Wednesday, September 24, 2008

ပျော်ဖို့ကောင်းတဲ့ ဟိုးငယ်ငယ်တုန်း က

စာရေးသူ ငယ်ငယ်တုန်းက မီးကုန်ရမ်းကုန် ကို ဆော့တာ။
အ ခု ခေတ် ကလေး တွေကိုကြည့်ပြီး သနားမိ တယ်။သူတို့ လေး တွေ ခမျာ စာရေးသူတို့ငယ်ငယ်က လောက်မကစားရတော့ တာအမှန်ဘဲ။ ကျောင်းတက်၊ကျူရှင်သင်၊ guide ယူနဲ့ ကလေးတွေခမျာ ဆော့ဖို့ဝေလာဝေး ။ နားဖို့အချိန်တောင်မရှိသလောက်ဘဲ ။ဒါလည်း မိဘတွေ အပြစ်တော့မဟုတ်ဘူး။ အခု ခေတ်က အဲလောက် လုပ်နိုင်မှ တော်ကာကျမယ် ဆိုတာ စာရေးသူတို့ မျက်မြင်ဘဲလေ။ နောက်ပြီး တချို့ကလေးတွေ ဆိုရင် စာရေးသူငယ်ငယ် ကဆော့တဲ့ ကစားနည်းတွေကြားဖူးမှာတောင်မဟုတ်ဘူး။


စာရေးသူ ငယ်ငယ် က ကစားနည်းမျိုးစုံဘဲ မိန်းကလေး ယောက်ကျားလေး မခွဲဘူး အကုန်ဆော့တာ။အဲဒီခေတ်တုန်း က အခုလို video gameတွေ ခေတ်မှမစားသေးတာ.... ပေါ်တော့ပေါ်နေပြီ။ ဒါပေမယ့် စာရေးသူ ကိုယ်တိုင်က video game တွေထက်စာရင် ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး ကစားခုန်စားရတာ ကိုပိုသဘောကျတယ်လေ။


စိန်ပြေးတမ်း၊ဆက်မိဆက်လိုက် ဆိုလဲ ပါတယ်။ တူတူဆိုလည်း ပုန်းလိုက်တာဘဲ။ လသာတဲ့ ညတွေဆို ထုပ်ဆီးပါတိုးပစ် တာ။ ပျော်ဖို့ကောင်းသလားတော့မမေးနဲ့။ (မြန်မာရိုးရာ ကစာနည်း များအား နောက်များမှ လက်လှမ်းမှီ သလောက် သီးသန့်ဖော်ပြပါဦးမည်)

်ပြီးတော့ ကင်းပူ ထိုးကြတာ ရှယ်ဘဲ။ ကင်းပူ ဆိုတာ သိ လား။ တစ်ဖက် ကို ၃ယောက် လောက်ဆို အတော်ဘဲ။ ပထမဦး ဆုံး နို့ဆီ ခွက် ဒါမှမဟုတ် ဖိနပ် ထောင်ထားရတယ်ဗျာ။ ပြီးတော့ ပြေးမည့်ဘက် က သတ်မှတ်စည်း ကနေ ဟွန်န ထောင်ထားတဲ့ နို့ဆီခွက် ကို ထိအောင် တယောက်ချင်းပစ် ရတယ်။ အကယ်၍ တယောက်မှမထိရင်တော့ လိုက်တဲ့ဘက်က ပြောင်းပြီးပစ်ရတယ်။ထိပြီဆို ရင် ပြေးပေတော့ဘဲ။ ပြေးပြီဆို ရင် လိုက်တဲ့ဘက်ကသူတွေက ဘောလုံးနဲ့အပေးအယူလုပ်ပြီး လိုက်ပေါက်ရတယ်။ ဒီလို နဲ့ ပြေးတဲ့သူတွေဟာ ပြေးရင်းလွှားရင်း ဟွန်နက လည်နေတဲ့ နို့ဆီခွက် ကိုပြန်ထောင်ရတဲ့ကစာနည်း ပါ။ ပျော်ဖို့ ကောင်းသလို ကျားမ မရွေး ကစားနိုင်တဲ့ game ပါ။ စာရေးသူ ငယ်စဉ်က favourite game တခုပေါ့။ဒါပေမယ့် ဒီ game က ကစားသူများ မှ ok တာ, အနည်းဆုံးတော့ ၆ယောက် လောက်လိုတယ်လေ။

"ဒေါက် ဒေါက် ဒေါက် ဘယ်သူလဲ မောင်bee အဲ ဟုတ်ဘူး ယောင်လို့ အ ရူးမ ကြီး မစာဥ "

တခါတလေ စာရေးသူ ရေရွတ် မိနေသေး....ပြုံးမိနေ သေး



စာရေးသူအကြိုက်ဆုံးကတော့ မိုးရွာထဲမှာ ဘောလုံးကန် ရတာပါဘဲ။ စာရေးသူတို့ ဘောလုံးကန်တဲ့ ခြံက သံမန်တလင်းခင်း ထားတော့ မိုးရာသီဆို ရေညီု ဗလပွနဲ့ဘဲ။ မိုးရွာထဲမှာ တ ဘိုင်းဘိုင်း လဲ ရင်း ဘောလုံးကန်ရတဲ့ အရသာကို စာရေးသူ ခုချိန်ထိ မေ့လို့မရခဲ့ဘူး။ ဒီကြားထဲ ခြံထဲက သရက်ပင် က သရက်သီးတွေ ကြွေကျ လို့ပြေးကောက်ရတာအမော ....။ ဘောလုံးကန်လို့ဝတော့ မောမောနဲ့ ကောက်ထားတဲ့ သရက်သီး ကို ငံပြာရည်၊ငရုတ်သီးအကျက်မှုန့် နဲ့ကစ် တာ....အား .....ဘာပြောကောင်းမလဲ။

အဲဒီအချိန်မှာ လျှပ်စီး များလက် လိုက်လို့ကတော့ သရက်သီးလဲ နားတော့ ၊" အနော မပါဘူးဆိုပြီး "တချိုးထဲ အိမ်ထဲဝင်ပြေးတာ....အား .....ဘာပြောကောင်းမလဲ။


စာရေးသူငယ်ငယ် ကဆော့တာတော့မမေးနဲ့။ ပေါက်ပေါက်ရှာရှာ ကိုဆော့တာ။ ခြံထဲမှာဆော့ပြီဆိုရင် အိမ်ခေါင်မိုး ပေါ်ပါရောက်တယ်။ တူတူပုန်းပြီ ဆိုလဲ မြွေမကြောက်ကင်းမကြောက် ချောင်ကြိုချောင်ကြားထိ ဝင်ပုန်းတာ။ နောက်ဆုံး ဆန်အိုးထဲပါ ရောက်တယ်။အဲလို ကို ဆော့တာ......


မှတ်မိသေးတယ်။ စာရေးသူ တို့ အဖွားက စာရေးသူတို့ကိုတော်တော် ချစ်တာ။တော်ရုံတန်ရုံဆို ဘာမှကိုမပြောတာ။ မှတ်မှတ်ရရ စာရေးသူတသက် အဖွားရိုက်တာနှစ်ခါ ဘဲခံ ရဖူးတယ်။ နှစ်ခါ လုံးကဆော့လို့ကြီးဘဲ။ ဘယ်လိုလဲဆိုတော့ ငယ်ငယ်ထဲက ဇာတိပြဆိုသလို မှာအရက် သောက်တိုင်းကစားတာ။ကစားပုံ ကကြည့်ဦး ခွက်ထဲရေထည့်ပြီး ဘေးနားက အဖွားဝယ် ထားတဲ့ ၅ထပ်သားပြားကို တ ဗျန်းဗျန်း နဲ့သွန်းတာ။ cheer ! အော်လိုက် ပက်လိုက် ခွက်မြှောက်လိုက် ပက်လိုက် နောက်ဆုံး အဖွား၅ထပ်သားတွေ ရွှဲတဲ့အထိ ဘဲ။ ဘာပြောကောင်းမလဲ အဖွား ကျိန်လုံး နဲ့ဆော်တာ ခြေသလုံးလဲ အ လျှိုးရာကြီး ဘဲ။

နောက်တခါကျတော့ ၊ စာရေးသူ တို့ ခြံထဲမှာ ရေချိုးတဲ့ အုတ်ကန်တကန်ရှိတယ်။ ငယ်ငယ်တုန်းစနေနေ့ နေခင်းဆို ကလာတဲ့ tele match အစီအစဉ် ကို ကြည့်ပြီး အဖွားရဲ့ အုတ်ကန် ထဲဝင်ပြီး စာရေးသူတို့ညီအကိုတွေ tele match ကျတာ ......ဟီဟီ.
ဘာပြောကောင်း မလဲ။ အဖွားကျိန်လုံး က ရွှမ်း ကနဲ ရွှမ်း ကနဲ ။အဖွားရိုက် တာနာပေမယ့် အဲဒီ အချိန်တုန်း က ပျော်လွန်းလို့ အဖွားရှေ့မှာမရီ မိအောင်မနည်းထိန်း နေရတယ်။

(အခုတော့ စာရေးသူရဲ့ အဖွား ဆုံးတာ ဆယ်နှစ် ကျော်ပါပြီ)


မှတ်မိသေးတယ်။ စာရေးသူ တို့ခြံနောက်ဖက်မှာ အိမ်နီးချင်းခြံ ကြီးတခြံရှိ တယ်။ အဲဒီခြံကလဲ စာရေးသူ ဘော်ဘော့် ခြံဘဲ ဆိုတော့စာရေးသူတို့ စိတ်ကြိုက်ကစားစေ ဘဲ။ စာရေးသူ ဘော်ဒါ့ နာမည်က ဖိုးဇေ တဲ့။ ဒါနဲ့ ဖိုးဇေ့ တို့ခြံဆိုလို့ပြောရဦးမယ်။ သူတို့ခြံက တော်တော့် ကို ကျယ်တာ (အခု တော့အဲဒီခြံက ပိုင်းရောင်းရင်းနဲ့ အရင်လောက် မကျယ်တော့ဘူး)၊ခြံထဲမှာဆိုလဲ မကျည်း၊ဇီး၊သံပရာ၊တရုတ်စကား၊ကံ့ကော်၊ပိတောက် .......
အိုး !.....အပင်တွေဆိုတာ အစုံပါဘဲဗျာ။အဲ ဒီထဲမှာ စာရေးသူတို့ target က ဇီးပင်တွေဘဲ ။
ဇီးသီးပေါ်ချိန်ဆို စာရေးသူတို့ညီအကိုတွေ ဖိုးဇေ တို့ခြံကို အုပ်လိုက် ချီတတ်တာ။
ပြီးမှ လူစုခွဲပြီး ဇီးသီးခူး ကြပြီ။ ခူး တယ်ဆိုတာ လဲ တစ်လုံး၂လုံး မထင်နဲ့ ။
အင်္ကျီ ကို အိတ် လိုလုပ်ပြီး အပြည့် ကစ်တာ။ ပြီး မှ လူပြန်စုပြီး အရိပ်ကောင်းတဲ့ မန်ကျီးပင် အောက်မှာ သွားပြီး ဇီးသီးနဲ့ငံပြာရည် နဲ့ကစ် တာ ..... ရှလွှတ် ...ပြောရင်းနဲ့တောင် သရေကျတယ်။



စာရေးသူတို့ ငယ်ငယ် က အဲလိုဆော့ ခဲ့ကြတာ။ လသာတဲ့ ည များဆို ငယ်ငယ် တုန်းက သူငယ်ချင်းတွေကို သတိရပြီး သူတို့နဲ့ကစားခဲ့ တာ တွေပြန်မြင်နေမိတယ် ။တကယ်တော့ လူ တိုင်း လူတိုင်း မှာ ပျော်စရာကောင်း တဲ့ ငယ့်ဘဝ ကိုယ်စီ တော့ ပိုင်ဆိုင်ဖူးကျ မှာပါ။ အဲဒီ ပြန်မရနိုင် တဲ့ ငယ့်ဘဝကိုအသက်ရ လာလေလေ တန်ဖိုး ထားတတ်လေလေ ပါဘဲဗျာ။



"~~~ည အ ခါ ~~~~ လသာသာ ~~~ကစားမလား~~~ နားမလား~~~~~ "



စာရေးသူ ရေရွတ် မိနေသေး....ပြုံးမိနေ သေး



့(P.S ဒီ post ရေးရင် နဲ့ ကွယ်လွန်သွား သော စာရေးသူ အဖွား နဲ့ ငယ်သူငယ်ချင်း ဖိုးဇေ ကို သတိတရ..)



ုကြိုးစားပါဦးမည်။

မောင်bee

5 comments:

သံလွင် HeRo said...

ှဗျိုး...စာရေးသူ...ကျနော်တောင် အခုမှသူငယ်ပြန်ချင်စိတ်ပေါက်လာပြီ...ဆက်ဖြတ်ဆက်လိုက်တော့မသိဘူး...ထားဝယ်မှာတော့
ကျောက်ရုပ်ကျောက်ဖြတ်လို့ခေါ်တာဘဲ...ငယ်ငယ်ကဆိုရင်ရွာကဘော်ဘော်တွေနဲ့တစ်ရပ်ကွက်
လုံးပတ်ပြေးကြတာ...ရေလည်ပျော်ဖို့ကောင်းတယ်
ဟားဟား

တောင်ပေါ်သား said...

အစ်ကိုရေ အစ်ကိုပြောမှပဲ ငယ်ဘ၀ကို အရမ်းသတိရတော့တယ်ဗျာ.. ကျနော်တို့ ငယ်ငယ်တုန်းကလည်း တင်းပူဆိုတာဆော့တယ်ဗျ.. ဘောလုံးလည်း ကန်တာပဲ.. အဒေါ်တွေနဲ့ ထုတ်စီးလည်း ထိုးတာပဲ.. တူးတူးလဲ ပုန်းကြတယ်ဗျ... အခုကလေးတွေကတော့ ဘာမှ မသိတော့ဘူးဗျ.. သူတို့ကို တစ်ကယ်သနားမိတယ်ဗျာ.. အထူးသဖြင့် မြို့ပြက လူတွေကိုပေါ့

g|-|0$7 said...

တော်သေးတာပေါ့ လင်မယားလုပ်တမ်းကစားတာပါ ထည့်မရေးလို့ :P

မောင်bee said...

ကိုတောင်ပေါ်သား လာလည်သွားတာ ကျေးဇူး။ ညီလေး သံလွင် ဆက်ဖျက်ဆက်လိုက် မဟုတ်ဘူး ဆက်မိဆက်လိုက်လေ။ နောက်နေ့မှဆော့ ပြမယ်။

:P said...

ဆက်ဖြတ်ဆက်လိုက် = ကျောက်ရုပ် ကျောက်ဖျက် လို့ ခေါ်သေးတယ်။
ဟွန်နက = စောစောက လို့ဆိုလိုတယ်ထင်ပါတယ်။