်း ကို မရောက်ဘူး။ဘောလုံးကွင်း ကို အရင် ပြေး၊ လွယ်အိတ်ချ၊ခြင်းတောင်းလွှတ် ဖိနပ်ချွတ် နောက်ဆုံးလုံချည် ဘာအပုံလိုက်လေ ချွတ်ပြီး ဘောကန် ကျ တာ၊ ဘာပြောကောင်းမလဲ။ အဲမယ် တခါတလေ မခန့်တာများ ဟွန်နကချွတ် တဲ့ လုံချည်တွေခြင်းတောင်းတွေနဲ့ ဂိုးတိုင်တောင်လုပ်လိုက်သေးတယ်။

ကျောင်းခေါင်းလောင်း တီးလို့ကျောင်းတက်ပြီဆိုမှ ခြင်းတောင်းတွေလွယ်အိတ်တွေ ဆွဲပြီးစာသင်ခန်းကိုပြေးကျတာ။ မပြေးလို့ကလဲ ဖြစ်ဘူး။ နောက်ကျရင် ဆရာမက ဗျင်းမှာကို။ အပြေးအလွှား ဆွဲပြီးဝတ်လာတော့ လုံချည်တွေ လဲဇောက်ထိုးဖြစ်လိုဖြစ် ဖိနပ်ဆိုလဲ တောင်တဖက် မြောက်တဖက်၊ ဒီကြားထဲ သူဟာနဲ့ကိုဟာ မှားလိုမှား၊ တလွဲတွေ ကြီး ဘဲ။

နောက်ပိုင်း တော့ အဲလို ဖြစ်မှာကြောက်ပြီး ဖိနပ် ကိုလက်မှာစွတ်တဲ့ သူကစွတ်။ ပုဆိုးကို ကွင်းသိုင်းတဲ့ လူ ကသိုင်းပြီး မြင်မကောင်းရှူမကောင်းတွေ ဖြစ်ကုန်ရော။ ပုဆိုးကိုကွင်းသိုင်း လုံချည်ကိုအပုံလိုက် ချွတ်တယ် ဆိုလို့တမျိုးတော့မထင်နဲ့။ အဲဒီတုန်း က ခေတ်စား တဲ့ အားကစားဘောင်းဘီတို မျိုးတင့်ဆွေတို့( ~ ကြိုက်ကြိုက် အားလုံး ကြိုက် မျိုးတင့်ဆွေကိုအားလုံး ကြိုက် ~~)၊လှဆန်းယဉ် တို့ တပါးတည်း ခံဝတ်လာပြီ:သား။စာအုပ်သာ မပါတာဒါ မျိုးဆို ဝိရိယ ကောင်းကြတယ်။

တခြားသတိရ စရာ နေရာတွေ ကျောင်းမှာ အ များကြီးရှိ ပါသေးတယ်။ ဆရာမကြီးရုံးခန်း ၊ ဘုရားရှစ်ခိုးဆောင် ၊ ရုံးခန်း ရှေ့ အလံတိုင် နဲ့ခရေပင်( ပင်မ ) ၊ ကျောင်းစာကြည့် တိုက်၊ မုန့်ဈေးတန်း ( ပင်မ ) တို့ဟာ T.T.C
ကျောင်းသားတွေ အတွက် ဘယ်လိုမှမေ့မရနိုင်တဲ့နေရာတွေပါဘဲ ။
စာရေးသူဆို ယခုတိုင် ကျောင်းမုန့်ဈေးတန်းက ရခိုင်မုန့်တီ ကိုသတိ ရနေတုန်းဘဲ။ နောက်ပြီး B.E.D ကမ်တင်း ၊သထုံ လမ်း ၊ ပြည်လမ်း တို့ဟာလဲ ကျောင်းနဲ့ခွဲခြားလို့မရအောင်သတိရစရာပါ။

ကျောင်းတုန်း က အကြောင်းတွေး မိတော့ မှတ်မှတ်ရရ မှတ်မိ တာပြောရမယ် ဆိုရင် အင်း. စာရေးသူ လေးတန်း တုန်း ကပေါ့။ အဲတုန်းက စာရေးသူ တို့ အတန်းပိုင်ဆရာမ က ဒေါ်ခင်ဝင်းကြည် ပါ။ တခါ စာရေးသူတို့အခန်း က ဘုရားရှစ်ခိုးသွားရပါတယ်။ ကျောင်းမှာတော့ အတန်းလိုက် ဘုရားရှစ်ခိုးဆောင် ကို တစ်လတစ်ခါ လောက် အနည်းလေး သွားရပါတယ်။ အဲဒီမှာ အတန်းတွေစုပြီး ဘုရားရှစ်ခိုး ၊ကျောင်းအုပ်ဆရာမကြီးရဲ့ ဩဝါဒ ခံယူကြရပါတယ်။မှတ်မှတ် ရရ အဲတုန်း က ကျောင်းအုပ်ဆရာမကြီး က ဒေါ်ခင်နွယ်တင့်ပါ။

ဘုရား ရှစ်ခိုးဆောင် က ပြန်လာတော့ ပြဿနာ စ တက်ပါလေ ရော။ စာရေးသူ ထမင်းချိုင့် ပျောက်နေတာပါ။ မှတ်မိသေးတယ် အဲဒီတုန်း က စာရေးသူ ပူဆာလွန်းလို့ အမေဝယ်ပေးတဲ့ ဘဲဥပုံ zebra စတီးချိုင့် လေးပါ။ပထမ တော့ သူငယ်ချင်းတွေ နောက်တယ် ပေါ့။ ။နောက် လုံးဝမတွေ့  တော့ မှ အတန်းပိုင် teacher ကိုသွားပြောပါတယ်။ ဘယ်မှာပျောက်တာလဲ၊ အိမ်ကရောပါလာလား စသဖြင့်teacher က စာရေးသူကိုမေးပါတယ်။ စာရေးသူလည်း ဘုရားရှစ်ခိုးဆောင်မသွားခင် က ရှိပါသေးတယ်ပေါ့။ မယုံရင် ဘေးက သူငယ်ချင်းတွေကို မေးကြည့်ပါဆိုပြီး စစ်ကူတောင်းပါတယ်။

ဘေးက သူငယ်ချင်း ရယ်၊အတန်းခေါင်းဆောင် ရယ် ( သူလည်း စာရေးသူ သူငယ်ချင်းဘဲ) က ငိုမဲ့မဲ့ ဖြစ်နေတဲ့စာရေးသူကိုကြည့်ပြီးဟုတ်တယ်ပေါ့။ ဟွန်နကတင် ဒီနားမှာ တွေ့မိတယ် ဆိုပြီး ဝိုင်းထောက်ခံပေးပါတယ်။စာရေးသူလည်း ပထမဆုံးကိုင်ရတဲ့စတီးချိုင့် လေးမို့နုမျော တာကတကြောင်း၊အမေ ရိုက်မှာကြောက်တာကတကြောင်း ဗိုက်ဆာတာကတကြောင်း တော်တော်စိတ်ဆင်းရဲနေပါတယ်။ဒီမှာတင် တီချယ် ခင်ဝင်းကြည် လည်း ဒါဆိုပျောက်တာ သေချာပြီဆိုပြီး ရုံးခန်း ကို report လုပ်ဖို့လုပ်ပါတယ်။ပြီးမှ တီချယ်က စာရေးသူကိုနှစ့်သိပ် ရင်း မုန့်ဈေးတန်း မှာ ခေါက်ဆွဲသုပ် လိုက်ကြွေးပါတယ်။

ခေါက်ဆွဲသုပ်စားပြီးလို့ တီချယ် က မှင်နီဝယ်မယ်ဆိုပြီး မုန့်ဈေးတန်း က stationary ဆိုင်ကို အသွားမှာတော့ .... ဟိုက် .... go ပြီ။ မောင်bee တော့ အကြီးကြီးကို go ပြီ ... ထမင်းချိုင့်
မောင်bee ချိုင့် မှ မောင်bee ချိုင့် အစစ်။ "ဘဲဥပုံ zebra " မနက်က drawing book ဝယ်ရင်းနဲ့ ကျန် ခဲ့တာ ဖြစ်မယ်။ငါ့နယ့် သေလိုက်ပါတော့...

ဆရာမ ဆိုတာ ဒေါသဖြစ်တာမပြောနဲ့တော့။ ငါ့ ကိုအလုပ်ရှုပ် အောင်လုပ်တဲ့အကောင်တွေ လာစမ်း ဆို ပြီး စာရေးသူရယ် ဟွန် နက ထောက်ခံပေးတဲ့ သူငယ်ချင်းနှစ်ကောင်ရယ် ကို .....ဟီဟီ ဘာပြောကောင်းမလဲ ဆော်တာပေါ့ စာရေးသူလည်း ရှက်တာရယ်၊ ဆရာမကိုကြောက်တာရယ်၊ဟိုကောင်နှစ်ကောင် ကိုအားနားတာရယ်ပေါင်းပြီး ငိုချင်ရောင်ဆောင်နေရတယ်။:P

အဲဒီအကြောင်းကို ပြန်ပြောရင် ဟွန်န ကအချောင်ဗျင်းခံ ရတဲ့ သူငယ်ချင်းနှစ်ကောင်က စာရေးသူ ကို ခုထိ ဆဲတုန်းဘဲ။ မောင်bee က လဲ ဆဲချင်စရာလေ။ ကြည့်ဦး လုပ်ပုံက :P
အခုတော့ အဲဒီနှစ်ကောင်လဲ တကောင်က doctor ဖြစ် ၊တကောင်က စစ်ဗိုလ် ဖြစ်နဲ့လူရာဝင်နေကျပြီလေ။
ကျောင်းတုန်းကအကျောင်း ပြောရရင်တော့ပြောမကုန်ပါဘဲဗျာ။ တော်တော်လည်း ရှည်နေပြီမို့ ဒီ post အတွက် ဒီလောက်နဲ့ဘဲ နားပါရစေတော့။ နောက်များမှဆက် ပြောကြတာပေါ့။

ဘာလိုလိုနဲ့ စာရေးသူ ဆယ်တန်းအောင်တာရှစ်နစ်ရှိပြီ။ အချိန်တွေဘယ်လောက်ဘဲ ကြာ ခဲ့၊ကြာ ခဲ့ တခါတုန်း က စာသင်ကျောင်း ကို ယနေ့တိုင်သတိ ရနေတုန်းပါ။ စာဖတ်သူ များလည်း မိမိတို့ ငယ်ငယ် က စာသင်ကျောင်း ကို သတိရခံစားနိုင်မယ်လို့ မျော်လင့်ရင်း...................

~~ ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ ~
~ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ~~

မောင်bee
ကြိုးစားပါဦးမည်

စာရေးသူ။ ။ T.T.C ကျောင်း မှ ဆရာ၊ဆရာမ များ၊ တနယ်ဆီရောက်နေကျတဲ့ သူငယ်ချင်းများ အားလုံး အတွက်အမှတ်တရ။

Wednesday, September 24, 2008

ပျော်ဖို့ကောင်းတဲ့ ဟိုးငယ်ငယ်တုန်း က

စာရေးသူ ငယ်ငယ်တုန်းက မီးကုန်ရမ်းကုန် ကို ဆော့တာ။
အ ခု ခေတ် ကလေး တွေကိုကြည့်ပြီး သနားမိ တယ်။သူတို့ လေး တွေ ခမျာ စာရေးသူတို့ငယ်ငယ်က လောက်မကစားရတော့ တာအမှန်ဘဲ။ ကျောင်းတက်၊ကျူရှင်သင်၊ guide ယူနဲ့ ကလေးတွေခမျာ ဆော့ဖို့ဝေလာဝေး ။ နားဖို့အချိန်တောင်မရှိသလောက်ဘဲ ။ဒါလည်း မိဘတွေ အပြစ်တော့မဟုတ်ဘူး။ အခု ခေတ်က အဲလောက် လုပ်နိုင်မှ တော်ကာကျမယ် ဆိုတာ စာရေးသူတို့ မျက်မြင်ဘဲလေ။ နောက်ပြီး တချို့ကလေးတွေ ဆိုရင် စာရေးသူငယ်ငယ် ကဆော့တဲ့ ကစားနည်းတွေကြားဖူးမှာတောင်မဟုတ်ဘူး။


စာရေးသူ ငယ်ငယ် က ကစားနည်းမျိုးစုံဘဲ မိန်းကလေး ယောက်ကျားလေး မခွဲဘူး အကုန်ဆော့တာ။အဲဒီခေတ်တုန်း က အခုလို video gameတွေ ခေတ်မှမစားသေးတာ.... ပေါ်တော့ပေါ်နေပြီ။ ဒါပေမယ့် စာရေးသူ ကိုယ်တိုင်က video game တွေထက်စာရင် ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး ကစားခုန်စားရတာ ကိုပိုသဘောကျတယ်လေ။


စိန်ပြေးတမ်း၊ဆက်မိဆက်လိုက် ဆိုလဲ ပါတယ်။ တူတူဆိုလည်း ပုန်းလိုက်တာဘဲ။ လသာတဲ့ ညတွေဆို ထုပ်ဆီးပါတိုးပစ် တာ။ ပျော်ဖို့ကောင်းသလားတော့မမေးနဲ့။ (မြန်မာရိုးရာ ကစာနည်း များအား နောက်များမှ လက်လှမ်းမှီ သလောက် သီးသန့်ဖော်ပြပါဦးမည်)

်ပြီးတော့ ကင်းပူ ထိုးကြတာ ရှယ်ဘဲ။ ကင်းပူ ဆိုတာ သိ လား။ တစ်ဖက် ကို ၃ယောက် လောက်ဆို အတော်ဘဲ။ ပထမဦး ဆုံး နို့ဆီ ခွက် ဒါမှမဟုတ် ဖိနပ် ထောင်ထားရတယ်ဗျာ။ ပြီးတော့ ပြေးမည့်ဘက် က သတ်မှတ်စည်း ကနေ ဟွန်န ထောင်ထားတဲ့ နို့ဆီခွက် ကို ထိအောင် တယောက်ချင်းပစ် ရတယ်။ အကယ်၍ တယောက်မှမထိရင်တော့ လိုက်တဲ့ဘက်က ပြောင်းပြီးပစ်ရတယ်။ထိပြီဆို ရင် ပြေးပေတော့ဘဲ။ ပြေးပြီဆို ရင် လိုက်တဲ့ဘက်ကသူတွေက ဘောလုံးနဲ့အပေးအယူလုပ်ပြီး လိုက်ပေါက်ရတယ်။ ဒီလို နဲ့ ပြေးတဲ့သူတွေဟာ ပြေးရင်းလွှားရင်း ဟွန်နက လည်နေတဲ့ နို့ဆီခွက် ကိုပြန်ထောင်ရတဲ့ကစာနည်း ပါ။ ပျော်ဖို့ ကောင်းသလို ကျားမ မရွေး ကစားနိုင်တဲ့ game ပါ။ စာရေးသူ ငယ်စဉ်က favourite game တခုပေါ့။ဒါပေမယ့် ဒီ game က ကစားသူများ မှ ok တာ, အနည်းဆုံးတော့ ၆ယောက် လောက်လိုတယ်လေ။

"ဒေါက် ဒေါက် ဒေါက် ဘယ်သူလဲ မောင်bee အဲ ဟုတ်ဘူး ယောင်လို့ အ ရူးမ ကြီး မစာဥ "

တခါတလေ စာရေးသူ ရေရွတ် မိနေသေး....ပြုံးမိနေ သေး



စာရေးသူအကြိုက်ဆုံးကတော့ မိုးရွာထဲမှာ ဘောလုံးကန် ရတာပါဘဲ။ စာရေးသူတို့ ဘောလုံးကန်တဲ့ ခြံက သံမန်တလင်းခင်း ထားတော့ မိုးရာသီဆို ရေညီု ဗလပွနဲ့ဘဲ။ မိုးရွာထဲမှာ တ ဘိုင်းဘိုင်း လဲ ရင်း ဘောလုံးကန်ရတဲ့ အရသာကို စာရေးသူ ခုချိန်ထိ မေ့လို့မရခဲ့ဘူး။ ဒီကြားထဲ ခြံထဲက သရက်ပင် က သရက်သီးတွေ ကြွေကျ လို့ပြေးကောက်ရတာအမော ....။ ဘောလုံးကန်လို့ဝတော့ မောမောနဲ့ ကောက်ထားတဲ့ သရက်သီး ကို ငံပြာရည်၊ငရုတ်သီးအကျက်မှုန့် နဲ့ကစ် တာ....အား .....ဘာပြောကောင်းမလဲ။

အဲဒီအချိန်မှာ လျှပ်စီး များလက် လိုက်လို့ကတော့ သရက်သီးလဲ နားတော့ ၊" အနော မပါဘူးဆိုပြီး "တချိုးထဲ အိမ်ထဲဝင်ပြေးတာ....အား .....ဘာပြောကောင်းမလဲ။


စာရေးသူငယ်ငယ် ကဆော့တာတော့မမေးနဲ့။ ပေါက်ပေါက်ရှာရှာ ကိုဆော့တာ။ ခြံထဲမှာဆော့ပြီဆိုရင် အိမ်ခေါင်မိုး ပေါ်ပါရောက်တယ်။ တူတူပုန်းပြီ ဆိုလဲ မြွေမကြောက်ကင်းမကြောက် ချောင်ကြိုချောင်ကြားထိ ဝင်ပုန်းတာ။ နောက်ဆုံး ဆန်အိုးထဲပါ ရောက်တယ်။အဲလို ကို ဆော့တာ......


မှတ်မိသေးတယ်။ စာရေးသူ တို့ အဖွားက စာရေးသူတို့ကိုတော်တော် ချစ်တာ။တော်ရုံတန်ရုံဆို ဘာမှကိုမပြောတာ။ မှတ်မှတ်ရရ စာရေးသူတသက် အဖွားရိုက်တာနှစ်ခါ ဘဲခံ ရဖူးတယ်။ နှစ်ခါ လုံးကဆော့လို့ကြီးဘဲ။ ဘယ်လိုလဲဆိုတော့ ငယ်ငယ်ထဲက ဇာတိပြဆိုသလို မှာအရက် သောက်တိုင်းကစားတာ။ကစားပုံ ကကြည့်ဦး ခွက်ထဲရေထည့်ပြီး ဘေးနားက အဖွားဝယ် ထားတဲ့ ၅ထပ်သားပြားကို တ ဗျန်းဗျန်း နဲ့သွန်းတာ။ cheer ! အော်လိုက် ပက်လိုက် ခွက်မြှောက်လိုက် ပက်လိုက် နောက်ဆုံး အဖွား၅ထပ်သားတွေ ရွှဲတဲ့အထိ ဘဲ။ ဘာပြောကောင်းမလဲ အဖွား ကျိန်လုံး နဲ့ဆော်တာ ခြေသလုံးလဲ အ လျှိုးရာကြီး ဘဲ။

နောက်တခါကျတော့ ၊ စာရေးသူ တို့ ခြံထဲမှာ ရေချိုးတဲ့ အုတ်ကန်တကန်ရှိတယ်။ ငယ်ငယ်တုန်းစနေနေ့ နေခင်းဆို ကလာတဲ့ tele match အစီအစဉ် ကို ကြည့်ပြီး အဖွားရဲ့ အုတ်ကန် ထဲဝင်ပြီး စာရေးသူတို့ညီအကိုတွေ tele match ကျတာ ......ဟီဟီ.
ဘာပြောကောင်း မလဲ။ အဖွားကျိန်လုံး က ရွှမ်း ကနဲ ရွှမ်း ကနဲ ။အဖွားရိုက် တာနာပေမယ့် အဲဒီ အချိန်တုန်း က ပျော်လွန်းလို့ အဖွားရှေ့မှာမရီ မိအောင်မနည်းထိန်း နေရတယ်။

(အခုတော့ စာရေးသူရဲ့ အဖွား ဆုံးတာ ဆယ်နှစ် ကျော်ပါပြီ)


မှတ်မိသေးတယ်။ စာရေးသူ တို့ခြံနောက်ဖက်မှာ အိမ်နီးချင်းခြံ ကြီးတခြံရှိ တယ်။ အဲဒီခြံကလဲ စာရေးသူ ဘော်ဘော့် ခြံဘဲ ဆိုတော့စာရေးသူတို့ စိတ်ကြိုက်ကစားစေ ဘဲ။ စာရေးသူ ဘော်ဒါ့ နာမည်က ဖိုးဇေ တဲ့။ ဒါနဲ့ ဖိုးဇေ့ တို့ခြံဆိုလို့ပြောရဦးမယ်။ သူတို့ခြံက တော်တော့် ကို ကျယ်တာ (အခု တော့အဲဒီခြံက ပိုင်းရောင်းရင်းနဲ့ အရင်လောက် မကျယ်တော့ဘူး)၊ခြံထဲမှာဆိုလဲ မကျည်း၊ဇီး၊သံပရာ၊တရုတ်စကား၊ကံ့ကော်၊ပိတောက် .......
အိုး !.....အပင်တွေဆိုတာ အစုံပါဘဲဗျာ။အဲ ဒီထဲမှာ စာရေးသူတို့ target က ဇီးပင်တွေဘဲ ။
ဇီးသီးပေါ်ချိန်ဆို စာရေးသူတို့ညီအကိုတွေ ဖိုးဇေ တို့ခြံကို အုပ်လိုက် ချီတတ်တာ။
ပြီးမှ လူစုခွဲပြီး ဇီးသီးခူး ကြပြီ။ ခူး တယ်ဆိုတာ လဲ တစ်လုံး၂လုံး မထင်နဲ့ ။
အင်္ကျီ ကို အိတ် လိုလုပ်ပြီး အပြည့် ကစ်တာ။ ပြီး မှ လူပြန်စုပြီး အရိပ်ကောင်းတဲ့ မန်ကျီးပင် အောက်မှာ သွားပြီး ဇီးသီးနဲ့ငံပြာရည် နဲ့ကစ် တာ ..... ရှလွှတ် ...ပြောရင်းနဲ့တောင် သရေကျတယ်။



စာရေးသူတို့ ငယ်ငယ် က အဲလိုဆော့ ခဲ့ကြတာ။ လသာတဲ့ ည များဆို ငယ်ငယ် တုန်းက သူငယ်ချင်းတွေကို သတိရပြီး သူတို့နဲ့ကစားခဲ့ တာ တွေပြန်မြင်နေမိတယ် ။တကယ်တော့ လူ တိုင်း လူတိုင်း မှာ ပျော်စရာကောင်း တဲ့ ငယ့်ဘဝ ကိုယ်စီ တော့ ပိုင်ဆိုင်ဖူးကျ မှာပါ။ အဲဒီ ပြန်မရနိုင် တဲ့ ငယ့်ဘဝကိုအသက်ရ လာလေလေ တန်ဖိုး ထားတတ်လေလေ ပါဘဲဗျာ။



"~~~ည အ ခါ ~~~~ လသာသာ ~~~ကစားမလား~~~ နားမလား~~~~~ "



စာရေးသူ ရေရွတ် မိနေသေး....ပြုံးမိနေ သေး



့(P.S ဒီ post ရေးရင် နဲ့ ကွယ်လွန်သွား သော စာရေးသူ အဖွား နဲ့ ငယ်သူငယ်ချင်း ဖိုးဇေ ကို သတိတရ..)



ုကြိုးစားပါဦးမည်။

မောင်bee

Tuesday, September 23, 2008

အမေ နှင့် ရွာကို လွမ်းတယ်....












~ ~ လောကရဲ့ လမ်းများကို ...လျှောက်သွား ရင်း နဲ့မောပန်း နွမ်းနယ် ..~ ~
~ ~ နလုံးသား က လွမ်းဆွတ်လို့..... တမ်းတမိ ခဲ့ ... အမေ့ ရဲ့အိမ် ကို ~ ~
~ ~ အေးမြ တဲ့ အမေ့ရဲ့ မေတ္တာ ရိပ် နဲ့ .......ဝေး ခဲ့ သူ မို့ .............~ ~
~ ~ တခါတလေ ပြန်လည် တွေးရင်.......... ရင်မှာ ကို..ကြေကွဲ ~ ~

အော... ဘာလိုလို နဲ့ ...အမေ နှင့် ရွာကို ခွဲခဲ့ ရတာ၂နှစ် နီးပါး ရှိခဲ့ပြီပေါ့....
ဒီချိန်ဆို အမေ ဘာများလုပ်နေမလဲ. . .? ရွာမှာ ဘာတွေ ပြောင်း လဲနေ ပြီ လဲ .. .?

ကိုငှက် ရဲ့ အ မေ့ အိမ် သီချင်းလေး ကြားတော့... စာရေးသူ စိတ်ထဲမကောင်းဘူး။ အ လဲ့.. . ကို့ ကို ကို စာရေးသူ လို့ပြောလိုက်လို့ အထင်တော့ မကြီးလိုက်နဲ့။ ငယ်ငယ် ကတည်းက စာရေးဆရာ တွေ အဲလို နမ်စား သုံး တာ သိပ်သဘောကျခဲ့ တာ။
စာရေးသူ တို့ရွာ ဆိုတာ လော်စပီကာ မရှိ။အဲ ကာရာအိုကေ ရှိတယ်။ နောက်ပြီး ဆိုက်ကယ် မရှိ။ဆိုက်ကား တော့ ရှိ တယ်။ လှည်းလမ်း မရှိ။ အ မယ် ကား လမ်း ကြီး တွေရှိတယ်ဗျား။ ဒီ လောက်ဆို စာရေးသူ တို့ ဇာတိချက်ကြွေမွေးရပ်မြေ ကို သိလောက် ရောပေါ့။ အမှန်တော့ စာရေးသူ တို့ရွာဆိုတာ ရန်ကုန် ကိုပြောတာ။ ဟဲ ဟဲ ။
ဒီ post title လိုက်အောင် လျှောက်ဖြီး နေ တာ။ ဟဲ ဟဲ ။ ဖြီးလက်စ နဲ့တော့မထူး ဘူးလေ။ ဆက် ဖြီး ပါရစေ တော့။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
နံနက်မိုးသောက်တိုင်း အမေ ဘုရားဝတ်ပြုလို့ကြားရတဲ့ ကြေးစီ သံလေး မကြားရတာ ကြာပေါ့။ မနက်တိုင်း အမေ ကြော်ကျွေး တဲ့ မြန်မာ ပဲပြုတ်ထမင်းကြော် .....စားချင်နေမိတယ်။
ကံကောင်းလွန်းလို့ စားရရင်တောင် အမေ့ လက်ရာတော့မှီမယ် မထင်ပါဘူးလေ။
အော အမေ မေ့ လို့ .. ကျွန်တော် tea သွားသွား ဆွဲနေတဲ့ ဦးဖိုးထောင်တို့ ဆိုင် ကောရှိသေးလား ။ဟို လေ lucky seven ဆိုတာလေ။ အမေကြိုက် တယ် ဆိုတဲ့ ပဲပလာတာ က အဲဒီ ဆိုင်ကလေ။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
အမေ ....နေမှ ကောင်းရဲ့လား? ရွာမှာတော့ ကျွန်တော် မရှိတုန်း တော်တော် ပြောင်းလည်သွားတယ်ဆို. .ရွာထိပ် က လက်ပံပင်ကြီးလည်း အပွင့်မရှိတော့ဘူး တဲ့။ သင်္ကြန်ဆို ဝေနေအောင်ပွင့်တဲ့ ရွာက ပိတောက်ပင် ကြီးဆိုလည်း မပွင့်နိုင်တော့ဘူး တဲ့ ။ ဟိုး တလောက နာဂစ် ဝင်လို့ ရွာမှာရှိတဲ့အပင် တွေ ကုန်ပြီလို့ ကိုရင်သာဂိ အလည်လာတုန်းကပြောသွားတယ်။ ဟုတ်လား အမေ ? ။ ဒါဆို ငယ်ငယ် က ကျွန်တော် နဲ့ မယ်တင် တို့ စိမ်ပြေးတမ်း ကစားခဲ့တဲ့ ကံ့ကောတန်း လည်း ရွက်ဟောင်းကြွေလို့ ရွက်သစ်မဝေနိုင်တော့ဘူး ပေါ့။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
နေခင်း ထမင်စားချိန် ဆို အမေချက်တဲ့ ကြက်သားဆီပြန် ကို မရမ်းသီးငပိချက် လေး နဲ့လွေး ချင် တာ...
ဟိုလေ ....ပြီးတော့.. ညနေ ဆို ရွာမြောက်ပိုင်း IBC ကန်ဘောင်မှာလုံမပျို တွေ ရေခပ်ဆင်း ကြရောပေါ့
အမေတော့ သိမှာ မဟုတ်ဘူး။ ဒါက ကာလသားခေါင်း ကိုရင်ချက်ကြီး တို့ ကိုရင်အောင်ဘု တို့မှသိမှာ...။
ုညီမလေး မိညက်ကို တော့ ရေသွား မခပ် ခိုင်းနဲ့အမေ။ alpine တို့ oasis တို့ရှိ တာဘဲ။
ဒီနေရာ မှာတော့ပိုက်ဆံ မနမြှော နဲ့အ မေ။ ဝမ်းရောဂါ ရ မှာဆိုလို့။ ... နော်.... အ မေ။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
ညဦး ပိုင်း လောက်ဆို ရွာတောင်ပိုင်းက power light ထန်းတော မှာ ထန်းရေ လေးသောက်၊ မိမိုးမဲ တို့ ( M3 ) ဆိုင်မှာ ကာရာအိုကေ လေ ဟဲ....ဟန်ကိုကျနေတာ ဘဲ...။ လွမ်းတယ် အမေ ရယ်။ တော်တော် သိ သိ သာသာကိုလွမ်းတာ။ဒါ နဲ့ ရွာက မျှော်စဉ် ကျွန်းဘုရားပွဲ တို့ မြရိပ်ညို ဇာတ်ပွဲ တို့ ရော လုပ်သေးလား မသိဘူး။

့မယ်တင် လေး လဲ ကျွန်တော့်ကို လွမ်းရှာ ရော ပေါ့။
သူကော အမေဆီ လားသေးလား? ဟိုးတလောက သံကြိုးစာ မှာ ဒီတစ်ခေါက် သီတင်းကျွတ် လို့ ရွာကိုပြန်မလာရင် ဘဒွေး ခွေးပု ရဲ့ သား ဖိုးစိန်ကိုဘဲ ယူလိုက်တော့မယ် ပြောတယ် အမေ။
ဒီတစ်ခါ အမေဆီလာရင် နား ချ ပေးပါအုန်း

ဘာဘဲ ဖြစ်ဖြစ် ဒီတခေါက် သီတင်းကျွတ်တော့ အမေ ကိုကန်တော့ ရင်း ရွာ ကို တ ခေါက် ပြန်ဦး မယ်....လို့ စာရေးသူ စိတ်ကူးမိတယ်။
အဲဒီအခါ ကျရင် ရွာအဝင်လမ်းက ရန်ကုန် international airport မှာ အမေနဲ့မယ်တင် လာကြိုမှာကို စာရေးသူ စိတ်ကူးနဲ့ပုံဖော်ကြည့် နေမိတယ်။

~~~ အိမ်ပြန်ချင်တယ်..... ဟူး ..... အငြိမ်အချမ်းဆုံး အမေ့အိမ် ~~~
~~~ အိမ်ပြန်ချင်တယ် .....ဟူး .....အနွေးထွေးဆုံး အမေ့အိမ့် ~~~
~~~ အိပ်မရတဲ့ ညများစွာ ထဲ အိုး ရ ထားဥဩသံ လေးများကြား ရင်း ~ ~
~ ~ အိမ်ပြန် ချင်တဲ့စိတ်ကလေး တားမရဘူး ~ ~ ~

စာရေးသူ။ ။Blog ရဲ့ ပထမ ဆုံး post အဖြစ် နဲ့ အမေ ကို ကန်တော့ ရင်း ကျွန်တော် ထာဝရ လေးစားရသော ဦးငှက်(ထူးအိမ်သင်-ကွယ်လွန်) ကို သတိတရ.......