Friday, January 30, 2009

ရွှိုက် ( သို့ ) ပျော်ခဲ့ရသော ချောင်းသာ

" ရွှိုက် ...."

မောင်ဘီးတို့ သူငယ်ချင်းတွေ ပြိုင်တူအော် လိုက်ကြတယ်။ အဲဒါဘာကြီးလဲ လို့ မေးမလို့လား?
ရွှိုက် ဆိုတာ မောင်ဘီး တို့ထွင်ထားတဲ့ သာမန်လူငယ် ဘန်းစကား လေးတခု ပါ။ ဘာရယ်မဟုတ်ပါဘူး ဒါပေမယ့် အဲဒီ ရွှိုက် လို့ သူငယ်ချင်းတွေ ပြိုင်တူအော် လိုက်ရတဲ့အချိန် မှာတော့ ကျွန်တော်တို့ရင်ထဲမှာပေါ့ပါးခြင်း၊လွတ်လပ်ခြင်း၊လန်းဆန်းခြင်း၊ညီညွတ်ခြင်း၊
ကျီစယ်ခြင်း၊ကြည်နူးခြင်း စတဲ့စတဲ့ အပျော်ခံစားမှုလေးတွေ ပျော်ဝင်စီးဆင်း ခဲ့ကြရပါတယ်။ ဒါ့အပြင် ဒီအသံကို အော်လိုက်ကြားလိုက်တဲ့အချိန်ခဏမှာတင် သူငယ်ချင်းတွေရဲ့စိတ်ကိုစုစည်းပေးသလို အားထည့်ပေးလိုက်သလိုဖြစ်ခဲ့ကြရ ပြန်ပါတယ် ။ဘာလို့လဲ ဆိုတော့ ဇာတ်လမ်းက ဒီလိုဗျာ။

ကဲ ........ ရွှိုက်!

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပေါ့ဗျာ။ မောင်ဘီး တယောက် မခွဲစဖူး တနှစ်နီးပါးခွဲခဲ့ရတဲ့ ဇာတိချက်ကြွေ ရန်ကုန်မြေ ကို ပထမဆုံး အလည်ပြန်ပါတယ်။ မိသားစု တွေ၊ သူငယ်ချင်း တွေ မတွေ့ရတာကလည်းကြာ၊ ရန်ကုန်မှာလို ပေါ့ပေါ့ပါးပါး မနေရတာလည်း ကြာပြီ ဆိုတော့ မောင်ဘီး ပျော်တာ မပြောနဲ့ မြင်တောင်မကောင်းဘူး။ ဒီလိုနဲ့ရန်ကုန် ရောက်တော့လည်း မိဘ၊ဆွေမျိုးတွေက ကျောင်းပိတ်ပြန်လာတဲ့ သားဆိုတော့ ဖူး ဖူး ကို မှုတ်နေတာ။ အဟိ ဟီ ။ လေဖြတ်မှာတောင် ကြောက်ရတယ် (မောင်ဘီး တို့ကြွေတက်ပုံ ပြောပါတယ်)။ထားပါတော့။

ဒီလိုနဲ့ ရန်ကုန်မှာကဲလို့အားမရတော့ သူငယ်ချင်းတွေအကုန်စုပြီး ချောင်းသာထိသွားပြီး သောင်းကျန်းဖို့ဖြစ်လာပါတယ်။ ဒါနဲ့ပြောရဦးမယ်။ မောင်ဘီးတသက်မှာ ချောင်းသာလောက်ရောက်တာ ချောင်းသာ ဘဲ။ အမေ တို့နဲ့လည်း ခဏခဏ ရောက်သလို၊ သူငယ်ချင်းတွေနဲ့ဆိုရင် ဒီတခါ ...တတိယ အကြိမ်ပါ။ သွားတာလည်းမပြောနဲ့ ရန်ကုန်နဲ့ကလဲသိပ်မဝေး၊လူငယ်စရိုက်နဲ့ လည်းကိုက်တာကြောင့် သူငယ်ချင်းတွေ ခရီးထွက်မယ်ဆိုရင် ချောင်းသာဘဲ မျက်စောင်းဝိုင်းထိုးကြတယ်။

ဒီလိုနဲ့ချောင်းသာ သွားဖြစ်တော့ ဒီတခေါက် လူတော်တော်တော် စုံပါတယ်။ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ​‌​ချစ်လုံး၊ဘောလေး၊ထည်ကြီး၊ဇေယျာမြင့်(မျောက်မူးလဲ)၊တောင်တွင်းကြီး အကုန်ပါဘဲဗျာ။ခါတိုင်းဆို ဟိုအကြောင်းပြဒီအကြောင်းပြပြီး ရည်းစားနားဘဲကပ်ကပ် နေတဲ့ ဆရာဝန် ချီးချီး လည်း ပါလာပါတယ်။ ဘန်ကောက်မှာ အလုပ်များချင်ယောင်ဆောင် နေတဲ့ ဟိုသကောင့်သား ရွှေချိုကလွဲရင် လူစုံပါတယ် လို့ဆိုရပါမယ်။ (မှတ်ပလား မလာချင်ဦး :P )

ဒီလိုနဲ့ ခရီးထွက်မယ့်နေ့ ရောက်တော့ ကျွန်တော်တို့ စုရပ် က အင်းစိန်လမ်းမပေါ်က စံရိပ်ငြိမ် မှတ်တိုင်နား မှာဖြစ်ပါတယ်။ ရန်ကုန်-ချောင်းသာ Express ကား က ၁၁နာရီလာခေါ်မယ်ဆိုရင် ၁၀နာရီလောက်ကတည်းက မောင်ဘီးတို့တသိုက် လူစုံသက်စုံ စ " ရွှိုက်" နေပါပြီ။ " ရွှိုက်" ပုံက ဒီလိုလေ။

အဲဒီချိန်မှာ ဂစ်တာတီး ရင်း ကားစောင့်နေတဲ့ ကျွန်တော်တို့အဖွဲ့နားက ကောင်မလေးခပ်ချောချော နှစ်ယောက်ဖြတ်သွားပါတယ်။(ချောတယ်လို့ ထင်တာဘဲ မှောင်နေတော့ သေချာတောင်မမြင်လိုက်ဘူး ဟီး)
ဒါကိုတွေ့လိုက်တဲ့ ဘောလေး က ဘာမဆိုင်ညာမဆိုင် နဲ့ ခပ်ကျယ်ကျယ်လေး ထအော်ပါတယ်။

"ရွှိုက် !"

ပထမတော့ ကျွန်တော်တို့လည်းဘယ်သိမလဲ? နည်းနည်းကြောင်သွားတာပေါ့။
"ရှိတ်"ဆိုလည်း "ရှိတ်" , "ကြည်"့ ဆိုလည်း "ကြည့်" ...
လက်တို့လည်း တိုးတိုးပေါ့ဗျာ။ အခုတော့ လုပ်ပုံ က "ရွှိုက်" တဲ့ အော်ချလိုက်တာ။တဖွဲ့လုံးလည်း အဲဒီကို အာရုံရောက်ကုန်တယ် ဗျ။ ပြီးတော့ အစောက ကောင်မလေးနှစ်ယောက်လည်း အူကြောင်ကြောင်ကိုဖြစ်လို့။သူတို့ဘဲနောက်သလို သူ့ကသူ ဘဲအော်သလိုလို။ ဘာမှန်းကိုမသိဘူး။ ဘောလေးကတော့ မသိချင်ယောင်ဆောင်ပြီး မျက်နာတောင်ပြောင်လိုက်သေး။ အဲဒီကျမှ ကျွန်တော်တို့လည်းပေါက်လိုက်ပြီ။

သဘောကတော့ အားလုံးအသင့်၊ကောင်မလေးတွေလာတယ် ရှိတ်ကြ၊ ပြောင်ကြပေါ့ဗျာ။
အရှင်းဆုံး ပြောရရင် အခွက်ပြောင်ဖို့ ညာသံပေးလိုက်တဲ့ သဘော။ စကားကလည်း အသစ်၊ ဘာမှန်းကလည်းမသိဆိုတော့ အားလုံး တော်တော်သဘောကျသွားကြတယ်။ ဒါနဲ့ဘဲ

ကောင်မလေးတွေလာရင် "ရွှိုက်"
မမ ကြီးတွေအန်တီကြီးတွေလာလည်း ဘာရယ် မဟုတ်ဘူး "ရွှိုက်"
အဲမယ် ဆိုက်ကားသမားလာရင်တောင် လေ့ကျင့်တဲ့ သဘောနဲ့" ရွှိုက်"
ကုန်ကုန် ပြောမယ်ဗျာ နောက်ဆုံး အနားကိုရောက်လာတဲ့ ခွေးကိုမောင်းရင်တောင် "ရွှိုက်" ဆိုဘဲ။ခွေးဆိုတာပြေးတာ ဖင်ပါတုန်တယ်။ အဲလိုကောင် တွေ.....

ဒီလိုနဲ့ချောင်းသာ သွားတဲ့ လမ်းတလျှောက်လည်း လက်ဖက်ရည်သောက်၊ထမင်းစား မနားလိုက်နဲ့ ရွှိုက် မယ်ဆိုတာကြီးဘဲ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေလည်းမနေရဘူး။ တ ရွှိုက် ရွှိုက် လုပ်နေကြတာကိုး။နောက်ဆုံး ကားစပယ်ရာ အကိုကြီးက ကားထွက်ဖို့လူစစ်တာတောင် ဟို "ရွှိုက်" အုပ်စု လူစုံပြီလား တဲ့။ ဟီး :P


ချောင်းသာ ပထမနေ့

ဒီလိုနဲ့နောက်တနေ့မနက်ကျတော့ ချောင်းသာ ရောက်လာတယ်ဆိုပါတော့ဗျာ။တည်းတဲ့ ဟိုတယ်ကတော့ ခိုင်ချောင်းသာ ပါ။ ခိုင်ချောင်းသာကို ကြိုက်တာတော့ ဈေးနှူန်း သင့်ရုံ သာမက နောက်တခုက ကမ်းခြေနဲ့တော်တော်ကို ကပ်နေလို့ပါ။ သဘောကတော့ မောင်ဘီး တို့တည်းတဲ့ ဘန်ဂလို ကနေ ဂျွန်းထိုးဆင်းလိုက် ကမ်းခြေသောင်ပြင်ဘဲဗျာ။ အရှင်းဆုံးပြောရရင် ရွှိုက် လို့အကောင်းဆုံးနေရာပေါ့။ထားပါ။


ကျွန်တော်တို့အဖွဲ့ ရောက်ရောက်ချင်းဘဲ ပင်လယ်ရေကို စိတ်ရှိလက်ရှိ စိမ်ပလိုက်မိတယ်။ ဒီလိုနဲ့ ပင်လယ်စာတွေစားလိုက်ကြ၊ဂစ်တာလေးတီးလိုက်၊ဘောလုံးဆင်းကန်လိုက် ဟုတ်နေတာပါဘဲ။ ဆရာဝန်chee chee တကောင်ကတော့  volley ball အပုတ်ကောင်းတာ လက်ဆစ်လွဲသွားတယ်။
ရောက်ကတည်းက က မြင်းကျောထချက် ဗျာ။ ဖြစ်တာတောင် နည်းသေး။ ဒီကောင့် ကို ဆရာဝန်လို့ ဘယ်သူကယုံမှာလဲ။ အင်းအင်း စားပြီးပြောတောင်မယုံဘူး။ ​‌​ချစ်လုံး ကတော့ သိတယ်မဟုတ်လား စိတ်ချရတယ် သူများ "ရွှိုက်" ဆိုတာတောင် သူကသိပ်စိတ်မဝင်စားဘူး သူ့ HC ပုလင်းလေးနဲ့ သူဟုတ်နေတာ(ကြုံတုန်းလေး ဒီကောင်တွေကို ဒီလိုကစ်ထား မှ :P )။ ဘောလေး နဲ့တခြားကောင်တွေကတော့ ထုံးစံအတိုင်းပေါ့၊

" ရွှိုက်"

ချောင်းသာ ဒုတိယနေ့

နောက်တနေ့မနက် ကျွန်တော်နိုးတော့ နိုးနိုးချင်းဘဲ ပြတင်းပေါက်က လိုက်ကာ ကိုအသာဖယ်ပြီး ကုတင်ပေါ်ကဘဲ ပင်လယ်ကြီးကို အားရအောင်ကြည့်နေလိုက်တယ်။ ဘာလို့လဲတော့ မသိဘူး။ကျွန်တော်ငယ်ငယ် ကတည်းက ကမ်းခြေရောက်ပြီ ဆိုရင် အိပ်ရာနိုးတာနဲ့ ကုတင်ပေါ်ကနေ ပင်လယ်ကိုကြည့်ရတဲ့ feelကို အသေကြိုက်တယ်။ ဒီလိုနဲ့ကောင်းကောင်းခံစားနေတုန်း ....

"ရွှိုက်"

တံခါးဖွင့်ကြည့်တော့ ထည်ကြီး နဲ့ ဇေယျာမြင့်။ အကြောင်းကတော့ မောင်ဘီးတို့ဘန်ဂလိုရဲ့ဘေးခန်းကို ကောင်မလေး တဖွဲ့ ဒီမနက်ဘဲ ရောက်လာတယ်တဲ့ ဗျာ။ ဒါကြောင့် ကျေးဇူးရှင်တွေက စောစောစီးစီး လာ ရွှိုက်နေတာကိုး။သိပ်တောင်မကြာလိုက်ဘူး " ရွှိုက်" ဆိုတဲ့အသံကြားတာနဲ့နဲ့ လူစုံသက်စုံ ရောက်ချလာကြပါရော။ပြီးမှ ဟိုတယ်ကကျွေးတဲ့ Breakfast စားရင်းဂစ်တာ စတီးတော့တာဘဲဗျာ။
ထုံးစံအတိုင်း ပေါ့ဗျာ... ကောင်မလေးတွေ ဘေးခန်း ရောက်လာပြီဆိုတော့ သီချင်းဆိုရင်း လူပျိုသံပေးကြတာ ပေါ့။ခေတ်စကားနဲ့ပြောရင် ညော်ကြတာပေါ့။ ကျွန်တော်တို့ စကားနဲ့ဆိုရင်တော့ သိတယ်မဟုတ်လား "ရွှိုက်"ကြတာပေါ့ဗျာ။

ဒီလိုနဲ့ ကောင်မလေးတွေ နဲ့ခင်ဖို့ ကျွန်တော်တို့ဘက်က ထိုးစစ် စစဉ်ပါတယ်။စဉ်ပုံ ကဒီလို။ စစချင်း ကမ်းခြေမှာ ငါးကင်ပုစွန်ကင်လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုးသည် ကို ခေါ်ပါတယ်။ပြီးမှ ဝယ်စားသလိုလို နဲ့ငါးကင်သည်ကို "အဒေါ်ကြီး ဟိုဘက်မှာ ကောင်မလေးတွေတွေ့ လား၊သူတို့ကိုသွားမေး၊ ငါးကင်စားမလား လို့ စားမယ်ဆိုရင် သူတို့စားသမျှ အနော တို့ဒကာခံ မယ်လို့ "

ငါးကင်သည်အဒေါ်ကြီးလည်း ရှက်ကိုးရှက်ကန်းကလည်ဖြစ် ရောင်းကလည်းရောင်းချင်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။

" အဒေါ်ကြီးရောင်းရမှာ နော် အမြင်ကတ်ကတ်နဲ့ အကုန်ယူလိုက်ရင် အဒေါ် ပွပြီနော်။"

ထည်ကြီးက ဝင်ကျပ်လိုက်တော့မှ စပ်ဖြီးဖြီးနဲ့ ကောင်မလေးတွေဆီထွက်သွားပြီး ကျွန်တော်တို့ကို လက်ညိုးထိုးပြလိုက်၊ သူ့အကင်တွေ ပြလိုက် အပီ စရောင်းပါတော့တယ်။။ အဒေါ်ကြီးကလက်ညိုးထိုးပြလို့ ကောင်မလေးတွေ လှမ်းကြည့်တာနဲ့ ဇာတ်တိုက်စရာမလိုဘူး ဗျ။ အားလုံး တညီတညွတ်တည်း " ရွှိုက်" လို့အော်ကြပြန်ရော်။ တအောင့်ကြာတော့ အစောက အဒေါ်ကြီး မျက်နာမသာမယာနဲ့ ပြန်ရောက်လာတယ်။ ကောင်မလေးတွေက ကျွန်တော်တို့ နောက်မှန်းသိလို့မယူကြဘူး ထင်ပါတယ်။ဒါနဲ့ ကျွန်တော်တို့အဖွဲ့ထဲ က မျက်နာအပြောင်ဆုံး ဇေယျာမြင့်ကို ပွဲထုတ်ဖို့ စီစဉ်ရပါတော့တယ်။ အဲဒီကောင် ကလည်း နှစ်ခါ မမေးရဘူး။ပြောင်ရမယ်ဆိုလို့ကတော့ နေရာမေရွေးအချိန်မရွေးဘူး။

အဒေါ်ကြီး ဆီက အကင်ဗန်း ကို ခေါင်းပေါ်အသာရွက်တင် ပြီး ကောင်မလေးတွေဆီ ဟန်ပါပါနဲ့ ထွက်သွားတော့တာဘဲ။

"ဟောဒီ က ငါးကင်၊ပုစွန်ကင် ပူပူလေး တော် " လို့အော်ပြီး မို့မို့မြင့်အောင် အကြော်ရောင်းတဲ့ အိုက်တင်နဲ့ ကျွန်တော်တို့ကို မျက်စောင်းတောင်ထိုးသွားသေးတယ်။

"ဟေး ... ရွှိုက် !"

တဖွဲ့လုံး အားပေးချက်ဗျာ။ ရီလိုက်ရတာလည်း မပြောနဲ့မျက်ရည်ပါ သီးတယ်။ကောင်မလေးတွေလည်း ဘယ်ခံနိုင်မလဲ။ ပြုံးသူက ပြုံး ရီသူက ရီ ငါးကင်ယူစားတဲ့သူက ယူစားနဲ့ နောက်ဆုံး ခင်သွားကြပါရော။

အဲလိုကောင်တွေ ဆို ........

ချောင်းသာတတိယနေ့

ဒီလိုနဲ့နောက်ဆုံးနေ့ရောက်တော့ မောင်ဘီး တို့အဖွဲ့ဟာ မနက်ပိုင်းစောစော ထပြီး သဲဖြူကျွန်းကို ချီတက်ကြပါတယ်။ သဲဖြူကျွန်းဆိုတာ ကတော့ ချောင်းသာကနေ စက်တက်လှေနဲ့ နာရီဝက်လောက် ခုတ်ရုံ ဖြင့် ရောက်ပါတယ်။ ချစ်လုံးက တော့ ရေမကူးတတ် လို့ အတင်းခေါ်တာတောင်မလိုက်ပါဘူး။ အဲဒီ သတ္တိခဲကလွဲရင် ကျန်တဲ့ ရွှိုက်မယ့် အဖွဲ့တွေ အကုန်ပါ ပါတယ်။ ဒီလိုနဲ့သဲဖြုကျွန်းသွားတဲ့ လှေဆိပ်မှာ ငါးမျှားတံတို့၊ရေငုပ်မျက်မှန်တို့ ငှားရင်း လှေ အလာကိုစောင့်နေကြရပါတယ်။ လှေကတော်တော်နဲ့မလာတာနဲ့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ပုစွန်ကင်မြည်းရင်း ထန်းရည် ဝင်ကစ်လိုက်သေးတယ်။ သဲဖြူကျွန်းရောက်တော့ ရေငုပ်ကြ၊ငါးမျှားကြ နဲ့ အဖွဲ့သားတွေ သူ့အလုပ်နဲ့သူ ရှုပ်နေပါတယ်။ ရွှိုက်ဖို့ကလည်း တကျွန်းလုံး ကိုတွေ အဖွဲ့တဖွဲ့ဘဲ ရှိတော့ မလုပ်တက်လုပ်တက်နဲ့ ငါးဘဲ ထိုင်မျှား နေရပါတယ်။ခဏနေတော့ " ရွှိုက်" လို့ ဘောလေး အော်သံကြားလို့ကြည့်လိုက်တာ သကောင့်သား ငါးမျှားချိတ်မှာ ငါး ဗျ။ဒီလိုနဲ့ သဲဖြူကျွန်းကပြန်တော့ ငါးတကောင်အဖတ်တင်ခဲ့တယ်ဆိုပါတော့။ (ဒါတောင် အဲဒီငါးကို လှေဆိပ်ကနေ ဟိုတယ်ကို ဆိုက်ကယ်နဲ့အပြန် လမ်းမှာတကြွားကြွား လုပ်နေကြသေး၊ တသက်နဲ့ တကို ဒီတခါဘဲ မိဖူးတာကိုး)

ညဘက်ရောက်တော့ မနက်ဖြန်ပြန်ရတော့မယ်ဆိုပြီး မီးကုန်ယမ်းသောင်းကျန်း ကြတော့တာဘဲ။ ကျွန်တော်တို့အဖွဲ့က ဇေယျာမြင့်နဲ့ဟိုဘက်အခန်းက ကောင်မလေးတယောက်နဲ့တောင် ဘာလိုလို ညာလိုလို ဖြစ်နေပြီလေ။ကောင်မလေး နာမည်က ကျွန်တော်တို့တော့ သေချာမသိဘူးဗျ။ မဖြိုး ဆိုလာဘဲ၊ ဒီလောက်ဘဲ သိ တာ။ ဒါလည်းမရဘူး ဇေယျာမြင့်နဲ့မဖြိုး သောင်ပြင်မှာ စကားပြောတာလည်းမြင်ရော ချက်ချင်း သီချင်းတပုတ် ဖြတ်ပြီး ​‌​ကောက်ဆိုကြတယ်။ ဆိုတဲ့သီချင်းက အာဇာနည်နဲ့ရင်ဂိုတွဲဆိုထားတဲ့
ကံကောင်းခြင်းလက်ဆောင်။ခပ်မြူးမြူးလေး။ ဆိုပုံကိုကြည့် ဦး ...ဘာတဲ့

~ ~ ယူပါဖြိုး ~ကံကောင်းခြင်းတွေ ကို လေး~~ ယူပါဖြိုး ~~ဒါဇေ့ရဲ့လက်ဆောင်ဘဲ ဟေ့~~

ဇေယျာမြင့် အမှောင်ထဲက မကြားတကြားလှမ်းဆဲသေးတယ်။မရတော့။
အဲဒီချိန်မှာ တော်တော်လည်းကွဲနေကြပြီဆိုတော့ ဒွန့်တဲ့သူကဒွန့်၊အလျားလိုက်ပေါက်တဲ့ အုန်းပင်ပေါ်တက်ခုန်သူကခုန်ပေါ့ဗျာ။ ဒီကြားထဲ မီးပန်းတို့၊အကင်တို့ရောင်းတဲ့ဈေးသည်တွေက ကျွန်တော်တို့လုပ်တာကို မျောက်ပွဲလို လာကြည့်နေသေးတယ်။ ကောင်းရော။

~ ~ ယူပါဖြိုး ~ကံကောင်းခြင်းတွေ ကို လေး~~ ယူပါဖြိုး ~~ဒါဇေ့ရဲ့လက်ဆောင်ဘဲ ဟေ့~~

နောက်ဆုံးနေ့

နောက်ဆုံးနေ့ မနက်ရောက်တော့ ကမ်းခြေကဘုရားဖူး၊ ပစ္စည်းသိမ်းပြီး လာခေါ်မယ့် ကျွန်တော်တို့စီးတော်ယာဉ် ကို ဟိုတယ်ရှေ့က စောင့်ကြပါတယ်။ကားလာတော့လည်း ဟိုတယ်ဝန်ထမ်းတွေက ကားပေါ်ထိလိုက်ပို့ကြ နှုတ်ဆက်ကြ နဲ့ဝန်ဆောင်မှုလည်းကောင်း ဧည့်ဝတ်လည်းကျေ ကြရှာပါတယ်။ ပြန်ရတော့မယ်ဆိုတော့ မပြန်ချင်သလို၊တခုခု ကိုဘဲလွမ်းသလို နဲ့ စိတ်ထဲမှာ မလန်းကြပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ကားဟာ တခြားခရီးသည်တွေကို တဟိုတယ် ဝင် တဟိုတယ် ထွက်နဲ့လိုက်ခေါ် ရင်း Belle Myanmar ဟိုတယ် ရှေ့ရောက်တော့ ကောင်မလေးတဖွဲ့တက်လာပြန်ပါတယ်။ ဒီမှာတင် အစောက မပြန်ချင်လို့ ညစ်ထေးထေးဖြစ်နေတဲ့ ကျွန်တော်တို့တဖွဲ့လုံး ​...." ရွှိုက် "


စာကြွင်း။ ။ ၂၀၀၇ခုနှစ် ဒီဇင်ဘာ တုန်းက စာရေးသူနဲ့သူငယ်ချင်း တွေ ပျော်ခဲ့ကြရသော ချောင်းသာအပျော်ခရီး အား မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်ပါသည်။ ချစ်လုံး၊ချီးချီး၊ဘောလေး၊ဇေယျာမြင့်၊ထည်ကြီး၊တောင်တွင်းကြီး အားလုံးအတွက် အမှတ်တရ။

ကြိုးစားပါဦးမည်။
မောင်bee




ဇေယျာမြင့်က ဒီလိုရောင်းတယ်

သဲဖြူကျွန်း မှာ မိခဲ့တဲ့ ငါးနဲ့ အမှတ်တရ





အပြန် ဟိုတယ်ရှေ့ လူစုံသက်စုံ အမှတ်တရ



အပြန်ကားပေါ်အထိ " ရွှိုက် " ကောင်း တုန်း


Kan Kaung Chin La Saung 10 Nit Ka Yee (RZN+RG) - Various Artists

11 comments:

ဖိုးဂျယ် said...

ရွှိုက် သွားတယ် ကိုဘီးရေ ရွှိုက်
ပျော်စရာကြီးပဲဗျ

g|-|0$7 said...

သူ ရွှိုက်တာကျတော့ မပါဘူး
သူများ ရွှိုက်တာတွေကြီးပဲ ရေးထားတယ်... ကောင်းပါ့ ကောင်းပါ့... ဆက် ရွှိုက်တော်မူပေတော့

myohan said...

thu shote tar thu bal yay ma lel kwa. minn thi chin yin ngar pyaw pya mal.. :P

chanye` said...

ရွှိုက်နိုင်တဲ့သူတွေ ရွှိုက်ကြပါတော့ဗျာ..

တောင်ပေါ်သား said...

ရွှိုက်ရွှိုက်ရွှိုက် ဟီးးးးးးး လူတွေများ ရွှိုက် ကိုဘီးတို့များ ရွှိုက်



လေးစားလျက်
တောင်ပေါ်သား

Anonymous said...

သူငယ်ချင်းတွေနဲ့ ပျော်စရာကြီးဗျာ

သံလွင် HeRo said...

အဟင်ဟင့်...ချောင်းသာမရောက်တာသုံးနှစ်ပြည့်တော့
မယ်...သွားချင်တယ်ဗျာ။
သဲဖြူကျွန်း၊ဖိုးကလားကျွန်း၊အကင်သည်တွေ၊
ရွာထဲကမုန့်တွေ၊ပင်လယ်စာတွေ၊ နဲ့
ညတိုင်းသောင်ပြင်မှာကာရာအိုကေ ဟဲခဲ့တာတွေကို
သတိရတယ်ဗျာ...ဗျဲ

NangNyi said...

ပျော်စရာကြီးဗျာ.. အဲလို..

မေ့သမီး said...

မောင်ဘီးရေ (ကိုယ့်ထက်ငယ်မယ်ထင်တာပဲ :P) ပထမဆုံးရောက်ရင်းနဲ့ စာတွေမွှေနှောက်ဖတ်သွားတယ်။ ဖတ်လို့ကောင်းတယ်။ ရွှိုက် :P

mabaydar said...

မောင်ရွှိုက်ရေ.. အဲလေ.. မောင်ဘီးရေ.. ခိုင်ချောင်းသာ ဟိုတယ်ကို မွှမ်းထားလိုက်တာ ဟိုက ဒစ်စကောင့် ဘယ်လောက်ပေးလို့လဲတော့ မသိဘူး.. ဟီး.. ဟီး.. စတာနော်.. သူငယ်ချင်းတွေ နဲ့ ခရီးသွားရတာ အမြဲပျော်ဖို့ကောင်းပါတယ်.. ငယ်တုန်းပျော်ရတာ ရွှိုက်သာ ရွှိုက်... အသက်ကြီးသွားလို့ သွားရွှိုက်ရင်.. မိန်းကလေးတွေကလဲ အရွှိုက်ခံချင်တော့မှာ မဟုတ်ဘူး... သိတယ်ဟုတ်.. ?
မောင်ဘီး ပိုစ့်ဖတ်ပြီး.. ကျိုက်ထီးရိုးမှာ မဗေဒါတို့ သူငယ်ချင်းတွေ ရွှိုက်ခဲ့ကြတာ... အဲလေ.. ဘုရားဖူးခဲ့ကြတဲ့ အကြောင်းတွေတောင် ပြန်သတိရသွားပြီ...

ခေါင်ခေါင် said...

ရွှိုက်.. သွားတယ်..ကိုဘီးရေ....

ပျော်ဖို့ကောင်းလိုက်တာ........ ချောင်းသာပြေးပြီးတောင်.. ရွှိုက်ချင်စိတ်ပေါက်လာတယ်..........

ပြန်ခါ နီးနေပြီ.. ပြန်မယ်.. ချောင်းသာလစ်ပြီး ရွှိုက်ပစ်မယ်....