Sunday, February 15, 2009
အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ
(၁)သံလွင်ဟီးရိုး ရေးပြီး
(၂)ကိုဗီလိန်
(၃)ကိုတောင်ပေါ်သား
(၄)ကိုအိမ်
(၅)ကိုဖိုးဂျယ် ရေးပြီး
(၆)ချမ်းရဲ
(၇)ကိုရှင်းသန့်
(၈)ကိုမောင်မျိုး ရေးပြီး
(၉)မခေါင်ခေါင်
(၁၀)မနန်းညီ ရေးပြီး
ကဲ ! ရေးပေးကြပါဦးခင်ဗျာ။ :P
မောင်bee ဆိုတဲ့ ကျွန်တော့် မှာတော့ ဒီလိုအဖြစ်အပျက်မျိုး ပေါ ပါ့။ အဲဒီထဲ က မှတ်မှတ်ရရ တခုကို ပြောပြရမယ်ဆိုရင် .......
ကျွန်တော်ဆိုတဲ့ ကောင်က ငယ်ငယ်ကတည်း တအားမေ့တတ် တဲ့ ကောင်။ ဘာလုပ်လုပ် မေ့လိုက်ရမှ ကျေနပ်တာ ဗျ။ အရမ်းတော့မဟုတ်ပါဘူး ကျောင်းသွားရင်လွယ်အိပ်မပါတာတို့၊ကားမောင်းရင် ကားသော့မေ့တာတို့ လောက်ပါ။ ဟီး ။ အဲတော့ ကျွန်တော့် ဒုက္ခ က ဒီ မေ့တတ်တဲ့ အကျင့်က ဘဲ စတာပေါ့ ဗျာ။ ဒီအကြောင်း ပြောရမယ်ဆိုရင် ကျွန်တော့် တပည့်ကျော် မင်းမင်း အကြောင်းကို အရင်ပြောပြဦးမယ်။ အဲဒီတုန်းက အဖေက ဒီကောင့်ကို အဖော်လည်းရ လက်တိုလက်တောင်းလည်း ခိုင်းရအောင် သူ့ဆွေမျိုးနီးစပ် တွေဆီကနေ အိမ်ကို ခေါ်ထားလိုက်တယ်။ နောက်ပိုင်း နေတာကြာတော့ ကားတွေဘာတွေမောင်းတတ် သွားတဲ့အထိ ပေါ့ဗျာ။ ဒါပေမယ့် ဒီကောင့်ကို Toshiba သိလားမေးရင် အဲဒါ စားစရာ လားလို့ ပြန်မေးတဲ့ကောင်။ ပါးရည်နပ်ရည် ရှိတာပြောပါတယ်။ ထားပါတော့။ ဒါက တပည့်ကျော် ငမင်း အကြောင်း။
တနေ့တော့ ကျွန်တော့်လက်ကိုင်ဖုန်း ပျောက်ပါတယ်။ ဘယ်နား ကျန်မှန်း လည်းမမှတ်မိ။ ဘယ်မှာမှလည်း ရှာမရ။ ဖုန်းကတန်ဖိုးမကြီးပေမယ့် ကောက်ရတဲ့သူ က လက်ဆော့ပြီး နိုင်ငံခြား ကော် ခေါ်လို့ ကတော့ မောင်ဘီး တို့ အလိုလို ဂိန်ပြီ။ ပျောက်တာကလည်း ညနေ၆နာရီ လောက်ဆိုတော့ ရုံးကိုလှမ်းပိတ်ဖို့လည်းအချိန် ကမမှီ။ဪ ...ဒုက္ခ။ ရှာရင်းရှာရင်း မျက်လုံးတွေလည်း ပြာ၊ဇောချွေးတွေလည်း ပြန်။ ပျောက်တဲ့ဖုန်းနံပတ်ကို ခေါ်တော့ ဖုန်းကမကိုင်ဘူး။အဖေကလည်း ဘာပြောကောင်းမလဲ ဆဲတာပေါ့။ ကျွန်တော်လည်း ကို့အပြစ်နဲ့ကိုဆိုတော့ ဘာပြောရမှန်းတောင်မသိဘူး။ စဉ်းစားတာလည်း ခေါင်းပေါ်မှာ ကြက်ဥ လေးငါးလုံးဆင့် ကြော်လို့ရနေပြီ။ ဘယ်လိုပျောက်မှန်း ရိပ်ရိပ်တောင်စဉ်းစားလို့မရ။ ဟိုနားရှာလိုက် ဒီနားရှာလိုက် ဖုန်းလှမ်းခေါ်ကြည့်လိုက် နောက်ဆုံးဘယ်လိုမှ ရှာမရတဲ့ အဆုံး လက်လျှော့ပြီး ထိုင်နေလိုက်တော့တယ်။ ဟုတ်တယ်လေ တတ်နိုင်တော့ဘူး။ စိတ်လည်းဆင်းရဲလိုက်တာမပြောပါနဲ့တော့။ဒီလိုနဲ့ ၈နာရီခွဲ လောက်မှာတော့ မောင်မင်းကြီးသား ငမင်း ကားမောင်းပြီးပြန် လာပါတယ်။ လက်ထဲမှာ က ကျွန်တော့ဖုန်း။ အဲမယ် သကောင့်သားက ဖုန်းကို အကျအနကိုင်ပြီး ရာဇာနေဝင်းတဝက်၊ကျော်ဟိန်းတဝက် အိုက်တင်နဲ့လမ်းတောင်လျှောက်လိုက်သေး။ သိတယ်မဟုတ်လား ခြေထောက်က မြောက်ကြွမြောက်ကြွ၊လက်ကတကားကား ပေါ့။ ကျွန်တော်လည်း အဖေ ကို့ကို ဆူထားသမျှ အတိုးချပြီး ဒီကောင့်ကိုပိတ်ကော် ပစ်တာပေါ့။ နောက်မှ ငမင်း ကသူ့အဖြစ်ကိုပြန်ပြောပြတော့ မှ ရယ်ရမလို ငိုရမလို ကိုဖြစ်ရော။ ဖြစ်ပုံကဒီလိုဗျ။
အဲဒီနေ့က ကျွန်တော်အပြင်ကနေကားနဲ့ပြန်လာတော့ အမေက ငမင်း ကို သူ့မောင်ကျွန်တော်ဦးလေးအိမ်မှာ ပစ္စည်းတခုသွားယူခိုင်းပါတယ်။ ဖြစ်ချင်းတော့ ကားမောင်းရင်း ဘယ်အချိန်ကတည်းက ဘောင်းဘီးထဲက ထွက်ကျနေမှန်းမသိတဲ့ ကျွန်တော့်ဖုန်းက ကားဖင်ထိုင်ခုံ အောက်မှာ ညက်ပြီး ငမင်းနဲ့အတူပါသွားတယ်ဆိုပါတော့။ ဒါနဲ့ဒီကောင်က လမ်းမှာ ကားထဲက ကက်စက်ခွေ တခွေတွေ့တာနဲ့ ဖွင့်ပြီး ငြိမ့်နေတယ်ဆိုဘဲ။ အဲဒီတုန်း က မှတ်မှတ်ရရ IC unlugged show ပေါက်တဲ့ အချိန်ပေါ့။
ဒီလိုနဲ့မောင်းလာလိုက်တာ လမ်းတဝက်လောက်ရောက်တော့ သီချင်းသံတခု ထပ်ကြားတယ်တဲ့။ ကြားမှာပေါ့ ဒီကကောင်ကအိမ်ကနေ တစီစီခေါ်နေတာကိုး။ ဒါကိုသူ က ဖုန်း ring tone ကလာတယ် မထင်ဘူး။ IC show က ဗုံတီးသံ ထင်လို့တဲ့ ဗျ။ သဘောတွေကျပြီး စည်းချက်အတိုင်း လေတချွန်ချွန်၊ခေါင်းတဆတ်ဆတ် တောင်လုပ်နေတာတဲ့။ သူကခေါင်းတဆတ်ဆတ် ဒီကကောင်မှာတော့ဖုန်းပျောက်လို့ ခေါင်းမီးတောက်နေပြီ။ ကြည့်ဦး လုပ်ပုံက ဖုန်းပျောက်လို့ဖုန်းခေါ်ပါတယ်ဆိုမှ နေသစ်မိုး ရဲ့ percussion အားဖြည့်တယ် ထင်တယ် တဲ့။ ပြတ်ကရော။
ဒါနဲ့ မပြီးသေးဘူး။ နောက် တပုတ်လည်း ဒီဗုံသံ ဆိုတော့ ငမင်း အစာသိပ်မကြေတော့ဘူးလေ။ အဲမယ် ဒါတော့ မဆိုးဘူး။ မောင်ဘီးတပည့်လေ ဒီလောက်တော့နပ်တာပေါ့။ ဒါနဲ့ကက်ဆက်ကိုလှမ်းပိတ်လိုက်ပြီးနားထောင်တော့ အစောကဗုံသံထွက်တုန်းဘဲတဲ့။ ထွက်မှာပေါ့ အဖေကဒေါသထွက်လို့ အနော်က ဆက်တိုက်တွေ ခေါ်နေတာကိုး။ ဒါကို ကျေးဇူးရှင်က ဘယ်လိုထင်တယ်ထင်သလဲ။ FM ရေဒီယို မိပြီးလာနေတဲ့ ဗုံသံဆိုပြီး ပိုတောင်ပျော်သွားသေးဆိုဘဲ။ ring tone ဟေ့ အဲဒါ ring tone ဟ ငါ့နယ် နော်။ သူ့လက်ထက်ကျမှ ring toneကို FM တောင်ဖမ်းမိနေသေး။ ဒီလိုနဲ့ ကျွန်တော့် ဦးလေးအိမ်ရောက်လို့ ကားစက်သတ်တာတောင် ဒီဗုံသံ ကြားရပြန်ရောတဲ့။ သေချာပြီ ဒါ သူ့ ကို သရဲခြောက်ပြီပေါ့။ နောက်မှ ကားပေါ်ကဆင်းပြီး အသံလာရာသေချာကြည့်တော့ ကျွန်တော်ဖုန်းကို တွေ့တာတဲ့။ ဖြစ်ရမယ်။ တော်သေးတာပေါ့ တွေ့သေးလို့။ ဒီကျမှသူ့ကိုသူ သဘောကျပြီး ပြန်တောင်ရီနေသေးသတဲ့။ ဖုန်းတွေ့တော့တခါ ဘာဖြစ်တယ် ထင်သလဲ။
အဲဒီတုန်းက ဦးလေးတို့တိုက်က ၁၀ထပ်ဆိုတော့ ဓတ်လှေကားနဲ့တက်ရတယ်တဲ့ဗျ။ ဒါနဲ့ ဖုန်းကို ကျွန်တော့ဦးလေးကိုပြမယ်ဆိုပြီး အင်္ကျီအိတ်ကတ်ထဲ အကျအနထည့်လာလိုက်တယ် တဲ့။ ဓတ်လှေကားထဲလည်းရောက်ရော ခုနဗုံသံနဲ့အတူ ဖုန်းကအော်ပြန်ရော။ ဘယ်လောက်တောင်လဲဆိုတော့ ဒီကောင်က ဖုန်းမြည်တော့လည်း ကိုင်မှမကိုင်တတ်တာ။ ဓတ်လှေကားပေါ်က လူတွေကတော့ သူ့ကြည့်ပြီးရီမှာပေါ့။ ဒီလောက်ဖုန်းလာနေတာ မကိုင်ဘဲ ဘာလုပ်နေလည်းပေါ့။ သူလည်း ရှက်တာနဲ့ မျက်နာကိုလက်နဲ့ကွယ်ထားရတယ်တဲ့။ အဲလိုပါ ဆို။ ဒါနဲ့ အပေါ်ရောက်တော့လည်း ဦးလေးက တခါးသော့ခပ် ပြီးဘယ်သွားမှန်းမသိ။ ဗုံသံကလည်းထွက် ကိုင်ကလည်းမကိုင်တတ် စဉ်းစားသာကြည့်။နောက်ဆုံးတော့ ဖုန်းလည်း battery ကုန်ပြီး ရပ်သွားတယ်ထင်ပါတယ်။ဘာသံမှမလာတော့ဘူးတဲ့။လာမှာဆိုလို့တောင် ဓတ်လှေကားမစီးတော့ဘဲ လှေကားကဘဲ ဆင်းခဲ့တော့တယ် တဲ့ဗျာ။ အဲဒါ ကျွန်တော့ကောင် ငမင်း လေ။
ဒီအဖြစ်အပျက် ကိုပြန်ပြောရင်အခုချိန်ထိ ရီချင်တုန်းဘဲ။ အဲဒီထဲက ငမင်းကိုတွေ့ရင် ကျွန်တော့်ဘော်ဒါတွေက IC ငမင်း တဲ့။ ဟီး။ ကျွန်တော် လည်း ဖုန်းဆိုဘဲတော့မှ ring tone ကို ဗုံသံ မထားတော့ဘူး။
အော် ...တချိန်တုန်းကတော့ ဒုက္ခ ဒုက္ခ ... အခုတော့ ဟာသပေါ့ဗျာ။
ကြိုးစားပါဦးမည်။
မောင်bee
Friday, January 30, 2009
ရွှိုက် ( သို့ ) ပျော်ခဲ့ရသော ချောင်းသာ
မောင်ဘီးတို့ သူငယ်ချင်းတွေ ပြိုင်တူအော် လိုက်ကြတယ်။ အဲဒါဘာကြီးလဲ လို့ မေးမလို့လား?
ရွှိုက် ဆိုတာ မောင်ဘီး တို့ထွင်ထားတဲ့ သာမန်လူငယ် ဘန်းစကား လေးတခု ပါ။ ဘာရယ်မဟုတ်ပါဘူး ဒါပေမယ့် အဲဒီ ရွှိုက် လို့ သူငယ်ချင်းတွေ ပြိုင်တူအော် လိုက်ရတဲ့အချိန် မှာတော့ ကျွန်တော်တို့ရင်ထဲမှာပေါ့ပါးခြင်း၊လွတ်လပ်ခြင်း၊လန်းဆန်းခြင်း၊ညီညွတ်ခြင်း၊
ကျီစယ်ခြင်း၊ကြည်နူးခြင်း စတဲ့စတဲ့ အပျော်ခံစားမှုလေးတွေ ပျော်ဝင်စီးဆင်း ခဲ့ကြရပါတယ်။ ဒါ့အပြင် ဒီအသံကို အော်လိုက်ကြားလိုက်တဲ့အချိန်ခဏမှာတင် သူငယ်ချင်းတွေရဲ့စိတ်ကိုစုစည်းပေးသလို အားထည့်ပေးလိုက်သလိုဖြစ်ခဲ့ကြရ ပြန်ပါတယ် ။ဘာလို့လဲ ဆိုတော့ ဇာတ်လမ်းက ဒီလိုဗျာ။
ကဲ ........ ရွှိုက်!
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပေါ့ဗျာ။ မောင်ဘီး တယောက် မခွဲစဖူး တနှစ်နီးပါးခွဲခဲ့ရတဲ့ ဇာတိချက်ကြွေ ရန်ကုန်မြေ ကို ပထမဆုံး အလည်ပြန်ပါတယ်။ မိသားစု တွေ၊ သူငယ်ချင်း တွေ မတွေ့ရတာကလည်းကြာ၊ ရန်ကုန်မှာလို ပေါ့ပေါ့ပါးပါး မနေရတာလည်း ကြာပြီ ဆိုတော့ မောင်ဘီး ပျော်တာ မပြောနဲ့ မြင်တောင်မကောင်းဘူး။ ဒီလိုနဲ့ရန်ကုန် ရောက်တော့လည်း မိဘ၊ဆွေမျိုးတွေက ကျောင်းပိတ်ပြန်လာတဲ့ သားဆိုတော့ ဖူး ဖူး ကို မှုတ်နေတာ။ အဟိ ဟီ ။ လေဖြတ်မှာတောင် ကြောက်ရတယ် (မောင်ဘီး တို့ကြွေတက်ပုံ ပြောပါတယ်)။ထားပါတော့။
ဒီလိုနဲ့ ရန်ကုန်မှာကဲလို့အားမရတော့ သူငယ်ချင်းတွေအကုန်စုပြီး ချောင်းသာထိသွားပြီး သောင်းကျန်းဖို့ဖြစ်လာပါတယ်။ ဒါနဲ့ပြောရဦးမယ်။ မောင်ဘီးတသက်မှာ ချောင်းသာလောက်ရောက်တာ ချောင်းသာ ဘဲ။ အမေ တို့နဲ့လည်း ခဏခဏ ရောက်သလို၊ သူငယ်ချင်းတွေနဲ့ဆိုရင် ဒီတခါ ...တတိယ အကြိမ်ပါ။ သွားတာလည်းမပြောနဲ့ ရန်ကုန်နဲ့ကလဲသိပ်မဝေး၊လူငယ်စရိုက်နဲ့ လည်းကိုက်တာကြောင့် သူငယ်ချင်းတွေ ခရီးထွက်မယ်ဆိုရင် ချောင်းသာဘဲ မျက်စောင်းဝိုင်းထိုးကြတယ်။
ဒီလိုနဲ့ချောင်းသာ သွားဖြစ်တော့ ဒီတခေါက် လူတော်တော်တော် စုံပါတယ်။ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ချစ်လုံး၊ဘောလေး၊ထည်ကြီး၊ဇေယျာမြင့်(မျောက်မူးလဲ)၊တောင်တွင်းကြီး အကုန်ပါဘဲဗျာ။ခါတိုင်းဆို ဟိုအကြောင်းပြဒီအကြောင်းပြပြီး ရည်းစားနားဘဲကပ်ကပ် နေတဲ့ ဆရာဝန် ချီးချီး လည်း ပါလာပါတယ်။ ဘန်ကောက်မှာ အလုပ်များချင်ယောင်ဆောင် နေတဲ့ ဟိုသကောင့်သား ရွှေချိုကလွဲရင် လူစုံပါတယ် လို့ဆိုရပါမယ်။ (မှတ်ပလား မလာချင်ဦး :P )
ဒီလိုနဲ့ ခရီးထွက်မယ့်နေ့ ရောက်တော့ ကျွန်တော်တို့ စုရပ် က အင်းစိန်လမ်းမပေါ်က စံရိပ်ငြိမ် မှတ်တိုင်နား မှာဖြစ်ပါတယ်။ ရန်ကုန်-ချောင်းသာ Express ကား က ၁၁နာရီလာခေါ်မယ်ဆိုရင် ၁၀နာရီလောက်ကတည်းက မောင်ဘီးတို့တသိုက် လူစုံသက်စုံ စ " ရွှိုက်" နေပါပြီ။ " ရွှိုက်" ပုံက ဒီလိုလေ။
အဲဒီချိန်မှာ ဂစ်တာတီး ရင်း ကားစောင့်နေတဲ့ ကျွန်တော်တို့အဖွဲ့နားက ကောင်မလေးခပ်ချောချော နှစ်ယောက်ဖြတ်သွားပါတယ်။(ချောတယ်လို့ ထင်တာဘဲ မှောင်နေတော့ သေချာတောင်မမြင်လိုက်ဘူး ဟီး)
ဒါကိုတွေ့လိုက်တဲ့ ဘောလေး က ဘာမဆိုင်ညာမဆိုင် နဲ့ ခပ်ကျယ်ကျယ်လေး ထအော်ပါတယ်။
"ရွှိုက် !"
ပထမတော့ ကျွန်တော်တို့လည်းဘယ်သိမလဲ? နည်းနည်းကြောင်သွားတာပေါ့။
"ရှိတ်"ဆိုလည်း "ရှိတ်" , "ကြည်"့ ဆိုလည်း "ကြည့်" ...
လက်တို့လည်း တိုးတိုးပေါ့ဗျာ။ အခုတော့ လုပ်ပုံ က "ရွှိုက်" တဲ့ အော်ချလိုက်တာ။တဖွဲ့လုံးလည်း အဲဒီကို အာရုံရောက်ကုန်တယ် ဗျ။ ပြီးတော့ အစောက ကောင်မလေးနှစ်ယောက်လည်း အူကြောင်ကြောင်ကိုဖြစ်လို့။သူတို့ဘဲနောက်သလို သူ့ကသူ ဘဲအော်သလိုလို။ ဘာမှန်းကိုမသိဘူး။ ဘောလေးကတော့ မသိချင်ယောင်ဆောင်ပြီး မျက်နာတောင်ပြောင်လိုက်သေး။ အဲဒီကျမှ ကျွန်တော်တို့လည်းပေါက်လိုက်ပြီ။
သဘောကတော့ အားလုံးအသင့်၊ကောင်မလေးတွေလာတယ် ရှိတ်ကြ၊ ပြောင်ကြပေါ့ဗျာ။
အရှင်းဆုံး ပြောရရင် အခွက်ပြောင်ဖို့ ညာသံပေးလိုက်တဲ့ သဘော။ စကားကလည်း အသစ်၊ ဘာမှန်းကလည်းမသိဆိုတော့ အားလုံး တော်တော်သဘောကျသွားကြတယ်။ ဒါနဲ့ဘဲ
ကောင်မလေးတွေလာရင် "ရွှိုက်"
မမ ကြီးတွေအန်တီကြီးတွေလာလည်း ဘာရယ် မဟုတ်ဘူး "ရွှိုက်"
အဲမယ် ဆိုက်ကားသမားလာရင်တောင် လေ့ကျင့်တဲ့ သဘောနဲ့" ရွှိုက်"
ကုန်ကုန် ပြောမယ်ဗျာ နောက်ဆုံး အနားကိုရောက်လာတဲ့ ခွေးကိုမောင်းရင်တောင် "ရွှိုက်" ဆိုဘဲ။ခွေးဆိုတာပြေးတာ ဖင်ပါတုန်တယ်။ အဲလိုကောင် တွေ.....
ဒီလိုနဲ့ချောင်းသာ သွားတဲ့ လမ်းတလျှောက်လည်း လက်ဖက်ရည်သောက်၊ထမင်းစား မနားလိုက်နဲ့ ရွှိုက် မယ်ဆိုတာကြီးဘဲ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေလည်းမနေရဘူး။ တ ရွှိုက် ရွှိုက် လုပ်နေကြတာကိုး။နောက်ဆုံး ကားစပယ်ရာ အကိုကြီးက ကားထွက်ဖို့လူစစ်တာတောင် ဟို "ရွှိုက်" အုပ်စု လူစုံပြီလား တဲ့။ ဟီး :P
ချောင်းသာ ပထမနေ့
ဒီလိုနဲ့နောက်တနေ့မနက်ကျတော့ ချောင်းသာ ရောက်လာတယ်ဆိုပါတော့ဗျာ။တည်းတဲ့ ဟိုတယ်ကတော့ ခိုင်ချောင်းသာ ပါ။ ခိုင်ချောင်းသာကို ကြိုက်တာတော့ ဈေးနှူန်း သင့်ရုံ သာမက နောက်တခုက ကမ်းခြေနဲ့တော်တော်ကို ကပ်နေလို့ပါ။ သဘောကတော့ မောင်ဘီး တို့တည်းတဲ့ ဘန်ဂလို ကနေ ဂျွန်းထိုးဆင်းလိုက် ကမ်းခြေသောင်ပြင်ဘဲဗျာ။ အရှင်းဆုံးပြောရရင် ရွှိုက် လို့အကောင်းဆုံးနေရာပေါ့။ထားပါ။
ကျွန်တော်တို့အဖွဲ့ ရောက်ရောက်ချင်းဘဲ ပင်လယ်ရေကို စိတ်ရှိလက်ရှိ စိမ်ပလိုက်မိတယ်။ ဒီလိုနဲ့ ပင်လယ်စာတွေစားလိုက်ကြ၊ဂစ်တာလေးတီးလိုက်၊ဘောလုံးဆင်းကန်လိုက် ဟုတ်နေတာပါဘဲ။ ဆရာဝန်chee chee တကောင်ကတော့  volley ball အပုတ်ကောင်းတာ လက်ဆစ်လွဲသွားတယ်။
ရောက်ကတည်းက က မြင်းကျောထချက် ဗျာ။ ဖြစ်တာတောင် နည်းသေး။ ဒီကောင့် ကို ဆရာဝန်လို့ ဘယ်သူကယုံမှာလဲ။ အင်းအင်း စားပြီးပြောတောင်မယုံဘူး။ ချစ်လုံး ကတော့ သိတယ်မဟုတ်လား စိတ်ချရတယ် သူများ "ရွှိုက်" ဆိုတာတောင် သူကသိပ်စိတ်မဝင်စားဘူး သူ့ HC ပုလင်းလေးနဲ့ သူဟုတ်နေတာ(ကြုံတုန်းလေး ဒီကောင်တွေကို ဒီလိုကစ်ထား မှ :P )။ ဘောလေး နဲ့တခြားကောင်တွေကတော့ ထုံးစံအတိုင်းပေါ့၊
" ရွှိုက်"
ချောင်းသာ ဒုတိယနေ့
နောက်တနေ့မနက် ကျွန်တော်နိုးတော့ နိုးနိုးချင်းဘဲ ပြတင်းပေါက်က လိုက်ကာ ကိုအသာဖယ်ပြီး ကုတင်ပေါ်ကဘဲ ပင်လယ်ကြီးကို အားရအောင်ကြည့်နေလိုက်တယ်။ ဘာလို့လဲတော့ မသိဘူး။ကျွန်တော်ငယ်ငယ် ကတည်းက ကမ်းခြေရောက်ပြီ ဆိုရင် အိပ်ရာနိုးတာနဲ့ ကုတင်ပေါ်ကနေ ပင်လယ်ကိုကြည့်ရတဲ့ feelကို အသေကြိုက်တယ်။ ဒီလိုနဲ့ကောင်းကောင်းခံစားနေတုန်း ....
"ရွှိုက်"
တံခါးဖွင့်ကြည့်တော့ ထည်ကြီး နဲ့ ဇေယျာမြင့်။ အကြောင်းကတော့ မောင်ဘီးတို့ဘန်ဂလိုရဲ့ဘေးခန်းကို ကောင်မလေး တဖွဲ့ ဒီမနက်ဘဲ ရောက်လာတယ်တဲ့ ဗျာ။ ဒါကြောင့် ကျေးဇူးရှင်တွေက စောစောစီးစီး လာ ရွှိုက်နေတာကိုး။သိပ်တောင်မကြာလိုက်ဘူး " ရွှိုက်" ဆိုတဲ့အသံကြားတာနဲ့နဲ့ လူစုံသက်စုံ ရောက်ချလာကြပါရော။ပြီးမှ ဟိုတယ်ကကျွေးတဲ့ Breakfast စားရင်းဂစ်တာ စတီးတော့တာဘဲဗျာ။
ထုံးစံအတိုင်း ပေါ့ဗျာ... ကောင်မလေးတွေ ဘေးခန်း ရောက်လာပြီဆိုတော့ သီချင်းဆိုရင်း လူပျိုသံပေးကြတာ ပေါ့။ခေတ်စကားနဲ့ပြောရင် ညော်ကြတာပေါ့။ ကျွန်တော်တို့ စကားနဲ့ဆိုရင်တော့ သိတယ်မဟုတ်လား "ရွှိုက်"ကြတာပေါ့ဗျာ။
ဒီလိုနဲ့ ကောင်မလေးတွေ နဲ့ခင်ဖို့ ကျွန်တော်တို့ဘက်က ထိုးစစ် စစဉ်ပါတယ်။စဉ်ပုံ ကဒီလို။ စစချင်း ကမ်းခြေမှာ ငါးကင်ပုစွန်ကင်လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုးသည် ကို ခေါ်ပါတယ်။ပြီးမှ ဝယ်စားသလိုလို နဲ့ငါးကင်သည်ကို "အဒေါ်ကြီး ဟိုဘက်မှာ ကောင်မလေးတွေတွေ့ လား၊သူတို့ကိုသွားမေး၊ ငါးကင်စားမလား လို့ စားမယ်ဆိုရင် သူတို့စားသမျှ အနော တို့ဒကာခံ မယ်လို့ "
ငါးကင်သည်အဒေါ်ကြီးလည်း ရှက်ကိုးရှက်ကန်းကလည်ဖြစ် ရောင်းကလည်းရောင်းချင်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။
" အဒေါ်ကြီးရောင်းရမှာ နော် အမြင်ကတ်ကတ်နဲ့ အကုန်ယူလိုက်ရင် အဒေါ် ပွပြီနော်။"
ထည်ကြီးက ဝင်ကျပ်လိုက်တော့မှ စပ်ဖြီးဖြီးနဲ့ ကောင်မလေးတွေဆီထွက်သွားပြီး ကျွန်တော်တို့ကို လက်ညိုးထိုးပြလိုက်၊ သူ့အကင်တွေ ပြလိုက် အပီ စရောင်းပါတော့တယ်။။ အဒေါ်ကြီးကလက်ညိုးထိုးပြလို့ ကောင်မလေးတွေ လှမ်းကြည့်တာနဲ့ ဇာတ်တိုက်စရာမလိုဘူး ဗျ။ အားလုံး တညီတညွတ်တည်း " ရွှိုက်" လို့အော်ကြပြန်ရော်။ တအောင့်ကြာတော့ အစောက အဒေါ်ကြီး မျက်နာမသာမယာနဲ့ ပြန်ရောက်လာတယ်။ ကောင်မလေးတွေက ကျွန်တော်တို့ နောက်မှန်းသိလို့မယူကြဘူး ထင်ပါတယ်။ဒါနဲ့ ကျွန်တော်တို့အဖွဲ့ထဲ က မျက်နာအပြောင်ဆုံး ဇေယျာမြင့်ကို ပွဲထုတ်ဖို့ စီစဉ်ရပါတော့တယ်။ အဲဒီကောင် ကလည်း နှစ်ခါ မမေးရဘူး။ပြောင်ရမယ်ဆိုလို့ကတော့ နေရာမေရွေးအချိန်မရွေးဘူး။
အဒေါ်ကြီး ဆီက အကင်ဗန်း ကို ခေါင်းပေါ်အသာရွက်တင် ပြီး ကောင်မလေးတွေဆီ ဟန်ပါပါနဲ့ ထွက်သွားတော့တာဘဲ။
"ဟောဒီ က ငါးကင်၊ပုစွန်ကင် ပူပူလေး တော် " လို့အော်ပြီး မို့မို့မြင့်အောင် အကြော်ရောင်းတဲ့ အိုက်တင်နဲ့ ကျွန်တော်တို့ကို မျက်စောင်းတောင်ထိုးသွားသေးတယ်။
"ဟေး ... ရွှိုက် !"
တဖွဲ့လုံး အားပေးချက်ဗျာ။ ရီလိုက်ရတာလည်း မပြောနဲ့မျက်ရည်ပါ သီးတယ်။ကောင်မလေးတွေလည်း ဘယ်ခံနိုင်မလဲ။ ပြုံးသူက ပြုံး ရီသူက ရီ ငါးကင်ယူစားတဲ့သူက ယူစားနဲ့ နောက်ဆုံး ခင်သွားကြပါရော။
အဲလိုကောင်တွေ ဆို ........
ချောင်းသာတတိယနေ့
ဒီလိုနဲ့နောက်ဆုံးနေ့ရောက်တော့ မောင်ဘီး တို့အဖွဲ့ဟာ မနက်ပိုင်းစောစော ထပြီး သဲဖြူကျွန်းကို ချီတက်ကြပါတယ်။ သဲဖြူကျွန်းဆိုတာ ကတော့ ချောင်းသာကနေ စက်တက်လှေနဲ့ နာရီဝက်လောက် ခုတ်ရုံ ဖြင့် ရောက်ပါတယ်။ ချစ်လုံးက တော့ ရေမကူးတတ် လို့ အတင်းခေါ်တာတောင်မလိုက်ပါဘူး။ အဲဒီ သတ္တိခဲကလွဲရင် ကျန်တဲ့ ရွှိုက်မယ့် အဖွဲ့တွေ အကုန်ပါ ပါတယ်။ ဒီလိုနဲ့သဲဖြုကျွန်းသွားတဲ့ လှေဆိပ်မှာ ငါးမျှားတံတို့၊ရေငုပ်မျက်မှန်တို့ ငှားရင်း လှေ အလာကိုစောင့်နေကြရပါတယ်။ လှေကတော်တော်နဲ့မလာတာနဲ့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ပုစွန်ကင်မြည်းရင်း ထန်းရည် ဝင်ကစ်လိုက်သေးတယ်။ သဲဖြူကျွန်းရောက်တော့ ရေငုပ်ကြ၊ငါးမျှားကြ နဲ့ အဖွဲ့သားတွေ သူ့အလုပ်နဲ့သူ ရှုပ်နေပါတယ်။ ရွှိုက်ဖို့ကလည်း တကျွန်းလုံး ကိုတွေ အဖွဲ့တဖွဲ့ဘဲ ရှိတော့ မလုပ်တက်လုပ်တက်နဲ့ ငါးဘဲ ထိုင်မျှား နေရပါတယ်။ခဏနေတော့ " ရွှိုက်" လို့ ဘောလေး အော်သံကြားလို့ကြည့်လိုက်တာ သကောင့်သား ငါးမျှားချိတ်မှာ ငါး ဗျ။ဒီလိုနဲ့ သဲဖြူကျွန်းကပြန်တော့ ငါးတကောင်အဖတ်တင်ခဲ့တယ်ဆိုပါတော့။ (ဒါတောင် အဲဒီငါးကို လှေဆိပ်ကနေ ဟိုတယ်ကို ဆိုက်ကယ်နဲ့အပြန် လမ်းမှာတကြွားကြွား လုပ်နေကြသေး၊ တသက်နဲ့ တကို ဒီတခါဘဲ မိဖူးတာကိုး)
ညဘက်ရောက်တော့ မနက်ဖြန်ပြန်ရတော့မယ်ဆိုပြီး မီးကုန်ယမ်းသောင်းကျန်း ကြတော့တာဘဲ။ ကျွန်တော်တို့အဖွဲ့က ဇေယျာမြင့်နဲ့ဟိုဘက်အခန်းက ကောင်မလေးတယောက်နဲ့တောင် ဘာလိုလို ညာလိုလို ဖြစ်နေပြီလေ။ကောင်မလေး နာမည်က ကျွန်တော်တို့တော့ သေချာမသိဘူးဗျ။ မဖြိုး ဆိုလာဘဲ၊ ဒီလောက်ဘဲ သိ တာ။ ဒါလည်းမရဘူး ဇေယျာမြင့်နဲ့မဖြိုး သောင်ပြင်မှာ စကားပြောတာလည်းမြင်ရော ချက်ချင်း သီချင်းတပုတ် ဖြတ်ပြီး ကောက်ဆိုကြတယ်။ ဆိုတဲ့သီချင်းက အာဇာနည်နဲ့ရင်ဂိုတွဲဆိုထားတဲ့
ကံကောင်းခြင်းလက်ဆောင်။ခပ်မြူးမြူးလေး။ ဆိုပုံကိုကြည့် ဦး ...ဘာတဲ့
~ ~ ယူပါဖြိုး ~ကံကောင်းခြင်းတွေ ကို လေး~~ ယူပါဖြိုး ~~ဒါဇေ့ရဲ့လက်ဆောင်ဘဲ ဟေ့~~
ဇေယျာမြင့် အမှောင်ထဲက မကြားတကြားလှမ်းဆဲသေးတယ်။မရတော့။
အဲဒီချိန်မှာ တော်တော်လည်းကွဲနေကြပြီဆိုတော့ ဒွန့်တဲ့သူကဒွန့်၊အလျားလိုက်ပေါက်တဲ့ အုန်းပင်ပေါ်တက်ခုန်သူကခုန်ပေါ့ဗျာ။ ဒီကြားထဲ မီးပန်းတို့၊အကင်တို့ရောင်းတဲ့ဈေးသည်တွေက ကျွန်တော်တို့လုပ်တာကို မျောက်ပွဲလို လာကြည့်နေသေးတယ်။ ကောင်းရော။
~ ~ ယူပါဖြိုး ~ကံကောင်းခြင်းတွေ ကို လေး~~ ယူပါဖြိုး ~~ဒါဇေ့ရဲ့လက်ဆောင်ဘဲ ဟေ့~~
နောက်ဆုံးနေ့
နောက်ဆုံးနေ့ မနက်ရောက်တော့ ကမ်းခြေကဘုရားဖူး၊ ပစ္စည်းသိမ်းပြီး လာခေါ်မယ့် ကျွန်တော်တို့စီးတော်ယာဉ် ကို ဟိုတယ်ရှေ့က စောင့်ကြပါတယ်။ကားလာတော့လည်း ဟိုတယ်ဝန်ထမ်းတွေက ကားပေါ်ထိလိုက်ပို့ကြ နှုတ်ဆက်ကြ နဲ့ဝန်ဆောင်မှုလည်းကောင်း ဧည့်ဝတ်လည်းကျေ ကြရှာပါတယ်။ ပြန်ရတော့မယ်ဆိုတော့ မပြန်ချင်သလို၊တခုခု ကိုဘဲလွမ်းသလို နဲ့ စိတ်ထဲမှာ မလန်းကြပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ကားဟာ တခြားခရီးသည်တွေကို တဟိုတယ် ဝင် တဟိုတယ် ထွက်နဲ့လိုက်ခေါ် ရင်း Belle Myanmar ဟိုတယ် ရှေ့ရောက်တော့ ကောင်မလေးတဖွဲ့တက်လာပြန်ပါတယ်။ ဒီမှာတင် အစောက မပြန်ချင်လို့ ညစ်ထေးထေးဖြစ်နေတဲ့ ကျွန်တော်တို့တဖွဲ့လုံး ...." ရွှိုက် "
စာကြွင်း။ ။ ၂၀၀၇ခုနှစ် ဒီဇင်ဘာ တုန်းက စာရေးသူနဲ့သူငယ်ချင်း တွေ ပျော်ခဲ့ကြရသော ချောင်းသာအပျော်ခရီး အား မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်ပါသည်။ ချစ်လုံး၊ချီးချီး၊ဘောလေး၊ဇေယျာမြင့်၊ထည်ကြီး၊တောင်တွင်းကြီး အားလုံးအတွက် အမှတ်တရ။
ကြိုးစားပါဦးမည်။
မောင်bee
ဇေယျာမြင့်က ဒီလိုရောင်းတယ်
သဲဖြူကျွန်း မှာ မိခဲ့တဲ့ ငါးနဲ့ အမှတ်တရ

အပြန်ကားပေါ်အထိ " ရွှိုက် " ကောင်း တုန်းKan Kaung Chin La Saung 10 Nit Ka Yee (RZN+RG) - Various Artists
Monday, January 26, 2009
သွေးတစ္ဆေ (၃)
သွေးတစ္ဆေ (၂) မှ..................(၃)
" တံတားဖြူ ပါလား? တံတားဖြူ "
ကိုရဲ စီးလာသော ၅၁ ဘတ်စ်ကား ပြည်လမ်း တံတားဖြူမှတ်တိုင်မရောက်ခင် ကားစပယ်ယာ ၏ မတိုးမကျယ် လှမ်းမေးသံ ဖြစ်သည်။
"ပါတယ် .....ပါတယ် "
ခပ်စပ်စပ်ဖြေရင်းကားတံခါးဝရှိရာသို့ သူ နည်းနည်းတိုး လျှောက်ထားလိုက်၏။
တံတားဖြူမှတ်တိုင် အဆင်း လက်ပက်နာရီကို ကြည့်တော့ လေးနာရီ စွန်းစွန်းသာရှိသေးသည်။
တမင်တကာ အိမ်မှ သူ စောစောကြိုထွက်လာခြင်းသာဖြစ်သည်။
"မောင် ၅နာရီနော် နောက်မကျနဲ့ ထိုင်နေကျ နေရာမှာဘယ် စောင့်နေ မေလာခဲ့ မယ်"
ညက ဖုန်းထဲမှ မေ့အသံကို ပြန်ကြားယောင်နေပြန်သည်။
ရုံးပိတ်ရက်ဖြစ်သည့်အလျှောက် အပန်းဖြေသူများ၊ကျန်းမာရေး အတွက်လမ်းလျှောက်သူများဖြင့် အင်းယားကန်ဘောင်က စည်ကားလျှက်ပင်။ ထိုင်နေကျခုံတန်းလေး ပေါ်က သူနဲ့မေ အရင်တုန်းက ရေးခဲ့သောစာတမ်းလေး ကိုတွေ့တော့ သူပိုပြီး ဆို့နစ်သွား၏။ စုံတွဲအချို့ဘေးမှဖြတ်လျှောက်သွားသော်လည်း သူလှည့်မကြည့်ဖြစ်၊အင်းယားကန်ရေပြင် ကိုပင်ဦးတည်ချက်မရှိ ငေးနေလိုက်သည်။
သူ့အတွေးထဲမှာ မေ့ပုံရိပ်တွေအစီအရီ ပေါ်လာနေသည်။
ဒီနေရာလေး မှာ သူနဲ့မေ သီချင်းတပုတ်တူတူ ညည်း ခဲ့ကြဖူး သည်။ အိပ်မက်တစုံ ကိုအတူတူ မက်ခဲ့ဖူးသည်။အိပ်တန်းငှတ် တွေကိုကြည့်ရင်း အနာဂတ်တွေကို ပုံဖော်ခဲ့ဖူးသည်။အခုတော့ ဒါတွေ အားလုံးဘယ်ရောက်သွားတာလဲ? သူ ယုံကြည်မျှော်လင့်ခဲ့တဲ့ အနာဂတ်တခု ပြိုကျခဲ့ပြီဘဲလေ။
သူ လက်ထဲမှ စာရွက်ခေါက်လေးကို အားနဲ့ဖိဆုပ်လိုက်ရင်း မျက်လုံးတွေ ရီဝေလာသည်။
"မေ........."
စိတ်ထဲမှ ရေရွတ်ရင်း မျက်လုံးတွင်းမှ မျက်ရည်စတချို့ စီးကျလာသည်။
ဟုတ်တယ် သူ မေ့ကို ထပ်မတွေ့သင့်တော့။ ဘယ်တော့မှလည်း မေ့နားမှာ သူမနေသင့်တော့။ သူက မေ့ အတွက် သွေးတစ္ဆေ တကောင် ဖြစ်နေနှင့်ပြီဖြစ်သည်။
သူထိုင်နေရာမှထလိုက်ပြီး ပြူံး သည်။ ထို အပြူံး မှာ တခုခု ကိုအောင်မြင်လိုက်သော အပြူံးမျိုး။
ဆုံးဖြတ်ချက် တခုအတွက် ကျေနပ်သည့်အပြူံးမျိုးပင်။
သူလက်ထဲမှာတော့ တစစီဆုပ်ချေထားသည့် စာရွက်ခေါက်လေးတခု၊
အမှန်တော့ဒီစာရွက်ခေါက်လေးမှာ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဆေးခန်းမှ ထုတ်ပေးလိုက်သော သူ့အတွက် ဆေးစစ်အဖြေတခုသာ ဖြစ်သည်။ထိုဆေးစစ်ချက်အရ သူဟာ Leukaemia ခေါ် သွေးကင်ဆာရောဂါ ဝေဒနာရှင် ဖြစ်ကြောင်း သူသိခဲ့ရသည်။
ထိုပြင် ထိုရောဂါဝေဒနာရှင်များသည် ပုံမှန် သွေးလဲရန် လိုအပ်ကြောင်း၊ခန္ဒာကိုယ်အတွက်လိုအပ်သည့် သွေးသွင်းမှုမရရှိပါက ရောဂါမှာတဖြေးဖြေးပိုဆိုးလာ နိုင်ကြောင်း ဆရာဝန် မှတဆင့် သူသိထား၏။ တနည်းအားဖြင့်ဆိုသော် အခြားသူတယောက်၏ သွေးသွင်းပေးမူဖြင့်သာ သူ အသက်ရှင်နေထိုင်နိုင်တော့မည် ဖြစ်သည်။ ဒီလိုနဲ့ သူ့ရောဂါ ကျွမ်းလာသည်နှင့်အမျှ သွေးသွင်းမှုများ စိတ်လာဦးမည်။ ထိုအခါ မေအပါအဝင် သူနဲ့ သွေးအုပ်စုချင်း တူသူများဆီမှသွေး ကို သူ့အသက်ရှင်မှုအတွက် လောင်စာတခုလို သွင်းယူစားသုံးရဦးမည်။ ဘယ်လိုဘဲဖြစ်ဖြစ် တနေ့တော့ ဒီရောဂါဆိုး ကြီးဖြင့် လောကကြီးမှ သူထွက်သွားရဦးမည်ဖြစ်သည်။
ဒီလိုအခြေအနေမျိုး မှာ သူ မေ့နားမှာ ထွက်ခွါသွားသင့်ပြီ။ သူရဲ့တစစီဖြစ်နေတဲ့ အနာဂတ်တွေ မေ့ကိုမပေးချင်တော့။ မေ့ ကို သူ စွန့်လွှတ်သင့်ပြီလေ....
သူကျောခိုင်း ပြီးထွက်လာခဲ့ပြီဖြစ်သည်။ မေ့နဲ့ထိုင်ခဲ့တဲ့နေရာလေးကိုကော၊ မေ့ကိုကောပေါ့
ဟုတ်ပါသည်။ သူက သူ မက်နေကျ အိမ်မက်ထဲက သွေးတစ္ဆေတကောင် ဖြစ်သည်။ သူအသက်ရှင်နေထိုင်မှု အတွက် တပါးလူများ၏ သွေးကို စုပ်ယူစားသုံးရဦးမည်။သို့သော် သူ့ချစ်သူ ၏ သွေးကိုတော့ ဘယ်သောအခါမျှ ရက်ရက်စက်စက် မစုပ် ယူ နိုင်သည့်  သွေးတစ္ဆေ တကောင်ပင်တည်း။ ......
ကြိုးစားပါဦးမည်
မောင်bee -------------------- ပြီး။ --------------------------
စာကြွင်း ။ ။ ဤဇာတ်လမ်း မှာ စာရေးသူ သူငယ်ချင်း Hell man၏ Leukaemia သီချင်း ကို သီချင်းဝတ္တု(MTV)အဖြစ် တတ်သလောက် ခံစားဖန်တီးခြင်း သာဖြစ်သည်။ ခံစားနားဆင်နိုင်ရန် စာသား နှင့်တကွ တပါတည်း Uploadလုပ်ပေးထားပါသည်။
Leukaemia-(regular) - Hellman
~~ခြောက်လှန့်တဲ့အိပ်မက်ဆိုး နဲ့ငါ့ ဘဝအသက်ရှင်ခဲ့
~ ဘာမှအတိအကျမသိတဲ့အနာဂတ်နဲ့ ~
ဘယ်လိုအဆုံးသတ်မလဲ တွေးလို့မရအောင်ငါရီဝေနေတယ်
တကယ်ကိုဆုံးဖြတ်ခက်တဲ့ကံတရားဘဲ ~~
~ မင်းတို့ရဲ့သွေးစက်များနဲ့ ငါ့ကမ္ဘာလည်နေတယ်
ငါ့ဟာသွေးစုပ်တတ်တဲ့တစ္ဆေတယောက်လို
~~မြင်နေခဲ့တယ်မင်းတို့အားလုံးအတွေးထဲ
````သံသရာမလည်နိုင်အောင် ငါလေ အဝေးဆုံးပြေးထွက်ချင်ပေမယ့် ~~
cho: ရောဂါကျွမ်း နေခဲ့ အားငယ်ရင်းနွမ်းနေတယ် ငါတယောက်ထဲ မထားနဲ့ ~~~
ဘဝမှာ ထနေရင်းကျိုးနေခဲ့ စနေရင်းဆုံးနေခဲ့
ဘယ်သူလာဖန်ဆင်းတဲ့ အရှုံးတွေ ...အရှုံးတွေ~~~
~~~ Leukaemia ~~Leukaemia
~~ တငွေ့ငွေ့နဲ့ခမ်းခြောက်သွားတဲ့ငါ့ ကိုယ်ထဲမှာသွေးစက်မဲ့
ငါလေအသက်ဆက်သွားဖို့ လောင်စာအဖြစ်နဲ့ ~
~~လိုချင်မိတယ်မင်းတို့သွေးလေးနည်းနည်းလာကူညီပါဦး
ငါလေအသက်ဆက်ပြီးတော့ရှင်ချင်သေးတယ်~~
~~လှိုင်းများနဲ့ဝမ်းဗိုက်ပေါက်ခဲ့ ငါ့လှေငယ်ဟာဆန် နေတယ်
ပင်လယ်ကြီးရဲ့ ပုတ်ခတ်လှောင်ရယ်သံများနဲ့ ~`
ဘယ်ကမ်းကပ်မလဲ ဝဲဂယက်ထဲတော့ချာချာလည်နေတယ်
~~ငါ့လေကမ်းရောက်တဲ့အထိလှော်ချင်ပေမယ့် ~~
cho:
လူ့ဘဝရောင့်ရဲ ပေမယ့် ငါ့အတွက်ခဏလေးလိုဘဲ
ငါဘယ်သူမှအကျိုးမပြူဘဲ အားလုံးငါကျောခိုင်းခဲ့
သွေးတွေခြောက်ခမ်းနေခဲ့ ငါ့ကိုအရောင်လွှင့်စေတဲ့
လူ့ဘဝသေမင်း လက်ထဲ လောကကြီးထဲပျောက်ကွယ်
~~~ Leukaemia ~~Leukaemia~~~
~~~(တငွေ့ငွေ့နဲ့ခမ်းခြောက်သွားခဲ့ လူ့ဘဝရဲ့နေ့ရက်များထဲ)2
~~ ~~ အကျိုးနည်း. ..............
Sunday, January 25, 2009
သွေးတစ္ဆေ (၂)

(၂)
ရုတ်တရက် ထမင်းစားခန်းမှ မေမေ့ အသံကြောင့် သူ့ခေါင်းထဲမှ အတွေးတွေ ခဏလွှင့်စင်သွား၏။ မေမေ က မနက်တိုင်းစောစောထ၍ ဝတ်ပြူခြင်း၊ဘုရားဝေရာဝစ္စပြူလုပ်ခြင်း၊နောက်ဆုံး မီးဖိုချောင်ကိစ္စ ပြီးသည်အထိ အိမ်ထောင်ရှင်မကောင်းတယောက်၏ လုပ်ခင်းဆောင်တာ များကို စနစ်တကျလုပ်တတ်သည်။ ထိုသို့ လုပ်ပြီး တိုင်း သူ့ ကို ယခု ကဲ့သို့ နှိုးမြဲပင်။သူ သွားတိုက်ရင်းက အိပ်မက်ထဲမှ စပ်စုပ်ဖွယ် မျက်နာတချပ် မှန်ထဲတွင် ဖျတ်ခနဲပေါ်လာပြန်သည်။
"သား ဒီနေ့ဘယ်သွားစရာရှိသေးလဲ? မမေနဲ့ ကောချိန်းထားသေးလား?"
"ထွေထွေထူးထူးတော့ မရှိဘူး အမေ၊ မေ နဲ့တော့ ညနေဘက်တွေ့မယ် ပြောထားတယ်"
အမေ က မေ့ကိုဆိုလျှင် သမီးအရင်းတယောက်လို ချစ်ရှာသည်။ မေ က တည်ကြည်သည်။ အိနြေ္ဒရှိသည်။ သူနဲ့မေ သမီးရည်းစားဖြစ်ကာစက ပင် မေ့ကို ကိုရဲ တို့တအိမ်သားလုံးကသဘောကျကြသည်။ မေ နဲ့ သူ့ အကြောင်းကို မေ့အိမ်ကတော့ သေချာသိပုံ မပေါ်ပေ။ မေက ၂ယောက်အတူတူအလုပ်လုပ်ရင်း အဆင်ပြေပြီဆိုမှ ဖွင့်ပြောကြရန် သဘောတူ ထားကြသည်။
ဒီရက်ပိုင်း ကိုရဲ မေ နှင့် သွားမတွေ့တာ လေးရက် ရှိပြီဖြစ်၍ မနေ့ညကပင် မေကဖုန်းဆက်ချိန်းခြင်းဖြစ်သည်။ ဒီကြားထဲမှာ မေ နဲ့တွေ့ရင် တခုခုအကြောင်း ပြကာ ရှောင်ရှောင်ပြေးခဲ့သည်။ အမှန်ပြောရရင် ဒီနေ့လည်းသူ မေ့ကိုသွားမတွေ့ချင်။ မေ့ အနားမှာရှိချင်ပေမယ့် မေမသိတဲ့ အကြောင်းအရာတခု မေနဲ့ သူ့ ကြားမှာအခိုင်အမာရှိနေပြီကိုး။
အရင်က ဆို သူ ရုံးဆင်းတာနဲ့မေ့ရုံးကို သွားကြိုပြီး အတူတူ အိမ်ပြန်နေကျ၊ တခါတလေ အိမ်တန်းမပြန်ဘဲ လှည်းတန်း လမ်းဆုံက မြှီးရှည်ဝင်စားတတ်သည်။ ဘုရား တူတူသွားပြီး ငါးစာလိပ်စာ ဝင်ကျွေးတတ်သည်။ကန်ဘောင်မှာထိုင်ပြီး အင်းယားရေပြင်ထဲနေလုံးကြီးဝင်သွားတာ ထိုင်ကြည့်နေကြတတ်သည်။တခါတလေကျတော့ မေ စိတ်ကောက်လို့ သူနောက်ကတကောက်ကောက် လိုက်ချော့ ရတတ်သေး၏။ံ
သွေးတစ္ဆေ တကောင်..... ဟုတ်တယ် .....တကယ်တော့ ...သူက ဖြစ်မှန်းမသိဖြစ်နေသည့်
(ဇာတ်သိမ်း ဆက်လက်ဖတ်ရှူပါ ရန်)
Friday, January 23, 2009
သွေးတစ္ဆေ (၁)

ခြောက်သွေ့ အေးဆက်သော ဆောင်းညတည တွင်ဖြစ်သည် ။ ရန်ကုန် မြို့ နှင့် မနီးမဝေးရှိ ဟိုင်းဝေးလမ်းမတခုပေါ်တွင် အသက်နှစ်ဆယ်ဝန်းကျင်ခန့်သမီးရည်းစား လူရွယ်နှစ်ဦး လိုက်ပါလာသော ကားတစီး ခပ်မှန်မှန် မောင်းနှင်လာနေသည်။
"မောင့် သူငယ်ချင်း အိမ် ကို ... မေ"
ဟု ဖြေပြီး သက်ပြင်းပုန်းတချက် သူ ခိုးရှိုက်လိုက်သည်။မေ ကိုကြည့်တော့ ဘာကိုမှ မပူပန်သလိုပင်၊ သူ့အပေါ်ထားတဲ့ ယုံကြည်မှုကို မေ့ မျက်နာပေါ်တွင် သူ အတိုင်းသားမြင်နေရသည်။ တချက်ချက် ရှက်သွေးပင် ဖြာလိုက်သေးသည်။ဒီလိုည မျိုးမှာ မေ ရင်ခုန်နေမည်ဟု သူသိနေသည်။
ချစ်သူကို အပြည့်အဝယုံကြည်ပေးခဲ့တဲ့ မေ၊ ချစ်သူနဲ့ဆို အရာရာကိုရင်ဆိုင်ရဲတဲ့ မေ .....
သူ ကားကို ဆက်မောင်းချင်စိတ်မရှိတော့။ရုတ်တရက် ကားရပ်လိုက်သော သူ့ကို မေ က
" မောင် ဘာဖြစ်လို့ လဲ "
သူ လက်ညိုး ကိုနုတ်ခမ်းပေါ်တင် ပြီး ဘာမှမပြောနဲ့ဆိုသည့် သဘောဖြင့် မေ့ ကို ကြည့်နေလိုက်သည်။မေ့ကို ကြည့်ရင်း အစောက စိုးရိမ်မှုတွေလည်း မရှိတော့။ မေ ပေးတဲ့ယုံကြည်မှု သာ သူ့ ရဲ့အမြင့်ဆုံး ယုံကြည်မှုဖြစ်လိမ့်မည်။မေ့ လက်ခလေး ကို သူ ဖွဖွဆုပ်ကိုင်ထားလိုက်သည်။ မေ က နားလည်ယုံကြည်တဲ့ မျက်ဝန်းတစုံ ဖြင့် နုတ်ခမ်းတွေကို ပြုံးတယ်ဆိုရုံ ပြုံးထား၏။
ထိုအခိုက် ဆောင်းလေတဝေ့ တိုက်ခပ်မှု ကြောင့် ရနံ့တခု သူ ရုတ်တရက် ခံစားမိလိုက်သည်။ ထိုရနံ့ ၏ လှူံ့ဆော် မှူကြောင့် စိတ်ထဲမှာ တခုခုပြောင်းလဲ နေသည်ဟု သူခံစားနေမိသည်။ သူ ဘာဖြစ်တာလဲ ။ ကို့ကို ကို မေးခွန်းပြန်ထုတ်လိုက်မိသည်။ တခုခုကို ဆာလောင်နေသလိုလို၊ သူ ကိုယ်တိုင် သူ့အာရုံကို ဝေခွဲလို့မရ။ ရုတ်တရက် ကြမ်းတမ်းလာသော စိတ်ကို ထိန်းရင်း ကားအပြင်ဘက်ကို သူ ချက်ချင်းထွက်လိုက်မိသည်။ဟုတ်သည်။
ရနံ့တခု၏ လှူံ့ဆော်မှုကြောင့် သူ့စိတ်တွေ အလိုလိုခက်ထန် လာနေသည်ကိုသတိပြုမိလိုက်သည်။ ထိုရနံ့၏ ပိုင်ရှင်မှာ သူအလွန်ချစ်ရသော သူ့ချစ်သူ "မေ" ပင်ဖြစ်သည်။ မေနဲ့သူ ချစ်သူဖြစ်ခဲ့သော သုံးနစ်တာ ကာလအတွင်း ဒီလိုခံစားမှုမျိုး တကြိမ်တခါမှမကြုံခဲ့ဘူးပေ။ဟုတ်သည်။သူ ဘာဖြစ်နေ သနည်း။
သူ တုန်လှုပ်နေသည်မှာ သူ့ချစ်သူကို သူကိုယ်တိုင် ဒုက္ခပေးမိမှာဖြစ်သည်။
"မောင်..."
ကားအတွင်းခန်းမှ မေ ၏ ခေါ်သံမှာ အနည်းငယ်တုန်ရီနေပြီး သူ့ကိုနားမလည်နိုင်ခြင်း၊စိုးရိမ်ခြင်းများ ပြည့်လျှံနေသည်။ ရုတ်ချည်းပြောင်းလဲသွားသော သူ့ပုံစံကို မေ လည်းသတိပြူမိလောက်ရော ပေါ့။
" မောင် ဘာဖြစ်နေတာလဲ"
ပြင်းပြစူးရှတဲ့ရနံ့ကြောင့် မေ ကားပေါ်မှဆင်းလာပြီ ဆိုသည်ကို သူလှည့်မကြည့်ဘဲ သိနေသည်။ သူစိတ်တွေ အလိုလိုတင်းကြပ်လာနေသည်။ သူကို့သူ ထိန်းချုပ် နိုင်မှုလည်း တဖြေးဖြေးလျော့ကျလာနေသည်။
".............."
မေ က သူနောက်မှ သိုင်းဖက်လိုက်တဲ့အချိန်မှာတော့ သူ ထိုရနံ့၏ စွဲဆောင်မှု ကို ဘယ်လိုမှ တားဆီးနိုင်စွမ်းမရှိတော့ပေ။
ဆာလောင် မွတ်သိပ်မှု၊ ပြင်းပြ တဲ့ တပ်မက်မှု ကြောင့် သူ၏မူလ မျက်နာမှာ သားကောင်ကို တွေ့သည့်ဝံပုလွေ တကောင်နှယ့် ကြမ်းကြုပ် စပ်စုပ်ဖွယ်အသွင်သို့ ပြောင်းလဲသွား၏။ သူ မျက်လုံး များမှာနီရဲလာပြီး ပါးစပ်မှ အံစွယ်များပါ ရှည်မျလာသည်။ပြီးနောက် သူ၏ရှည်လျှားစူးမျသောအစွယ်တစုံ က သူ့ ချစ်သူ၏ အိစက်ညက်ညောသော လည်တိုင်ကို ထိုးဖောက် ရင်း ............
" အား .......................... "
မိန်းကလေးတဦး၏ စူးရှ ထိတ်လန့်ဖွယ် အသံနက်ကြီးတခု ........
ထိုညကား လမိုက်ည ...
သွေးတစ္ဆေ တကောင်....
ညကား . . .. . မှောင်မိုက်နေ၏ ။
(ဆက်လက်ဖတ်ရှူ ပါရန်......)
မောင်bee
ကြိုးစားပါဦးမည်။
Wednesday, December 24, 2008
X mas ည unplugged show

" လက်( စ်) စ် စတက် သယ် ရှိုး( စ်) စ် "
ဘောလေး က အောင်ကိုလတ် အထာနဲ့ထပြီး အော်လိုက်ရာ တဝိုင်းလုံး ရုတ်တရက်ကြောင်ပြီး မှင်သက်သွား၏၊ အကြောင်းမှာ ဘောလေး မပီတာလား အပီလွန်ပြီးပြောတာလားတော့မသိဘူး။ ပါးစပ်က တံတွေးစက် သုံးလေးစက်ခန့်ထွက်ပြီး ချစ်လုံး သောက်မည့်အရက်ခွက် ထဲ တန်းနေအောင်ဝင်သွား သည်ကိုး ။
"ဝါး "
ရီ ပြီ။ တ ဝိုင်းလုံး ဘောလေး ကိုတလှည့် ချစ်လုံး ကိုတလှည့် ကြည့်ပြီး အူလိမ့်နေအောင်ရီ သည်။ရီမယ် ဆိုလည်းရီချင်စရာ ချစ်လုံး ခမျာ သူ့ခွက်ကို သူ မျက်လုံးလေးကလယ်လယ်ဖြင့် ကြည့်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတာကိုး။ ပြီးမှ
"ခွေးကောင် ဘောလေး၊ ပွဲစတာဒီတိုင်းစ ပါလား ဟ၊ ခုတော့ ၅၀၀ ဖိုးလောက်ပါ သွားပြီ" ချစ်လုံး က လှမ်းဆဲ၏ ။
ကျနော တို့ဆိုအရယ်လွန် ပြီး ခုံအောက်ရောက်သူကရောက်နေပြီ။ပြီးမှအရယ်ရပ်အောင်မနည်းပြန်လုပ်ယူရတယ်။
ချစ်လုံး က မကျေမနပ်တဲ့ လေသံနှင့်.
"ကဲကဲ စတော့ကွာ မင်းတို့စမှ ငါ လည်း အေးအေးဆေးဆေး သောက်ရမှာ"
" လာ လာ ချီးရား( စ်) "
"Merry X mas "
ခွက်များပြိုင်တူ ကိုင်ကာ မော့ချလိုက်ကြသည်။တဆက်တည်းမှာပင်. 1 2 3..4~~ ကိုချစ် ဖူးခဲ့ တဲ့ ဟိုး အရင်ချိန်ကမင်း ဟာ သိပ်ပြီး ကြည့်လို့ကောင်းတာ ~~~
ရွှေချို က တီးနေကျ အဲလက်(စ်) ၏ သက်ဆုံးထိ သီချင်းကို ခပ်မြူးမြူးလေး တီးပြီး
သံပြိုင်ဝိုင်းဆိုကာ X mas ည Unplugged ဝိုင်း ကန့်လန့်ကာ ဆွဲဖွင့်လိုက် ကြတယ်။
ဘယ်သူဆိုဆို မဆိုဆို ချစ်လုံးကတော့ သူ့ HC ကို သူ တခွက်ပြီးတခွက် ဖြိုပြီး ကျေနပ်နေသည်။
ဒုတိယအနေနဲ့ ဝိုင်ဝိုင်း ၏ ဖြေသိမ့်လိုက်, ပြီးနောက် မျိုးကျော့မြိုင် ရဲ့ ကာရံလေး
ဒီလိုနဲ့တပုတ် ပြီး လိုက် တခွက်သောက် လိုက် နဲ့ အရှိန်တက်လာလိုက် တာ ခုနှစ်ပုတ်မြောက် big bagရဲ့ "မင်းမရှိ နေ့များ" ရောက်တော့
တီးတဲ့ ကျနော် နဲ့ရွှေချို လည်း လက်ကွက်တွေမမှန်တော့၊ လိုက်ဆိုတဲ့ သူတွေလည်း
" မင်းမချိနေ့ညား ရယ် ၊တိတ် တတ် တွေ တတယ်" တွေဘာတွေ ဖြစ်နေပြီ။
မမူးခံ နိုင် မလား ? တက်ညီလက်ညီ ဝိုင်းဖြိုလိုက်ကြတာ ရှိတဲ့ပုလင်းလည်း ဖင်ကပ်ကျန်တော့တယ်။
အဲဒီမှာ အစောက တချိန်လုံးငြိမ်နေတဲ့ ချစ်လုံးက လက်ကလေးထထောင်ပြီး လေးဖြူ အိုက်တင်နဲ့
"အားလုံး မတ်တပ်ရပ် ပေးလို့ရမလားမသိဘူး"
မူးနေပြီ ဆိုမှတော့ ဘာသိတော့မှာလဲ။ ထဆိုတော့ ထပေါ့။ အားလုံး ဒရိမ် ဒရိုင် နဲ့ ရောယောင် ထရပ်ရုံ ရှိသေး။
" ဒူးကော ထောက်ပေးလို့ရမလားမသိဘူး" (တိန်)
" ဟမ် " ဘာလဲ ဟ။ မတ်တပ်ရပ်တာကထားပါတော့ အခု ဒူးပါထောက်တဲ့ သေပြီ။ ဒီ ကောင် ကတော့ စားပြီထင်တယ်။ မထောက်ပြန်ရင်လည်း "မင်းတို့က ဘော်ဒါချင်း ငြိုငြင်တာ လား "ဟု ကျေးဇူးရှင် က မျက်စောင်းကြီးထိုးပြီး ပြောဦးမယ်လေ။ ဆိုတော့ ထူးဘူး ဆိုပြီး မူးမူးနဲ့အားလုံးပြိုင်တူ ထောက်ချလိုက် ရတော့တာပေါ့။ ရွှေချိုကြည့်တော့ သကောင့်သားက မူးလို့ဒူးထောက် ရုံတင်မဟုတ်ဘူး။ လေးဘက်ပါ ပစ်နေပြီ။
ချစ်လုံးက ဆက်ပြီး ပီတီတီ နဲ့
" ဟုတ် ကဲ့ အားလုံး Ready ဆိုရင် အ နော သီချင်း တပုတ်ဆို ချင်ပါတယ် "
ကြားကြားချင်း အစောက မူးပြီးဒူးထောက်တဲ့ လူတွေ တွန့်သွားတယ်။ တွန့်တာလည်းမလွန် ဘူး။ ချစ်လုံးဆိုတဲ့ကောင် က သီချင်းတပုပ် မပြောနဲ့ ကဗျာတပိုက်တောင် သံနေသံထား မှန်အောင်ရွတ်နိုင်တာ မဟုတ်ဘူး။အဲလိုပါရမီ ရင့်သန်တဲ့ကောင် က ရုတ်တည်နဲ့ သီချင်းတပုတ်ကို တယောက်တည်း ဆိုမယ် ဆိုတော့ တွန့်လဲတွန့်ချင်စရာ။
"ငဘီး ရော့ တီးကွာ ငါကြိုက်တဲ့ သီချင်း " ဆိုကာ ကျနော်ကို guitar ကြီးထိုးပေးပါရော။ ကဲ တီးရတော့မှာပေါ့ ပြောလို့လည်း ရမှာ မဟုတ်ဘူးလေ။ "1 2 3 4"
"အ တူ သွား အ တူစား ကာ ပျော်ပါးခဲ့ ဖူး တာ ပြန်တွေးလိုက် တိုင်း မင်း အနား ရောက် လာ"
အ မယ် သူ့ကိုသူ အာဇာနည် လိုလို ဘာလိုလို မျက်လုံးမှိတ်ပြီး ဖီး အပြည့် နဲ့ ဟဲ နေ တာ, ဟဲ နေ တာ
ဟိုးက ကြားရင် သေလောက်တယ်.
တကယ် တော့ သူဆို နေတာက တခြား။ ကျနော် တီး တာက တပုတ်ဗျ။ ကိုလည်းတီးချင်ရာတီး သူလည်းဆိုချင်ရာဆိုဘဲ။ စဉ်းစားသာကြည့် ဘယ်လိုဆိုနေလဲ ဆိုတာ။ မူးနေတော့ သူ့ဟာနဲ့သူတော့အံကိုကိုက်နေ တာဘဲ။ ဒီကြားထဲ ဟိုက စာသားမရလို့ စဉ်းစားနေတာကို ချီးချီး ဆိုတဲ့ကောင်က ဘုမသိဘမသိနဲ့ ပြီးပြီ ထင်ပြီး ဝမ်းသားအားရလက်ခုပ်ထတီး သေးတယ်။မြန်မြန်ပြီး အေးရောတဲ့။ အားပေးတာ ပြောပါတယ်။
ဒီလိုနဲ့........"ကျနော်တို့ နောက်ဆုံးအနေနဲ့ Xmas ညကို Xmas song နဲ့ နူတ်ဆက်ခွင့်ပြူပါ ခင်ဗျာ"
တကယ်တော့ ပြောသာပြောတာ x mas song ဆိုတာတကောင်မှရတာမဟုတ်ဘူး ။ ကိုနဲ့ လည်း ဆိုင်မှမဆိုင်တာ။ ဒါပေမယ့် မောင်ဘီး ဘော်ဘော်တွေလေ, သိတယ် မဟုတ်လား? ရအောင်တော့ ဆိုဖြစ်အောင် ဆိုလိုက်သေးတယ်။ ဆိုတဲ့ သီချင်း ကိုကြည့် ဦး...
"Merry X mas to you all ! "
~~ဤအိမ် ပေါ်သို့ကောင်းချီး မင်္ဂလာ ရောက် စေသော် ~~ရောက် စေသော် ~~~
~~ဤအိမ် ပေါ်သို့ကောင်းချီး မင်္ဂလာ ရောက် စေသော် ~~ရောက် စေသော် ~~~
~~~ကျန်းမာပါစေ ~~~ချမ်းသာပါ စေ ~~~
ကျေးဇူးတင်ပါသည် မိတ်ဆွေများ~~~မိတ်ဆွေများ~~
အဲလိုကောင်တွေပါဆို ....................
ကြိုးစားပါဦးမည်။
မောင်bee
Monday, December 22, 2008
တောင်းပန်စာ
ပထမ ဦးစွာ မောင်bee blog ကို မအားတဲ့ကြား က လာလည်ကြ တဲ့ blogger ဦးဦး၊ဒေါ်ဒေါ်၊ ကိုကို၊ မမ နဲ့ညီ ညီမလေး များ၊ မောင်bee တင်သမျှ post များကို မညည်းမညူ ဖတ်ပြီး မိုက်တယ်၊ ဆက်လုပ် ၊ ထင်တောင်မထင်ဘူး စသဖြင့် ကောင်းကောင်း မကောင်းကောင်း,ကြိုက်ကြိုက် မကြိုက်ကြိုက် မြောက်ပင့်အားပေးကြသော ဘော်ဘော်များ အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေ ခင်ဗျား။( ဟုတ်သော်ရှိ မဟုတ်သော်ရှိ မောင်beeလည်း ဒါလေးတွေဘဲ အားထားနေရတာ )
ဒုတိယ အနေနဲ့ လည်ရင်းပတ်ရင်း လမ်းကြုံ လို့ဘဲဖြစ်ဖြစ်၊မျက်စိလည် လမ်းမှားလို့ဘဲဖြစ်ဖြစ် အလည်ရောက် လာကြတဲ့ ဧည့်သည်တော်များ ကိုလည်း ကျေးဇူးတင်ပါတယ် ဗျာ။ နောက်လည်း လမ်းမှားကြပါစေ အဲ လာလည် ကြပါလို့ဖိတ်ခေါ်ပါတယ်။
နောက်ဆုံး အနေနဲ့ commentပေးပြီး တဖုံ သံချောင်း ခေါက်ပြီး တခါ အကြံပြုပေးကြသော မိတ်ဆွေများ၊ အလည် ပြန်ဖိတ်သော blogger ညီအကိုမောင်နမ များကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျား။
အားလုံးက တော့ မောင်bee တယောက် ပျောက်ချက်သားကောင်းလို့ တမျိုးတော့မထင်ကြပါနဲ့။ ကျောင်းပြီး ကတည်းက အလုပ်ရှာနေ ရ လို့စာမရေးနိုင် ဖြစ်၊ ကံအားလျော်စွာ အမေ့ရွာကို ပြန်ခွင့် ကြုံလို့တစ်လကိုးသီတင်း တဝကြီး နေရင်းက bolgလောကနဲ့ အဆက် ပြတ်နေရခြင်းပါ။ လူ မရောက်ပေမယ့် စာရေးချင်တဲ့စိတ်ကတော့ အမြဲရောက် ပေါ့။ ဒီအတွက် အားလုံး အားလုံး ကိုတောင်းပန်ပါတယ် ခင်ဗျား။
အခုအလုပ် မရသေးပေမယ့် အားတဲ့ အချိန်လေးမှာ မောင်bee စာပြန်ရေးပါတော့မယ်။
တဖန် လာရောက်မြောက်ပေးကြဖို့ အဲ .. အားပေး ကြ ဖို့ဖိတ်ခေါ်ပါတယ်။
လေးစားစွာ ဖြင့်
မောင်bee
