Sunday, March 22, 2009

အိုဘယ့် .....CHANGI






Changi(ချန်ဂီ) ဆိုတဲ့ အသံကြားရင် ကျွန်တော့် ရင်ထဲ သိမ့်ကနဲဘဲ ဘာရယ်မဟုတ်ဘူး အဲဒီအသံကြားရင် စိတ်ထဲ အလိုလို တစ်မျိုးကြီးကို ဖြစ်ဖြစ်သွားတယ်။ ဒီလိုဖြစ်လောက်အောင်လည်း ကျွန်တော် ရောက်တိုင်း သူဆီကခံစားမှု တစ်ခုမဟုတ်တစ်ခု မရိုးအောင် ရခဲ့တာကိုး။

"အိုဘယ့် .....Changi နင် လုပ်ရက်တယ်"

ပထမဆုံး ကျွန်တော် သူ့ ဆီ စစရောက်ချင်းတော့ ကျွန်တော် ကိုယ်တိုင်ကျေနပ်နေမိတာဝန်ခံရမှာဘဲ။ သူက ခမ်းနားကျော့ရှင်းသလို သန့် ရှင်းသပ်ရပ်မှုကလည်း ကျွန်တော်တွေ့ ဖူးသမျှတော့ သူမတူအောင်ပါပဲ။ အဲဒီ အချိန်က သူရဲ့ ထည်ဝါမှုတွေနဲ့ အတူ ကျွန်တော်ပြုစားခံလိုက်ရပြီဆိုတာ ဘယ်သိခဲ့ဦးမလဲလေ။

"ဟုတ်တယ် Changi နင် ငါ့ကိုပြုစားခဲ့တာဘဲလေ။ ငါက မှင်သက် အံ့သြစရာတွေနဲ့ နင်ခေါ်ဆောင်ရာဆီ စူးစမ်းစိတ်အပြည့်နဲ့လိုက်ခဲ့မိတာကိုး။ နင့်ကိုမတွေ့ခင် ငါ့ရင်တွေ ခုန်ရကျိုးနပ်အောင် နင်ဖျော်ဖြေနိုင်ခဲ့တာ ငါမငြင်းပါဘူး။ အမှန်အတိုင်းပြောရရင် ငါအကျေနပ်ကြီးကျေနပ်ခဲ့သေးတယ်။"

ဒီလိုနဲ့ ကျွန်တော်ရဲ့ပထမဆုံး CHANGI အဖွင့်က လှပခဲ့တယ်ဘဲဆိုပါတော့။ဟုတ်တယ်လေ။ စင်ကာပူရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ကို ပထမဆုံး ရောက်လာတဲ့မြန်မာတစ်ယောက်အဖို့ CHANGIဆိုတာ ရောက်ရောက်ချင်း ရင်သပ်ရှုမောစရာ ပြဇာတ်တစ်ပုဒ် ဖွင့်ပြခဲ့တဲ့ ပြဇာတ်ရုံကြီးတစ်ရုံပဲပေါ့။
ဒုတိယအကြိမ်ကျတော့ CHANGI ကို ရောက်တာ နည်းနည်းတော့စွန့်စားမှု ဆန်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒါဟာ မဟာစွန့်စားခန်းဘဲပေါ့။

" CHANGI မင်းနဲ့ငါတွေ့ပြီ"

အကြောင်းကတော့ စင်ကာပူမြိုသိပ်ခဲ့ရတဲ့ ကျွန်တော်ခံစားချက်တွေ ဖွင့်ဟဖို့ လူမသိသူမသိ ရန်ကုန်ကိုခိုးလစ်ခဲ့တာပါ။ မိဘ မသိအောင်ခိုးလုပ်ရတာဆိုတော့ ရင်တုန်ဖို့တော့ကောင်းသား။ တခုခုချွတ်ချောမှာကိုစိုးရိမ်တာလည်းပါတာပေါ့လေ။ဒါပေမယ့် ဗျာ။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာပြည်ကို ပြန်ရဲရမှာပေါ့။ ဟုတ်ဘူးလား။ ဒီလိုနဲ့လေယာဉ်ဘီး စင်ကာပူမြေကကြွတော့ ကျွန်တော် Changiကို ပြုံးပြုံးကြည့်ခဲ့တယ်။

"Changi .....မင်းကို ငါနိုင်ပြီ ဟ ဟ"

အဲဒီတုန်းက နိုင်တယ်ထင်ခဲ့တာကိုး။ အချိန်တန်လို့ စင်ကာပူပြန်ရောက်တော့ changi ကဘာမှမပြောဘူး။
ကျွန်တော်ကတော့ ကို့အရှုံး အတွက် ခေါင်းငုံ့ပြီး သူ့ရှေ့ကဖြတ်လျှောက်ခဲ့ရတာပါဘဲလေ။
"Changi မင်း ငါ့ကိုကြိတ်ရီနေမှာပါ ..."

ဒီလိုနဲ့ ၂၀၀၇ ဒီဇင်ဘာ ကျတော့ changi နဲ့ကျွန်တော် နောက်တစ်ကြိမ်ပြန်ဆုံပါတယ်။ ဒီတခါတော့ အရင်အခေါက်လို ခိုးကြောင်ခိုးဝှက်မဟုတ်တော့ဘဲ မွေးမြေရပ်ဆီ ပြန်ခွင့်ရပါပြီ။ အဲဒီ ကြည်နူးမှုကို ဒီနေ့ထိ မမေ့နိင်ခဲ့ဘူး.... ဒီတစ်ခါတော့ ကျွန်တော် changi ကို ပြုံးတော့မပြ ရဲတော့..ဒါပေမယ့် changi ပေးတဲ့ လက်ဆောင်တစ်ခု ကျွန်တော်ပိုက်လို့ အမေ့ဆီကိုပြန်လာခဲ့ပြီလေ။ အဲဒီနေ့ က မှတ်မှတ်ရရ ဒီဇင်ဘာ၃ရက် အမေ့မွေးနေ့။ ၁ နစ်ကြာဝေးကွာနေတဲ့ မိသားစု နဲ့ ဆုံခွင့်ရတော့မယ်ဆိုတဲ့အပျော်စိတ် ကို changi မှာမွေးဖွားနိင်ခဲ့ပြီလေ။ ကျေးဇူးပါ changi ။ ငါ မင်းနဲ့ပြန်တွေ့ရဦးမှာပါ။ ငါနားလည်ပါပြီ.....။

တစ်နစ်ကြာဝေးကွာခဲ့ရတဲ့ မိသားစုတွေ၊သူငယ်ချင်းတွေ နွေးထွေးမှုကြောင့် ချမ်းစိမ့်တဲ့ရန်ကုန်ဆောင်းကို ကျွန်တော် အရသာရှိရှိ ဖြတ်သန်းစီးမျောခဲ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်ကအပြန် changi လေဆိပ်မှာတော့ အသွားတုန်းကရန်ကုန်လေဆိပ် မှာလို တွေ့ချင်စိတ်အပြည့်နဲ့ ကျွန်တော်ပြန်အလာကို မျော်လင့်တကြီးစောင့်ကြိုမယ့်သူတစ်ယောက်မှမရှိပါဘူး။ စိတ်ထဲမှာတော့ အထီးကျန်ခြင်း၊၀မ်းနည်းခြင်း၊အေးစက်ခြင်း တို့ရောယှက်နေ၏။

“changi! ခုတော့ မင်းက ငါ့ ဆောင်းအိပ်မက်ချိုချို ကို လှုပ်နှိုးလိုက်ပြီပေါ့”

ပြီးတော့ ကို့အစီအစဉ် နဲ့ ကို luggage လေးဆွဲ MRT (public train) လေး ငိုက်ပြီးစီးရင်း စင်ကာပူကကျွန်တော် စံမြန်းရာ အခန်းလေးထဲ ပြန်ရောက်ခဲ့တယ်ဆိုပါတော့။
ဒီလိုနဲ့ပြန်လိုက်သွားလိုက် လုပ်နေလိုက်တာ ကျွန်တော်စင်ကာပူရောက်ပြီး ၂နှစ် အတွင်း changi နဲ့အကြိမ်ကြိမ်ဆုံတယ် လို့ပြောရမှာပါဘဲဗျာ။ ဆုံတိုင်းလည်း သူနဲ့ကျွန်တော် ထုံးစံအတိုင်း ပြောင်ပြလိုက်၊ထိပ်ပုတ်လိုက် ပေါ့။ ဒါပေမယ့် ခုချိန်ထိတော့ ကျွန်တော် သူ့ကို ရှုံးနေတုန်းပါဘဲလေ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ကတော့ အမေနဲ့အဖေ ကျွန်တော်နဲ့အတူ စင်ကာပူကို အလည်လိုက်လာပါရော။ အမေနဲ့အဖေ စင်ကာပူ မှာ ၂ပတ်လောက် နေပြီး အပြန်မှာတော့ သူတို့ကို လိုက်ပို့ရင်း changi ကို ကျွန်တော် နောက်ဆုံးအကြိမ်ရောက်ခဲ့ပါတယ်။ အလာတုန်းက ဘာမှမယ်မယ်ရရ မခံစားရတော့ပေမယ့် အမေနဲ့အဖေ နှုတ်ဆက်စကားပြောအပြီး ကျွန်တော့်ကို ကျောခိုင်းထွက်သွားတဲ့ မြင်ကွင်းကိုတွေ့ရတော့ ရင်ထဲမှာ ချက်ချင်းဘဲဆို့တက်သွားတယ်ဗျာ။ ဆက်ပြီး မကြည့်နိင်တော့လို့ မျက်လုံးတွေကို ရုတ်တရက် မှိတ်လိုက်ရတဲ့အထိပဲ။ ဒီခံစားမှုက ငယ်ငယ်က မူကြိုပထမဆုံးတက်တဲ့နေ့ အမေနဲ့အဖေ ကျွန်တော်ကို ကျောင်းမှာထားခဲ့ပြီးပြန်သွားသလိုပေါ့။ ၀မ်းနည်းစရာကောင်းပါတယ်။ မိဘရဲ့နွေးထွေးလုံခြုံတဲ့ရင်ခွင်လောင်းရိပ် ကနေ တဖန် လွင့်ထွက်သွား ပြန်ပြီလေ။ အလိုလို အားငယ်စိတ် ဖြစ်လာတော့တာပါဘဲ။ ကျွန်တော်ကိုယ်တိုင် လည်း သူတို့ကို ကျောခိုင်းထွက်လာခဲ့လိုက်တယ်။

“changi ဒါ မင်း ပေးတဲ့လက်ဆောင်ဘဲ ပေါ့လေ ဟုတ်လား? ”

ဟုတ်ပါတယ်။ ကျွန်တော် ကြိုးစားရဦးမယ်။ စင်ကာပူမှာနေပြီး ကျွန်တော့်ဘ၀ခြေလုမ်းများ ကိုရှေ့ဆက် ခရီးနှင်ရဦးမည်။ ကျွန်တော် လက်တွေကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း .....
“changi တနေ့ကျရင် ငါ မင်းကို အနိုင်ပိုင်းပြမယ်”

ံကြိုးစားပါဦးမည်။
မောင်bee

Thursday, March 19, 2009

“ကြယ်ကြွေဗိသုကာ”


ငါ့အလွမ်းတွေ တိုင်မှာချိတ်
တစ်ယောက်တည်းလည်း နေရဲခဲ့ပြီ။
ငါ့ မျက်နာမှာတော့ အပြုံးတစထွန်းလို့
ဒါဘ၀ ရဲ့အရင်းနှီး.......
ငေးမောတွေးတောဖူးစ။ ။

ငါ့မာန၊ငါ့အတ္တ နဲ့ဘဲ
ငါကိုယ်တိုင် မသိမသာ ရှူံးနေပြန်တယ်။

ဆောက်လက်စ ဒဏ်ရာအဟောင်းက
ရင့်ကျက်မှု လှေခါးတွေနဲ့
အနာကျက်လိုက် တစ်ဆင့်တက်လိုက်

ယုံကြည်ခြင်းပြတင်းတချပ် ကနေ
ငါအဆုံးထိလှမ်း ကြည့်တယ်...
တကယ်တော့ ဒါဘ၀ရဲ့ အချည်းနှီး........
ငေးမောတွေးတောဖူး၏ ။ ။

Sunday, March 1, 2009

သမီးလေး သို့ ......

သို့ /
သမီးလေး Hailie,
အဖေ အဝေးကို ထွက်သွားတဲ့အချိန်မှာ သမီး တယောက်တည်း အဖေနဲ့အမေကို ဘယ်လောက်တောင် သတိရနေမယ်ဆိုတာ အဖေ သိပါတယ်။ အဖေကလည်း အဖေပါဘဲ ဒါပေမယ့် အဖေ ဘယ်တော့မှ မရခဲ့တဲ့ ဘဝမျိုး ကို ငါ့သမီးလေး ကိုရစေချင်တဲ့ဆန္ဒနဲ့ ဒီလိုလုပ်ရတာလေ။ သမီး ရင်ထဲမှာ ဘယ်လိုငိုကျွေးနေတယ်ဆိုတာ သမီးမျက်ဝန်းဝိုင်းဝိုင်းလေးတွေကတဆင့် အဖေတွေ့တယ်။ သမီး ဘယ်လို ပြုံးထားပြုံးထား ဘယ်လောက်ရယ်မောနေနေ သမီးရဲ့ဝမ်းနည်းမှုတွေ အဖေ အတိုင်းသား မြင်တာပေါ့။ တကယ်တော့ သမီးနားမှာ အဖေရှိပါတယ် ဒီအိပ်မက်ဆိုး တွေကို အဖေတို့အတူတူ ကျော်ဖြတ်လိုက်ကြရအောင်။ဒါနဲ့ သမီးဦးလေး ကော? သမီးဦးလေးကလည်း သမီးကိုဘယ်လောက်ချစ်တယ်ဆိုတာ သမီးသိသားနဲ့။ ဘယ်လိုဘဲဖြစ်ဖြစ် အဖေတို့အားလုံးသမီးနဲ့အတူ ရှိ နေမှာပါ ဒီကမ္ဘာကြီးလည်ပတ်နေသရွေ့ ပေါ့။
အဖေကလည်း အပြင်အမြဲ ထွက် သမီး အမေကလည်း အမြဲ သတင်းတွေမှာ ပါ ဒီအတွက် သမီးလည်း စိတ်ရှုပ်နေမယ်ဆိုတာ အဖေ နားလည်ပါတယ်။ ဒီအခြေအနေတွေ က ရုန်းထွက်နိုင်အောင် ကြိုးစားပေမယ့် အဖေ့အဖြစ်က လှုပ်လေမြုပ်လေဆိုသလို ဖြစ်နေတာလေ။အဖေ မရည်ရွယ်ခဲ့ပေမယ့် ခုတော့ ဒီလိုအခြေအနေဆိုး တွေ သမီးအမေနဲ့ အဖေကြားမှာရှိနေပြီ။ သေချာတာတော့ သူနဲ့အဖေ ငယ်ငယ်တုန်းကလို တစ်ဦးပေါ်တစ်ဦး ယုံကြည်နားလည်မှုမျိုး ဘယ်တော့မှရနိင်တော့မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် စိတ်ပူမနေပါနဲ့ တချိန်နိုးထတဲ့ အခါ ဒါတွေက အိပ်မက် အဖြစ်သာကျန်ခဲ့မှာပါ။
ရီးစရာတော့ကောင်းသား လွန်ခဲ့တဲ့ တနစ် အဖေမှာပိုက်ဆံ တပြားမှမရှိတဲ့ chrismas တခုမှာပေါ့။သမီး အမေက chrismas လက်ဆောင်လေး တခု အဖေ့ကိုပေးပြီး သူ့အတွက်ကောတဲ့?
အဖေ့မှာဝယ်စရာ ပိုက်ဆံမရှိသလို ဖြေစရာ စကားလည်းမရှိဘူး။ အဲဒီညကို အဖေ ဘယ်မေ့နိုင်ပါ့မလဲ။ တညလုံးထိုင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတာကိုး။ အခုတော့အဖေ အလုပ်တွေလုပ်နေပြီ။ ဒါဟာ သမီးနဲ့သမီးအမေ စားမယ့်ထမင်းစားပွဲ ပေါ်ကို ကောင်းပေ့ညွတ်ပေ့ ဟင်းလျာတွေ ယူပေးနိုင်အောင်ပေါ့။ သမီးကို ကောလိပ်ထားဖို့ သမီးအမေ စုထားတဲ့ ရှိစုမဲ့စုငွေလေး ပြည့်ခါနီးမှ အခိုးခံလိုက်ရတယ်လေ။ ဒီကိစ္စ နဲ့အဖေနဲ့သမီးအမေ အကြီးအကျယ် ငြင်းကြခုန်ကြရင်း သူကအဝေးကိုထွက်သွားတယ်။ အင်းလေ သူလည်းတော်တော် ခံစားရမှာပေါ့။ ဒါနဲ့အဖေလည်း ရှစ်မိုင် ကိုပြောင်းနေခဲ့တယ်။ အဖေ californiaကိုလာတုန်းက သမီးတို့ကိုလာတွေ့ပါသေးတယ်။ ဒါလည်း ခဏပေါ့။ အဖေ ကအလုပ်အတွက် သမီးတို့နဲ့ အတူနေလို့မရဘူးလေ။ဒီမှာတင် TVအစီအစဉ်တွေမှာ အဖေ့သီချင်း တွေစလည်းလာရော ဒါကိုမကြိုက်တဲ့ သမီးအမေက အဖေ့ကိုတော်တော်စိတ်ပျက်သွားတယ်။။အဲဒီတုန်းက ဒါတွေကိုနားလည်ဖို့ သမီးကငယ်သေးတာကိုး။ သမီးကို သတ်သေမပြနိုင်တဲ့အတွက် အဖေတောင်းပန်ပါတယ်၊တကယ်တော့ သမီး အဖေ့အတွက် ဂုဏ်ယူရတဲ့ အခြေအနေမျိုး အဖေက အမြဲဖြစ်ချင် ခဲ့တာပါ။ ခုတော့ အဖေ တစ်ယောက်တည်း လေ။ သမီးငယ်ငယ်က ဓတ်ပုံလေးကိုကြည့်ရင်းပေါ့ကွယ်။
မငိုနဲ့တော့သမီးရေ သမီးအမေ အခု အနားမှာမရှိနိုင်ဘူး ဒါပေမယ့် သူသမီး ဆီကိုအမြန်ပြန်လာမှာပါကွယ်။ နောက်ပြီး အဖေကကော လို့မေး ဦးမလို့လား?
အဖေက သမီးဆီလာရင် သမီးအတွက် ဟိုး အမေရိကားတောင်ဘက်ခြမ်းက သီချင်းဆိုတတ်တဲ့ မီးခိုးရောင် အမြှီးရှည်ရှည် mockingbird ငှက်ကလေး ရယ်၊စိန်လက်စွပ် လှလှလေးတကွင်း ရယ် ဝယ်လာမှာပေါ့ကွယ်။ အကယ်၍ စိန်လက်စွပ်က မလှလို့ဘယ်ဖြစ်ဖြစ်၊ mockingbird ငှက်ကလေး က သီချင်းမဆိုတာဘယ်ဖြစ်ဖြစ် သမီးက စိတ်ကောက်မယ်ဆိုလည်း အဖေက သမီးကို သီချင်းဆိုပြမယ်။သမီးဖြစ်ချင်တာ အကုန်လုပ်ပေးမယ်။ သမီးအပြူံးကို အဖေ မမြင်မရချင်းပေါ့။

သမီးရဲ့
Eminem

အပေါ်က စာကို ဖတ်ပြီး မောင်ဘီး တော့ သူ့သမီး ကိုလွမ်းလွမ်းနဲ့ ရေးချင်ရာတွေလျှောက်ရေးကုန် ပြီလို့ထင်ကြမှာပါ။ အထင်မလွဲကြပါနဲ့ ( အနော်က မိန်းမတောင် ရသေးဘူးဗျို့ :P) အမှန်တော့ ဒီစာက ကျွန်တော့်စာမဟုတ်ပါဘူး ခင်ဗျ။ အဆိုတော် Eminem ကသူ့သမီး Hailie ဆီရေးတဲ့စာပါ။ ဟုတ်ပါတယ်။ Eminemဟာ ဒီစာ ကို Mockingbird ဆိုတဲ့ သီချင်းမှာ သမီး Hailie အပေါ်မှာထားရှိတဲ့ သူ့ရဲ့ဖခင်မေတ္တာ ကို ပရိသတ်ကို ချပြခဲ့တာပါ။ ကျွန်တော် ဆယ်တန်းအောင်စက Eminem သီချင်း ဆို အရမ်း crazy ဖြစ်ပါတယ်။ နောက်ပိုင်းတော့ အဲလောက် မနားထောင်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ Mockingbird သီချင်း ကိုနားထောင်မိတဲ့အခါမှာတော့ အရင်Eminem' fan ပီပီ နစ်ခြိုက်ရပြန်ပါတယ်။ ဒီသီချင်းမှာတော့ Eminem ဟာ သူ့ရဲ့ဆိုနေကျ ခပ်ညစ်ညစ် ခပ်ရိုင်းရိုင်း ပုံစံ ကနေကွဲထွက်ကာ သူ့ရဲ့မိသားစုဘဝကို ဖော်ပြရင်း .ခံစားချက်ကောင်းကောင်းနဲ့ ဖန်တီးထားတာတွေ့ ရပါတယ်။ Music ဖန်တီးမှူရော၊ကာရံရွေးချယ် စပ်ဆိုမှူဟာလည်း Eminem ရဲ့  မူလ ဟန်အတိုင်း ကောင်းမွန်လှတာကြောင့် ဒီ post နဲ့ အားလုံးကို မျှဝေလိုက်ပါတယ်။ Eminem နဲ့ရင်းနီးပြီး သား သူတွေအတွက်တော့ ဒီသီချင်း ကိုသိနင့်ပြီးဖြစ်ပါလိမ့်မယ်။ဘယ်လိုဘဲဖြစ်ဖြစ် တခါပြန်ခံစားရင်း ကျေနပ်နိုင်မယ် လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

ကဲ! နားထောင်ကြည့်ရအောင်လားဗျာ။

mocking bird ငှက်ကလေး

Eminem & Hailie

ကြိုးစားပါဦးမည်။


မောင်bee

Sunday, February 15, 2009

အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ

လူရယ်လို့ဖြစ်လာရင် ဒုက္ခ ဆိုတာ မလွဲမသွေ ကြုံ ကြရတယ်ဗျ။ဒါပေမယ့် တခါတလေကျတော့ ဒုက္ခ နဲ့ကြုံနေတုန်းသာ စိတ်ညစ်စရာကောင်းတာ၊ အဲ ကြုံ ပြီးတွေ့ပြီးတော့လည်း ဘဝရဲ့ အမောပြေစရာ ဟာသ တပုဒ်အဖြစ်ကျန်နေတတ်ပြန်ရော။ ဒီလိုအဖြစ်အပျက်မျိုး ဆိုတာ လူတိုင်းရဲ့ဘ၀မှာရှိတာပေါ့ဗျာ။ မိတ်ဆွေမှာ လည်းရှိမှာပါ။ဒါကြောင့် ကျွန်တော့် ရဲ့ပထမဆုံး tag post အဖြစ် ရေးဖော်ရေးဖက် ရောင်းရင်းများ အား တလေးတစား ဒုက္ခ ပေး လိုက်ရပါတယ်။ ရေးပေးရမယ့် blogger list ကတော့ ...
(၁)သံလွင်ဟီးရိုး ရေးပြီး
(၂)ကိုဗီလိန်
(၃)ကိုတောင်ပေါ်သား
(၄)ကိုအိမ်
(၅)ကိုဖိုးဂျယ် ရေးပြီး
(၆)ချမ်းရဲ
(၇)ကိုရှင်းသန့်
(၈)ကိုမောင်မျိုး ရေးပြီး
(၉)မခေါင်ခေါင်
(၁၀)မနန်းညီ ရေးပြီး
ကဲ ! ရေးပေးကြပါဦးခင်ဗျာ။ :P


မောင်bee ဆိုတဲ့ ကျွန်တော့် မှာတော့ ဒီလိုအဖြစ်အပျက်မျိုး ပေါ ပါ့။ အဲဒီထဲ က မှတ်မှတ်ရရ တခုကို ပြောပြရမယ်ဆိုရင် .......


ကျွန်တော်ဆိုတဲ့ ကောင်က ငယ်ငယ်ကတည်း တအားမေ့တတ် တဲ့ ကောင်။ ဘာလုပ်လုပ် မေ့လိုက်ရမှ ကျေနပ်တာ ဗျ။ အရမ်းတော့မဟုတ်ပါဘူး ကျောင်းသွားရင်လွယ်အိပ်မပါတာတို့၊ကားမောင်းရင် ကားသော့မေ့တာတို့ လောက်ပါ။ ဟီး ။ အဲတော့ ကျွန်တော့် ဒုက္ခ က ဒီ မေ့တတ်တဲ့ အကျင့်က ဘဲ စတာပေါ့ ဗျာ။ ဒီအကြောင်း ပြောရမယ်ဆိုရင် ကျွန်တော့် တပည့်ကျော် မင်းမင်း အကြောင်းကို အရင်ပြောပြဦးမယ်။ အဲဒီတုန်းက အဖေက ဒီကောင့်ကို အဖော်လည်းရ လက်တိုလက်တောင်းလည်း ခိုင်းရအောင် သူ့ဆွေမျိုးနီးစပ် တွေဆီကနေ အိမ်ကို ခေါ်ထားလိုက်တယ်။ နောက်ပိုင်း နေတာကြာတော့ ကားတွေဘာတွေမောင်းတတ် သွားတဲ့အထိ ပေါ့ဗျာ။ ဒါပေမယ့် ဒီကောင့်ကို Toshiba သိလားမေးရင် အဲဒါ စားစရာ လားလို့ ပြန်မေးတဲ့ကောင်။ ပါးရည်နပ်ရည် ရှိတာပြောပါတယ်။ ထားပါတော့။ ဒါက တပည့်ကျော် ငမင်း အကြောင်း။


တနေ့တော့ ကျွန်တော့်လက်ကိုင်ဖုန်း ပျောက်ပါတယ်။ ဘယ်နား ကျန်မှန်း လည်းမမှတ်မိ။ ဘယ်မှာမှလည်း ရှာမရ။ ဖုန်းကတန်ဖိုးမကြီးပေမယ့် ကောက်ရတဲ့သူ က လက်ဆော့ပြီး နိုင်ငံခြား ကော် ခေါ်လို့ ကတော့ မောင်ဘီး တို့ အလိုလို ဂိန်ပြီ။ ပျောက်တာကလည်း ညနေ၆နာရီ လောက်ဆိုတော့ ရုံးကိုလှမ်းပိတ်ဖို့လည်းအချိန် ကမမှီ။ဪ ...ဒုက္ခ။ ရှာရင်းရှာရင်း မျက်လုံးတွေလည်း ပြာ၊ဇောချွေးတွေလည်း ပြန်။ ပျောက်တဲ့ဖုန်းနံပတ်ကို ခေါ်တော့ ဖုန်းကမကိုင်ဘူး။အဖေကလည်း ဘာပြောကောင်းမလဲ ဆဲတာပေါ့။ ကျွန်တော်လည်း ကို့အပြစ်နဲ့ကိုဆိုတော့ ဘာပြောရမှန်းတောင်မသိဘူး။ စဉ်းစားတာလည်း ခေါင်းပေါ်မှာ ကြက်ဥ လေးငါးလုံးဆင့် ကြော်လို့ရနေပြီ။ ဘယ်လိုပျောက်မှန်း ရိပ်ရိပ်တောင်စဉ်းစားလို့မရ။ ဟိုနားရှာလိုက် ဒီနားရှာလိုက် ဖုန်းလှမ်းခေါ်ကြည့်လိုက် နောက်ဆုံးဘယ်လိုမှ ရှာမရတဲ့ အဆုံး လက်လျှော့ပြီး ထိုင်နေလိုက်တော့တယ်။ ဟုတ်တယ်လေ တတ်နိုင်တော့ဘူး။ စိတ်လည်းဆင်းရဲလိုက်တာမပြောပါနဲ့တော့။ဒီလိုနဲ့ ၈နာရီခွဲ လောက်မှာတော့ မောင်မင်းကြီးသား ငမင်း ကားမောင်းပြီးပြန် လာပါတယ်။ လက်ထဲမှာ က ကျွန်တော့ဖုန်း။ အဲမယ် သကောင့်သားက ဖုန်းကို အကျအနကိုင်ပြီး ရာဇာနေဝင်းတဝက်၊ကျော်ဟိန်းတဝက် အိုက်တင်နဲ့လမ်းတောင်လျှောက်လိုက်သေး။ သိတယ်မဟုတ်လား ခြေထောက်က မြောက်ကြွမြောက်ကြွ၊လက်ကတကားကား ပေါ့။ ကျွန်တော်လည်း အဖေ ကို့ကို ဆူထားသမျှ အတိုးချပြီး ဒီကောင့်ကိုပိတ်ကော် ပစ်တာပေါ့။ နောက်မှ ငမင်း ကသူ့အဖြစ်ကိုပြန်ပြောပြတော့ မှ ရယ်ရမလို ငိုရမလို ကိုဖြစ်ရော။ ဖြစ်ပုံကဒီလိုဗျ။


အဲဒီနေ့က ကျွန်တော်အပြင်ကနေကားနဲ့ပြန်လာတော့ အမေက ငမင်း ကို သူ့မောင်ကျွန်တော်ဦးလေးအိမ်မှာ ပစ္စည်းတခုသွားယူခိုင်းပါတယ်။ ဖြစ်ချင်းတော့ ကားမောင်းရင်း ဘယ်အချိန်ကတည်းက ဘောင်းဘီးထဲက ထွက်ကျနေမှန်းမသိတဲ့ ကျွန်တော့်ဖုန်းက ကားဖင်ထိုင်ခုံ အောက်မှာ ညက်ပြီး ငမင်းနဲ့အတူပါသွားတယ်ဆိုပါတော့။ ဒါနဲ့ဒီကောင်က လမ်းမှာ ကားထဲက ကက်စက်ခွေ တခွေတွေ့တာနဲ့ ဖွင့်ပြီး ငြိမ့်နေတယ်ဆိုဘဲ။ အဲဒီတုန်း က မှတ်မှတ်ရရ IC unlugged show ပေါက်တဲ့ အချိန်ပေါ့။
ဒီလိုနဲ့မောင်းလာလိုက်တာ လမ်းတဝက်လောက်ရောက်တော့ သီချင်းသံတခု ထပ်ကြားတယ်တဲ့။ ကြားမှာပေါ့ ဒီကကောင်ကအိမ်ကနေ တစီစီခေါ်နေတာကိုး။ ဒါကိုသူ က ဖုန်း ring tone ကလာတယ် မထင်ဘူး။ IC show က ဗုံတီးသံ ထင်လို့တဲ့ ဗျ။ သဘောတွေကျပြီး စည်းချက်အတိုင်း လေတချွန်ချွန်၊ခေါင်းတဆတ်ဆတ် တောင်လုပ်နေတာတဲ့။ သူကခေါင်းတဆတ်ဆတ် ဒီကကောင်မှာတော့ဖုန်းပျောက်လို့ ခေါင်းမီးတောက်နေပြီ။ ကြည့်ဦး လုပ်ပုံက ဖုန်းပျောက်လို့ဖုန်းခေါ်ပါတယ်ဆိုမှ နေသစ်မိုး ရဲ့ percussion အားဖြည့်တယ် ထင်တယ် တဲ့။ ပြတ်ကရော။‌
ဒါနဲ့ မပြီးသေးဘူး။ နောက် တပုတ်လည်း ဒီဗုံသံ ဆိုတော့ ငမင်း အစာသိပ်မကြေတော့ဘူးလေ။ အဲမယ် ဒါတော့ မဆိုးဘူး။ မောင်ဘီးတပည့်လေ ဒီလောက်တော့နပ်တာပေါ့။ ဒါနဲ့ကက်ဆက်ကိုလှမ်းပိတ်လိုက်ပြီးနားထောင်တော့ အစောကဗုံသံထွက်တုန်းဘဲတဲ့။ ထွက်မှာပေါ့ အဖေကဒေါသထွက်လို့ အနော်က ဆက်တိုက်တွေ ခေါ်နေတာကိုး။ ဒါကို ကျေးဇူးရှင်က ဘယ်လိုထင်တယ်ထင်သလဲ။ FM ရေဒီယို မိပြီးလာနေတဲ့ ဗုံသံဆိုပြီး ပိုတောင်ပျော်သွားသေးဆိုဘဲ။ ring tone ဟေ့ အဲဒါ ring tone ဟ ငါ့နယ် နော်။ သူ့လက်ထက်ကျမှ ring toneကို FM တောင်ဖမ်းမိနေသေး။ ဒီလိုနဲ့ ကျွန်တော့် ဦးလေးအိမ်ရောက်လို့ ကားစက်သတ်တာတောင် ဒီဗုံသံ ကြားရပြန်ရောတဲ့။ သေချာပြီ ဒါ သူ့ ကို သရဲခြောက်ပြီပေါ့။ နောက်မှ ကားပေါ်ကဆင်းပြီး အသံလာရာသေချာကြည့်တော့ ကျွန်တော်ဖုန်းကို တွေ့တာတဲ့။ ဖြစ်ရမယ်။ တော်သေးတာပေါ့ တွေ့သေးလို့။ ဒီကျမှသူ့ကိုသူ သဘောကျပြီး ပြန်တောင်ရီနေသေးသတဲ့။ ဖုန်းတွေ့တော့တခါ ဘာဖြစ်တယ် ထင်သလဲ။
အဲဒီတုန်းက ဦးလေးတို့တိုက်က ၁၀ထပ်ဆိုတော့ ဓတ်လှေကားနဲ့တက်ရတယ်တဲ့ဗျ။ ဒါနဲ့ ဖုန်းကို ကျွန်တော့ဦးလေးကိုပြမယ်ဆိုပြီး အင်္ကျီအိတ်ကတ်ထဲ အကျအနထည့်လာလိုက်တယ် တဲ့။ ဓတ်လှေကားထဲလည်းရောက်ရော ခုနဗုံသံနဲ့အတူ ဖုန်းကအော်ပြန်ရော။ ဘယ်လောက်တောင်လဲဆိုတော့ ဒီကောင်က ဖုန်းမြည်တော့လည်း ကိုင်မှမကိုင်တတ်တာ။ ဓတ်လှေကားပေါ်က လူတွေကတော့ သူ့ကြည့်ပြီးရီမှာပေါ့။ ဒီလောက်ဖုန်းလာနေတာ မကိုင်ဘဲ ဘာလုပ်နေလည်းပေါ့။ သူလည်း ရှက်တာနဲ့ မျက်နာကိုလက်နဲ့ကွယ်ထားရတယ်တဲ့။ အဲလိုပါ ဆို။ ဒါနဲ့ အပေါ်ရောက်တော့လည်း ဦးလေးက တခါးသော့ခပ် ပြီးဘယ်သွားမှန်းမသိ။ ဗုံသံကလည်းထွက် ကိုင်ကလည်းမကိုင်တတ် စဉ်းစားသာကြည့်။နောက်ဆုံးတော့ ဖုန်းလည်း battery ကုန်ပြီး ရပ်သွားတယ်ထင်ပါတယ်။ဘာသံမှမလာတော့ဘူးတဲ့။လာမှာဆိုလို့တောင် ဓတ်လှေကားမစီးတော့ဘဲ လှေကားကဘဲ ဆင်းခဲ့တော့တယ် တဲ့ဗျာ။ အဲဒါ ကျွန်တော့ကောင် ငမင်း လေ။


ဒီအဖြစ်အပျက် ကိုပြန်ပြောရင်အခုချိန်ထိ ရီချင်တုန်းဘဲ။ အဲဒီထဲက ငမင်းကိုတွေ့ရင် ကျွန်တော့်ဘော်ဒါတွေက IC ငမင်း တဲ့။ ဟီး။ ကျွန်တော် လည်း ဖုန်းဆိုဘဲတော့မှ ring tone ကို ဗုံသံ မထားတော့ဘူး။
အော် ...တချိန်တုန်းကတော့ ဒုက္ခ ဒုက္ခ ... အခုတော့ ဟာသပေါ့ဗျာ။

ကြိုးစားပါဦးမည်။
မောင်bee

Friday, January 30, 2009

ရွှိုက် ( သို့ ) ပျော်ခဲ့ရသော ချောင်းသာ

" ရွှိုက် ...."

မောင်ဘီးတို့ သူငယ်ချင်းတွေ ပြိုင်တူအော် လိုက်ကြတယ်။ အဲဒါဘာကြီးလဲ လို့ မေးမလို့လား?
ရွှိုက် ဆိုတာ မောင်ဘီး တို့ထွင်ထားတဲ့ သာမန်လူငယ် ဘန်းစကား လေးတခု ပါ။ ဘာရယ်မဟုတ်ပါဘူး ဒါပေမယ့် အဲဒီ ရွှိုက် လို့ သူငယ်ချင်းတွေ ပြိုင်တူအော် လိုက်ရတဲ့အချိန် မှာတော့ ကျွန်တော်တို့ရင်ထဲမှာပေါ့ပါးခြင်း၊လွတ်လပ်ခြင်း၊လန်းဆန်းခြင်း၊ညီညွတ်ခြင်း၊
ကျီစယ်ခြင်း၊ကြည်နူးခြင်း စတဲ့စတဲ့ အပျော်ခံစားမှုလေးတွေ ပျော်ဝင်စီးဆင်း ခဲ့ကြရပါတယ်။ ဒါ့အပြင် ဒီအသံကို အော်လိုက်ကြားလိုက်တဲ့အချိန်ခဏမှာတင် သူငယ်ချင်းတွေရဲ့စိတ်ကိုစုစည်းပေးသလို အားထည့်ပေးလိုက်သလိုဖြစ်ခဲ့ကြရ ပြန်ပါတယ် ။ဘာလို့လဲ ဆိုတော့ ဇာတ်လမ်းက ဒီလိုဗျာ။

ကဲ ........ ရွှိုက်!

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပေါ့ဗျာ။ မောင်ဘီး တယောက် မခွဲစဖူး တနှစ်နီးပါးခွဲခဲ့ရတဲ့ ဇာတိချက်ကြွေ ရန်ကုန်မြေ ကို ပထမဆုံး အလည်ပြန်ပါတယ်။ မိသားစု တွေ၊ သူငယ်ချင်း တွေ မတွေ့ရတာကလည်းကြာ၊ ရန်ကုန်မှာလို ပေါ့ပေါ့ပါးပါး မနေရတာလည်း ကြာပြီ ဆိုတော့ မောင်ဘီး ပျော်တာ မပြောနဲ့ မြင်တောင်မကောင်းဘူး။ ဒီလိုနဲ့ရန်ကုန် ရောက်တော့လည်း မိဘ၊ဆွေမျိုးတွေက ကျောင်းပိတ်ပြန်လာတဲ့ သားဆိုတော့ ဖူး ဖူး ကို မှုတ်နေတာ။ အဟိ ဟီ ။ လေဖြတ်မှာတောင် ကြောက်ရတယ် (မောင်ဘီး တို့ကြွေတက်ပုံ ပြောပါတယ်)။ထားပါတော့။

ဒီလိုနဲ့ ရန်ကုန်မှာကဲလို့အားမရတော့ သူငယ်ချင်းတွေအကုန်စုပြီး ချောင်းသာထိသွားပြီး သောင်းကျန်းဖို့ဖြစ်လာပါတယ်။ ဒါနဲ့ပြောရဦးမယ်။ မောင်ဘီးတသက်မှာ ချောင်းသာလောက်ရောက်တာ ချောင်းသာ ဘဲ။ အမေ တို့နဲ့လည်း ခဏခဏ ရောက်သလို၊ သူငယ်ချင်းတွေနဲ့ဆိုရင် ဒီတခါ ...တတိယ အကြိမ်ပါ။ သွားတာလည်းမပြောနဲ့ ရန်ကုန်နဲ့ကလဲသိပ်မဝေး၊လူငယ်စရိုက်နဲ့ လည်းကိုက်တာကြောင့် သူငယ်ချင်းတွေ ခရီးထွက်မယ်ဆိုရင် ချောင်းသာဘဲ မျက်စောင်းဝိုင်းထိုးကြတယ်။

ဒီလိုနဲ့ချောင်းသာ သွားဖြစ်တော့ ဒီတခေါက် လူတော်တော်တော် စုံပါတယ်။ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ​‌​ချစ်လုံး၊ဘောလေး၊ထည်ကြီး၊ဇေယျာမြင့်(မျောက်မူးလဲ)၊တောင်တွင်းကြီး အကုန်ပါဘဲဗျာ။ခါတိုင်းဆို ဟိုအကြောင်းပြဒီအကြောင်းပြပြီး ရည်းစားနားဘဲကပ်ကပ် နေတဲ့ ဆရာဝန် ချီးချီး လည်း ပါလာပါတယ်။ ဘန်ကောက်မှာ အလုပ်များချင်ယောင်ဆောင် နေတဲ့ ဟိုသကောင့်သား ရွှေချိုကလွဲရင် လူစုံပါတယ် လို့ဆိုရပါမယ်။ (မှတ်ပလား မလာချင်ဦး :P )

ဒီလိုနဲ့ ခရီးထွက်မယ့်နေ့ ရောက်တော့ ကျွန်တော်တို့ စုရပ် က အင်းစိန်လမ်းမပေါ်က စံရိပ်ငြိမ် မှတ်တိုင်နား မှာဖြစ်ပါတယ်။ ရန်ကုန်-ချောင်းသာ Express ကား က ၁၁နာရီလာခေါ်မယ်ဆိုရင် ၁၀နာရီလောက်ကတည်းက မောင်ဘီးတို့တသိုက် လူစုံသက်စုံ စ " ရွှိုက်" နေပါပြီ။ " ရွှိုက်" ပုံက ဒီလိုလေ။

အဲဒီချိန်မှာ ဂစ်တာတီး ရင်း ကားစောင့်နေတဲ့ ကျွန်တော်တို့အဖွဲ့နားက ကောင်မလေးခပ်ချောချော နှစ်ယောက်ဖြတ်သွားပါတယ်။(ချောတယ်လို့ ထင်တာဘဲ မှောင်နေတော့ သေချာတောင်မမြင်လိုက်ဘူး ဟီး)
ဒါကိုတွေ့လိုက်တဲ့ ဘောလေး က ဘာမဆိုင်ညာမဆိုင် နဲ့ ခပ်ကျယ်ကျယ်လေး ထအော်ပါတယ်။

"ရွှိုက် !"

ပထမတော့ ကျွန်တော်တို့လည်းဘယ်သိမလဲ? နည်းနည်းကြောင်သွားတာပေါ့။
"ရှိတ်"ဆိုလည်း "ရှိတ်" , "ကြည်"့ ဆိုလည်း "ကြည့်" ...
လက်တို့လည်း တိုးတိုးပေါ့ဗျာ။ အခုတော့ လုပ်ပုံ က "ရွှိုက်" တဲ့ အော်ချလိုက်တာ။တဖွဲ့လုံးလည်း အဲဒီကို အာရုံရောက်ကုန်တယ် ဗျ။ ပြီးတော့ အစောက ကောင်မလေးနှစ်ယောက်လည်း အူကြောင်ကြောင်ကိုဖြစ်လို့။သူတို့ဘဲနောက်သလို သူ့ကသူ ဘဲအော်သလိုလို။ ဘာမှန်းကိုမသိဘူး။ ဘောလေးကတော့ မသိချင်ယောင်ဆောင်ပြီး မျက်နာတောင်ပြောင်လိုက်သေး။ အဲဒီကျမှ ကျွန်တော်တို့လည်းပေါက်လိုက်ပြီ။

သဘောကတော့ အားလုံးအသင့်၊ကောင်မလေးတွေလာတယ် ရှိတ်ကြ၊ ပြောင်ကြပေါ့ဗျာ။
အရှင်းဆုံး ပြောရရင် အခွက်ပြောင်ဖို့ ညာသံပေးလိုက်တဲ့ သဘော။ စကားကလည်း အသစ်၊ ဘာမှန်းကလည်းမသိဆိုတော့ အားလုံး တော်တော်သဘောကျသွားကြတယ်။ ဒါနဲ့ဘဲ

ကောင်မလေးတွေလာရင် "ရွှိုက်"
မမ ကြီးတွေအန်တီကြီးတွေလာလည်း ဘာရယ် မဟုတ်ဘူး "ရွှိုက်"
အဲမယ် ဆိုက်ကားသမားလာရင်တောင် လေ့ကျင့်တဲ့ သဘောနဲ့" ရွှိုက်"
ကုန်ကုန် ပြောမယ်ဗျာ နောက်ဆုံး အနားကိုရောက်လာတဲ့ ခွေးကိုမောင်းရင်တောင် "ရွှိုက်" ဆိုဘဲ။ခွေးဆိုတာပြေးတာ ဖင်ပါတုန်တယ်။ အဲလိုကောင် တွေ.....

ဒီလိုနဲ့ချောင်းသာ သွားတဲ့ လမ်းတလျှောက်လည်း လက်ဖက်ရည်သောက်၊ထမင်းစား မနားလိုက်နဲ့ ရွှိုက် မယ်ဆိုတာကြီးဘဲ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေလည်းမနေရဘူး။ တ ရွှိုက် ရွှိုက် လုပ်နေကြတာကိုး။နောက်ဆုံး ကားစပယ်ရာ အကိုကြီးက ကားထွက်ဖို့လူစစ်တာတောင် ဟို "ရွှိုက်" အုပ်စု လူစုံပြီလား တဲ့။ ဟီး :P


ချောင်းသာ ပထမနေ့

ဒီလိုနဲ့နောက်တနေ့မနက်ကျတော့ ချောင်းသာ ရောက်လာတယ်ဆိုပါတော့ဗျာ။တည်းတဲ့ ဟိုတယ်ကတော့ ခိုင်ချောင်းသာ ပါ။ ခိုင်ချောင်းသာကို ကြိုက်တာတော့ ဈေးနှူန်း သင့်ရုံ သာမက နောက်တခုက ကမ်းခြေနဲ့တော်တော်ကို ကပ်နေလို့ပါ။ သဘောကတော့ မောင်ဘီး တို့တည်းတဲ့ ဘန်ဂလို ကနေ ဂျွန်းထိုးဆင်းလိုက် ကမ်းခြေသောင်ပြင်ဘဲဗျာ။ အရှင်းဆုံးပြောရရင် ရွှိုက် လို့အကောင်းဆုံးနေရာပေါ့။ထားပါ။


ကျွန်တော်တို့အဖွဲ့ ရောက်ရောက်ချင်းဘဲ ပင်လယ်ရေကို စိတ်ရှိလက်ရှိ စိမ်ပလိုက်မိတယ်။ ဒီလိုနဲ့ ပင်လယ်စာတွေစားလိုက်ကြ၊ဂစ်တာလေးတီးလိုက်၊ဘောလုံးဆင်းကန်လိုက် ဟုတ်နေတာပါဘဲ။ ဆရာဝန်chee chee တကောင်ကတော့  volley ball အပုတ်ကောင်းတာ လက်ဆစ်လွဲသွားတယ်။
ရောက်ကတည်းက က မြင်းကျောထချက် ဗျာ။ ဖြစ်တာတောင် နည်းသေး။ ဒီကောင့် ကို ဆရာဝန်လို့ ဘယ်သူကယုံမှာလဲ။ အင်းအင်း စားပြီးပြောတောင်မယုံဘူး။ ​‌​ချစ်လုံး ကတော့ သိတယ်မဟုတ်လား စိတ်ချရတယ် သူများ "ရွှိုက်" ဆိုတာတောင် သူကသိပ်စိတ်မဝင်စားဘူး သူ့ HC ပုလင်းလေးနဲ့ သူဟုတ်နေတာ(ကြုံတုန်းလေး ဒီကောင်တွေကို ဒီလိုကစ်ထား မှ :P )။ ဘောလေး နဲ့တခြားကောင်တွေကတော့ ထုံးစံအတိုင်းပေါ့၊

" ရွှိုက်"

ချောင်းသာ ဒုတိယနေ့

နောက်တနေ့မနက် ကျွန်တော်နိုးတော့ နိုးနိုးချင်းဘဲ ပြတင်းပေါက်က လိုက်ကာ ကိုအသာဖယ်ပြီး ကုတင်ပေါ်ကဘဲ ပင်လယ်ကြီးကို အားရအောင်ကြည့်နေလိုက်တယ်။ ဘာလို့လဲတော့ မသိဘူး။ကျွန်တော်ငယ်ငယ် ကတည်းက ကမ်းခြေရောက်ပြီ ဆိုရင် အိပ်ရာနိုးတာနဲ့ ကုတင်ပေါ်ကနေ ပင်လယ်ကိုကြည့်ရတဲ့ feelကို အသေကြိုက်တယ်။ ဒီလိုနဲ့ကောင်းကောင်းခံစားနေတုန်း ....

"ရွှိုက်"

တံခါးဖွင့်ကြည့်တော့ ထည်ကြီး နဲ့ ဇေယျာမြင့်။ အကြောင်းကတော့ မောင်ဘီးတို့ဘန်ဂလိုရဲ့ဘေးခန်းကို ကောင်မလေး တဖွဲ့ ဒီမနက်ဘဲ ရောက်လာတယ်တဲ့ ဗျာ။ ဒါကြောင့် ကျေးဇူးရှင်တွေက စောစောစီးစီး လာ ရွှိုက်နေတာကိုး။သိပ်တောင်မကြာလိုက်ဘူး " ရွှိုက်" ဆိုတဲ့အသံကြားတာနဲ့နဲ့ လူစုံသက်စုံ ရောက်ချလာကြပါရော။ပြီးမှ ဟိုတယ်ကကျွေးတဲ့ Breakfast စားရင်းဂစ်တာ စတီးတော့တာဘဲဗျာ။
ထုံးစံအတိုင်း ပေါ့ဗျာ... ကောင်မလေးတွေ ဘေးခန်း ရောက်လာပြီဆိုတော့ သီချင်းဆိုရင်း လူပျိုသံပေးကြတာ ပေါ့။ခေတ်စကားနဲ့ပြောရင် ညော်ကြတာပေါ့။ ကျွန်တော်တို့ စကားနဲ့ဆိုရင်တော့ သိတယ်မဟုတ်လား "ရွှိုက်"ကြတာပေါ့ဗျာ။

ဒီလိုနဲ့ ကောင်မလေးတွေ နဲ့ခင်ဖို့ ကျွန်တော်တို့ဘက်က ထိုးစစ် စစဉ်ပါတယ်။စဉ်ပုံ ကဒီလို။ စစချင်း ကမ်းခြေမှာ ငါးကင်ပုစွန်ကင်လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုးသည် ကို ခေါ်ပါတယ်။ပြီးမှ ဝယ်စားသလိုလို နဲ့ငါးကင်သည်ကို "အဒေါ်ကြီး ဟိုဘက်မှာ ကောင်မလေးတွေတွေ့ လား၊သူတို့ကိုသွားမေး၊ ငါးကင်စားမလား လို့ စားမယ်ဆိုရင် သူတို့စားသမျှ အနော တို့ဒကာခံ မယ်လို့ "

ငါးကင်သည်အဒေါ်ကြီးလည်း ရှက်ကိုးရှက်ကန်းကလည်ဖြစ် ရောင်းကလည်းရောင်းချင်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။

" အဒေါ်ကြီးရောင်းရမှာ နော် အမြင်ကတ်ကတ်နဲ့ အကုန်ယူလိုက်ရင် အဒေါ် ပွပြီနော်။"

ထည်ကြီးက ဝင်ကျပ်လိုက်တော့မှ စပ်ဖြီးဖြီးနဲ့ ကောင်မလေးတွေဆီထွက်သွားပြီး ကျွန်တော်တို့ကို လက်ညိုးထိုးပြလိုက်၊ သူ့အကင်တွေ ပြလိုက် အပီ စရောင်းပါတော့တယ်။။ အဒေါ်ကြီးကလက်ညိုးထိုးပြလို့ ကောင်မလေးတွေ လှမ်းကြည့်တာနဲ့ ဇာတ်တိုက်စရာမလိုဘူး ဗျ။ အားလုံး တညီတညွတ်တည်း " ရွှိုက်" လို့အော်ကြပြန်ရော်။ တအောင့်ကြာတော့ အစောက အဒေါ်ကြီး မျက်နာမသာမယာနဲ့ ပြန်ရောက်လာတယ်။ ကောင်မလေးတွေက ကျွန်တော်တို့ နောက်မှန်းသိလို့မယူကြဘူး ထင်ပါတယ်။ဒါနဲ့ ကျွန်တော်တို့အဖွဲ့ထဲ က မျက်နာအပြောင်ဆုံး ဇေယျာမြင့်ကို ပွဲထုတ်ဖို့ စီစဉ်ရပါတော့တယ်။ အဲဒီကောင် ကလည်း နှစ်ခါ မမေးရဘူး။ပြောင်ရမယ်ဆိုလို့ကတော့ နေရာမေရွေးအချိန်မရွေးဘူး။

အဒေါ်ကြီး ဆီက အကင်ဗန်း ကို ခေါင်းပေါ်အသာရွက်တင် ပြီး ကောင်မလေးတွေဆီ ဟန်ပါပါနဲ့ ထွက်သွားတော့တာဘဲ။

"ဟောဒီ က ငါးကင်၊ပုစွန်ကင် ပူပူလေး တော် " လို့အော်ပြီး မို့မို့မြင့်အောင် အကြော်ရောင်းတဲ့ အိုက်တင်နဲ့ ကျွန်တော်တို့ကို မျက်စောင်းတောင်ထိုးသွားသေးတယ်။

"ဟေး ... ရွှိုက် !"

တဖွဲ့လုံး အားပေးချက်ဗျာ။ ရီလိုက်ရတာလည်း မပြောနဲ့မျက်ရည်ပါ သီးတယ်။ကောင်မလေးတွေလည်း ဘယ်ခံနိုင်မလဲ။ ပြုံးသူက ပြုံး ရီသူက ရီ ငါးကင်ယူစားတဲ့သူက ယူစားနဲ့ နောက်ဆုံး ခင်သွားကြပါရော။

အဲလိုကောင်တွေ ဆို ........

ချောင်းသာတတိယနေ့

ဒီလိုနဲ့နောက်ဆုံးနေ့ရောက်တော့ မောင်ဘီး တို့အဖွဲ့ဟာ မနက်ပိုင်းစောစော ထပြီး သဲဖြူကျွန်းကို ချီတက်ကြပါတယ်။ သဲဖြူကျွန်းဆိုတာ ကတော့ ချောင်းသာကနေ စက်တက်လှေနဲ့ နာရီဝက်လောက် ခုတ်ရုံ ဖြင့် ရောက်ပါတယ်။ ချစ်လုံးက တော့ ရေမကူးတတ် လို့ အတင်းခေါ်တာတောင်မလိုက်ပါဘူး။ အဲဒီ သတ္တိခဲကလွဲရင် ကျန်တဲ့ ရွှိုက်မယ့် အဖွဲ့တွေ အကုန်ပါ ပါတယ်။ ဒီလိုနဲ့သဲဖြုကျွန်းသွားတဲ့ လှေဆိပ်မှာ ငါးမျှားတံတို့၊ရေငုပ်မျက်မှန်တို့ ငှားရင်း လှေ အလာကိုစောင့်နေကြရပါတယ်။ လှေကတော်တော်နဲ့မလာတာနဲ့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ပုစွန်ကင်မြည်းရင်း ထန်းရည် ဝင်ကစ်လိုက်သေးတယ်။ သဲဖြူကျွန်းရောက်တော့ ရေငုပ်ကြ၊ငါးမျှားကြ နဲ့ အဖွဲ့သားတွေ သူ့အလုပ်နဲ့သူ ရှုပ်နေပါတယ်။ ရွှိုက်ဖို့ကလည်း တကျွန်းလုံး ကိုတွေ အဖွဲ့တဖွဲ့ဘဲ ရှိတော့ မလုပ်တက်လုပ်တက်နဲ့ ငါးဘဲ ထိုင်မျှား နေရပါတယ်။ခဏနေတော့ " ရွှိုက်" လို့ ဘောလေး အော်သံကြားလို့ကြည့်လိုက်တာ သကောင့်သား ငါးမျှားချိတ်မှာ ငါး ဗျ။ဒီလိုနဲ့ သဲဖြူကျွန်းကပြန်တော့ ငါးတကောင်အဖတ်တင်ခဲ့တယ်ဆိုပါတော့။ (ဒါတောင် အဲဒီငါးကို လှေဆိပ်ကနေ ဟိုတယ်ကို ဆိုက်ကယ်နဲ့အပြန် လမ်းမှာတကြွားကြွား လုပ်နေကြသေး၊ တသက်နဲ့ တကို ဒီတခါဘဲ မိဖူးတာကိုး)

ညဘက်ရောက်တော့ မနက်ဖြန်ပြန်ရတော့မယ်ဆိုပြီး မီးကုန်ယမ်းသောင်းကျန်း ကြတော့တာဘဲ။ ကျွန်တော်တို့အဖွဲ့က ဇေယျာမြင့်နဲ့ဟိုဘက်အခန်းက ကောင်မလေးတယောက်နဲ့တောင် ဘာလိုလို ညာလိုလို ဖြစ်နေပြီလေ။ကောင်မလေး နာမည်က ကျွန်တော်တို့တော့ သေချာမသိဘူးဗျ။ မဖြိုး ဆိုလာဘဲ၊ ဒီလောက်ဘဲ သိ တာ။ ဒါလည်းမရဘူး ဇေယျာမြင့်နဲ့မဖြိုး သောင်ပြင်မှာ စကားပြောတာလည်းမြင်ရော ချက်ချင်း သီချင်းတပုတ် ဖြတ်ပြီး ​‌​ကောက်ဆိုကြတယ်။ ဆိုတဲ့သီချင်းက အာဇာနည်နဲ့ရင်ဂိုတွဲဆိုထားတဲ့
ကံကောင်းခြင်းလက်ဆောင်။ခပ်မြူးမြူးလေး။ ဆိုပုံကိုကြည့် ဦး ...ဘာတဲ့

~ ~ ယူပါဖြိုး ~ကံကောင်းခြင်းတွေ ကို လေး~~ ယူပါဖြိုး ~~ဒါဇေ့ရဲ့လက်ဆောင်ဘဲ ဟေ့~~

ဇေယျာမြင့် အမှောင်ထဲက မကြားတကြားလှမ်းဆဲသေးတယ်။မရတော့။
အဲဒီချိန်မှာ တော်တော်လည်းကွဲနေကြပြီဆိုတော့ ဒွန့်တဲ့သူကဒွန့်၊အလျားလိုက်ပေါက်တဲ့ အုန်းပင်ပေါ်တက်ခုန်သူကခုန်ပေါ့ဗျာ။ ဒီကြားထဲ မီးပန်းတို့၊အကင်တို့ရောင်းတဲ့ဈေးသည်တွေက ကျွန်တော်တို့လုပ်တာကို မျောက်ပွဲလို လာကြည့်နေသေးတယ်။ ကောင်းရော။

~ ~ ယူပါဖြိုး ~ကံကောင်းခြင်းတွေ ကို လေး~~ ယူပါဖြိုး ~~ဒါဇေ့ရဲ့လက်ဆောင်ဘဲ ဟေ့~~

နောက်ဆုံးနေ့

နောက်ဆုံးနေ့ မနက်ရောက်တော့ ကမ်းခြေကဘုရားဖူး၊ ပစ္စည်းသိမ်းပြီး လာခေါ်မယ့် ကျွန်တော်တို့စီးတော်ယာဉ် ကို ဟိုတယ်ရှေ့က စောင့်ကြပါတယ်။ကားလာတော့လည်း ဟိုတယ်ဝန်ထမ်းတွေက ကားပေါ်ထိလိုက်ပို့ကြ နှုတ်ဆက်ကြ နဲ့ဝန်ဆောင်မှုလည်းကောင်း ဧည့်ဝတ်လည်းကျေ ကြရှာပါတယ်။ ပြန်ရတော့မယ်ဆိုတော့ မပြန်ချင်သလို၊တခုခု ကိုဘဲလွမ်းသလို နဲ့ စိတ်ထဲမှာ မလန်းကြပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ကားဟာ တခြားခရီးသည်တွေကို တဟိုတယ် ဝင် တဟိုတယ် ထွက်နဲ့လိုက်ခေါ် ရင်း Belle Myanmar ဟိုတယ် ရှေ့ရောက်တော့ ကောင်မလေးတဖွဲ့တက်လာပြန်ပါတယ်။ ဒီမှာတင် အစောက မပြန်ချင်လို့ ညစ်ထေးထေးဖြစ်နေတဲ့ ကျွန်တော်တို့တဖွဲ့လုံး ​...." ရွှိုက် "


စာကြွင်း။ ။ ၂၀၀၇ခုနှစ် ဒီဇင်ဘာ တုန်းက စာရေးသူနဲ့သူငယ်ချင်း တွေ ပျော်ခဲ့ကြရသော ချောင်းသာအပျော်ခရီး အား မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်ပါသည်။ ချစ်လုံး၊ချီးချီး၊ဘောလေး၊ဇေယျာမြင့်၊ထည်ကြီး၊တောင်တွင်းကြီး အားလုံးအတွက် အမှတ်တရ။

ကြိုးစားပါဦးမည်။
မောင်bee




ဇေယျာမြင့်က ဒီလိုရောင်းတယ်

သဲဖြူကျွန်း မှာ မိခဲ့တဲ့ ငါးနဲ့ အမှတ်တရ





အပြန် ဟိုတယ်ရှေ့ လူစုံသက်စုံ အမှတ်တရ



အပြန်ကားပေါ်အထိ " ရွှိုက် " ကောင်း တုန်း


Kan Kaung Chin La Saung 10 Nit Ka Yee (RZN+RG) - Various Artists

Monday, January 26, 2009

သွေးတစ္ဆေ (၃)

သွေးတစ္ဆေ (၂) မှ..................

(၃)
" တံတားဖြူ ပါလား? တံတားဖြူ "

ကိုရဲ စီးလာသော ၅၁ ဘတ်စ်ကား ပြည်လမ်း တံတားဖြူမှတ်တိုင်မရောက်ခင် ကားစပယ်ယာ ၏ မတိုးမကျယ် လှမ်းမေးသံ ဖြစ်သည်။
"ပါတယ် .....ပါတယ် "
ခပ်စပ်စပ်ဖြေရင်းကားတံခါးဝရှိရာသို့ သူ နည်းနည်းတိုး လျှောက်ထားလိုက်၏။
တံတားဖြူမှတ်တိုင် အဆင်း လက်ပက်နာရီကို ကြည့်တော့ လေးနာရီ စွန်းစွန်းသာရှိသေးသည်။
တမင်တကာ အိမ်မှ သူ စောစောကြိုထွက်လာခြင်းသာဖြစ်သည်။

"မောင် ၅နာရီနော် နောက်မကျနဲ့ ထိုင်နေကျ နေရာမှာဘယ် စောင့်နေ မေလာခဲ့ မယ်"
ညက ဖုန်းထဲမှ မေ့အသံကို ပြန်ကြားယောင်နေပြန်သည်။

ရုံးပိတ်ရက်ဖြစ်သည့်အလျှောက် အပန်းဖြေသူများ၊ကျန်းမာရေး အတွက်လမ်းလျှောက်သူများဖြင့် အင်းယားကန်ဘောင်က စည်ကားလျှက်ပင်။ ထိုင်နေကျခုံတန်းလေး ပေါ်က သူနဲ့မေ အရင်တုန်းက ရေးခဲ့သောစာတမ်းလေး ကိုတွေ့တော့ သူပိုပြီး ဆို့နစ်သွား၏။ စုံတွဲအချို့ဘေးမှဖြတ်လျှောက်သွားသော်လည်း သူလှည့်မကြည့်ဖြစ်၊အင်းယားကန်ရေပြင် ကိုပင်ဦးတည်ချက်မရှိ ငေးနေလိုက်သည်။

သူ့အတွေးထဲမှာ မေ့ပုံရိပ်တွေအစီအရီ ပေါ်လာနေသည်။
ဒီနေရာလေး မှာ သူနဲ့မေ သီချင်းတပုတ်တူတူ ညည်း ခဲ့ကြဖူး သည်။ အိပ်မက်တစုံ ကိုအတူတူ မက်ခဲ့ဖူးသည်။အိပ်တန်းငှတ် တွေကိုကြည့်ရင်း အနာဂတ်တွေကို ပုံဖော်ခဲ့ဖူးသည်။အခုတော့ ဒါတွေ အားလုံးဘယ်ရောက်သွားတာလဲ? သူ ယုံကြည်မျှော်လင့်ခဲ့တဲ့ အနာဂတ်တခု ပြိုကျခဲ့ပြီဘဲလေ။
သူ လက်ထဲမှ စာရွက်ခေါက်လေးကို အားနဲ့ဖိဆုပ်လိုက်ရင်း မျက်လုံးတွေ ရီဝေလာသည်။

"မေ........."
စိတ်ထဲမှ ရေရွတ်ရင်း မျက်လုံးတွင်းမှ မျက်ရည်စတချို့ စီးကျလာသည်။

ဟုတ်တယ် သူ မေ့ကို ထပ်မတွေ့သင့်တော့။ ဘယ်တော့မှလည်း မေ့နားမှာ သူမနေသင့်တော့။ သူက မေ့ အတွက် သွေးတစ္ဆေ တကောင် ဖြစ်နေနှင့်ပြီဖြစ်သည်။
သူထိုင်နေရာမှထလိုက်ပြီး ပြူံး သည်။ ထို အပြူံး မှာ တခုခု ကိုအောင်မြင်လိုက်သော အပြူံးမျိုး။
ဆုံးဖြတ်ချက် တခုအတွက် ကျေနပ်သည့်အပြူံးမျိုးပင်။
သူလက်ထဲမှာတော့ တစစီဆုပ်ချေထားသည့် စာရွက်ခေါက်လေးတခု၊
အမှန်တော့ဒီစာရွက်ခေါက်လေးမှာ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဆေးခန်းမှ ထုတ်ပေးလိုက်သော သူ့အတွက် ဆေးစစ်အဖြေတခုသာ ဖြစ်သည်။ထိုဆေးစစ်ချက်အရ သူဟာ Leukaemia ခေါ် သွေးကင်ဆာရောဂါ ဝေဒနာရှင် ဖြစ်ကြောင်း သူသိခဲ့ရသည်။
ထိုပြင် ထိုရောဂါဝေဒနာရှင်များသည် ပုံမှန် သွေးလဲရန် လိုအပ်ကြောင်း၊ခန္ဒာကိုယ်အတွက်လိုအပ်သည့် သွေးသွင်းမှုမရရှိပါက ရောဂါမှာတဖြေးဖြေးပိုဆိုးလာ နိုင်ကြောင်း ဆရာဝန် မှတဆင့် သူသိထား၏။ တနည်းအားဖြင့်ဆိုသော် အခြားသူတယောက်၏ သွေးသွင်းပေးမူဖြင့်သာ သူ အသက်ရှင်နေထိုင်နိုင်တော့မည် ဖြစ်သည်။ ဒီလိုနဲ့ သူ့ရောဂါ ကျွမ်းလာသည်နှင့်အမျှ သွေးသွင်းမှုများ စိတ်လာဦးမည်။ ထိုအခါ မေအပါအဝင် သူနဲ့ သွေးအုပ်စုချင်း တူသူများဆီမှသွေး ကို သူ့အသက်ရှင်မှုအတွက် လောင်စာတခုလို သွင်းယူစားသုံးရဦးမည်။ ဘယ်လိုဘဲဖြစ်ဖြစ် တနေ့တော့ ဒီရောဂါဆိုး ကြီးဖြင့် လောကကြီးမှ သူထွက်သွားရဦးမည်ဖြစ်သည်။
ဒီလိုအခြေအနေမျိုး မှာ သူ မေ့နားမှာ ထွက်ခွါသွားသင့်ပြီ။ သူရဲ့တစစီဖြစ်နေတဲ့ အနာဂတ်တွေ မေ့ကိုမပေးချင်တော့။ မေ့ ကို သူ စွန့်လွှတ်သင့်ပြီလေ....

သူကျောခိုင်း ပြီးထွက်လာခဲ့ပြီဖြစ်သည်။ မေ့နဲ့ထိုင်ခဲ့တဲ့နေရာလေးကိုကော၊ မေ့ကိုကောပေါ့

ဟုတ်ပါသည်။ သူက သူ မက်နေကျ အိမ်မက်ထဲက သွေးတစ္ဆေတကောင် ဖြစ်သည်။ သူအသက်ရှင်နေထိုင်မှု အတွက် တပါးလူများ၏ သွေးကို စုပ်ယူစားသုံးရဦးမည်။သို့သော် သူ့ချစ်သူ ၏ သွေးကိုတော့ ဘယ်သောအခါမျှ ရက်ရက်စက်စက် မစုပ် ယူ နိုင်သည့်  သွေးတစ္ဆေ တကောင်ပင်တည်း။ ......

ကြိုးစားပါဦးမည်
မောင်bee -------------------- ပြီး။ --------------------------


စာကြွင်း ။ ။ ဤဇာတ်လမ်း မှာ စာရေးသူ သူငယ်ချင်း Hell man၏ Leukaemia သီချင်း ကို သီချင်းဝတ္တု(MTV)အဖြစ် တတ်သလောက် ခံစားဖန်တီးခြင်း သာဖြစ်သည်။ ခံစားနားဆင်နိုင်ရန် စာသား နှင့်တကွ တပါတည်း Uploadလုပ်ပေးထားပါသည်။




Leukaemia-(regular) - Hellman
~~ခြောက်လှန့်တဲ့အိပ်မက်ဆိုး နဲ့ငါ့ ဘဝအသက်ရှင်ခဲ့
~ ဘာမှအတိအကျမသိတဲ့အနာဂတ်နဲ့ ~
ဘယ်လိုအဆုံးသတ်မလဲ တွေးလို့မရအောင်ငါရီဝေနေတယ်

တကယ်ကိုဆုံးဖြတ်ခက်တဲ့ကံတရားဘဲ ~~

~ မင်းတို့ရဲ့သွေးစက်များနဲ့ ငါ့ကမ္ဘာလည်နေတယ်
ငါ့ဟာသွေးစုပ်တတ်တဲ့တစ္ဆေတယောက်လို
~~မြင်နေခဲ့တယ်မင်းတို့အားလုံးအတွေးထဲ
````သံသရာမလည်နိုင်အောင် ငါလေ အဝေးဆုံးပြေးထွက်ချင်ပေမယ့် ~~



cho: ရောဂါကျွမ်း နေခဲ့ အားငယ်ရင်းနွမ်းနေတယ် ငါတယောက်ထဲ မထားနဲ့ ~~~
ဘဝမှာ ထနေရင်းကျိုးနေခဲ့ စနေရင်းဆုံးနေခဲ့
ဘယ်သူလာဖန်ဆင်းတဲ့ အရှုံးတွေ ...အရှုံးတွေ~~~
~~~ Leukaemia ~~Leukaemia

~~ တငွေ့ငွေ့နဲ့ခမ်းခြောက်သွားတဲ့ငါ့ ကိုယ်ထဲမှာသွေးစက်မဲ့
ငါလေအသက်ဆက်သွားဖို့ လောင်စာအဖြစ်နဲ့ ~
~~လိုချင်မိတယ်မင်းတို့သွေးလေးနည်းနည်းလာကူညီပါဦး

ငါလေအသက်ဆက်ပြီးတော့ရှင်ချင်သေးတယ်~~


~~လှိုင်းများနဲ့ဝမ်းဗိုက်ပေါက်ခဲ့ ငါ့လှေငယ်ဟာဆန် နေတယ်
ပင်လယ်ကြီးရဲ့ ပုတ်ခတ်လှောင်ရယ်သံများနဲ့ ~`
ဘယ်ကမ်းကပ်မလဲ ဝဲဂယက်ထဲတော့ချာချာလည်နေတယ်
~~ငါ့လေကမ်းရောက်တဲ့အထိလှော်ချင်ပေမယ့် ~~
cho:
လူ့ဘဝရောင့်ရဲ ပေမယ့် ငါ့အတွက်ခဏလေးလိုဘဲ
ငါဘယ်သူမှအကျိုးမပြူဘဲ အားလုံးငါကျောခိုင်းခဲ့
သွေးတွေခြောက်ခမ်းနေခဲ့ ငါ့ကိုအရောင်လွှင့်စေတဲ့
လူ့ဘဝသေမင်း လက်ထဲ လောကကြီးထဲပျောက်ကွယ်
~~~ Leukaemia ~~Leukaemia~~~

~~~(တငွေ့ငွေ့နဲ့ခမ်းခြောက်သွားခဲ့ လူ့ဘဝရဲ့နေ့ရက်များထဲ)2
~~ ~~ အကျိုးနည်း. ..............

Sunday, January 25, 2009

သွေးတစ္ဆေ (၂)


သွေးတစ္ဆေ (၁) မှ ...........


(၂)

ကိုရဲ အိပ်ရာက နိုးတော့ ခုတင်ပေါ်ကပင် ချက်ချင်းမထနိုင်သေး။ မိုးရေယို၍ ဟိုတကွက်ဒီတကွက် မည်းညစ်နေတဲ့ အခန်းမျက်နာကျက်ကိုငေးရင်း မနေ့ည က အိပ်မက်အကြောင်း ပြန်စဉ်းစား နေမိသေးသည်။ အမှန်တော့ ဒီလို အိပ်မက် ခပ်ညစ်ညစ် တွေ မကြာမကြာမက်နေသည် မှာ တလလောက် ရှိပြီဖြစ်သည်။ အိပ်မက် က နိုးလာတိုင်းလည်း သူ အရင်ဆုံး တွေးမိသည်မှာ မေ့ အကြောင်းပင်ဖြစ်သည်။

မေ့ ကို သူ ဘယ်လိုဖွင့် ပြောရမလဲ။


" သား ရေ ၊ ကိုရဲ နိုးသေးဘူးလား? ထတော့လေကွယ်၊ မျက်နာသစ်ပြီး ကော်ဖီလာသောက် ချည်း"


ရုတ်တရက် ထမင်းစားခန်းမှ မေမေ့ အသံကြောင့် သူ့ခေါင်းထဲမှ အတွေးတွေ ခဏလွှင့်စင်သွား၏။ မေမေ က မနက်တိုင်းစောစောထ၍ ဝတ်ပြူခြင်း၊ဘုရားဝေရာဝစ္စပြူလုပ်ခြင်း၊နောက်ဆုံး မီးဖိုချောင်ကိစ္စ ပြီးသည်အထိ အိမ်ထောင်ရှင်မကောင်းတယောက်၏ လုပ်ခင်းဆောင်တာ များကို စနစ်တကျလုပ်တတ်သည်။ ထိုသို့ လုပ်ပြီး တိုင်း သူ့ ကို ယခု ကဲ့သို့ နှိုးမြဲပင်။သူ သွားတိုက်ရင်းက အိပ်မက်ထဲမှ စပ်စုပ်ဖွယ် မျက်နာတချပ် မှန်ထဲတွင် ဖျတ်ခနဲပေါ်လာပြန်သည်။


သွေးတစ္ဆေ .........သူ က သွေးတစ္ဆေ တကောင်တဲ့ လား?


သူ ခေါင်းကိုခါရမ်းပြီး မျက်လုံးကို ခဏပိတ်ထားလိုက်သည်။ မျက်လုံးပြန်ဖွင့်ကြည့်တော့ မျက်နာသစ်ထားပြီး ကာစ သူ့ပင်ကို မျက်နာလွင်လွင်၊....................

"ဝှိုး"

သက်ပြင်းတချက် ခပ်ပြင်းပြင်း သူ မှူတ်ထုတ်လိုက်သည်။ရုံးပိတ်ရက်ဖြစ်၍ ကော်ဖီသောက်ရန် အိမ်အောက်ထပ်ကို သူ အေးအေးလူလူပင်ဆင်းလာခဲ့သည်။ရုံးဖွင့်ရက် ဆိုလျှင်တောင် သူ ရုံးကိုသွားဖြစ်မည်မထင်။ဘယ်အလုပ်ကိုမှလည်း သူအာရုံစူးစိုက် လို့ရမှာမဟုတ်ဘူးဆိုတာ သူ့ကိုသူသိနေသည်။


"သား ဒီနေ့ဘယ်သွားစရာရှိသေးလဲ? မမေနဲ့ ကောချိန်းထားသေးလား?"

သူသောက်မည့် ခွက်ထဲသို့ ကော်ဖီ ဌဲ့ပေးရင်း အမေက မေးသည်။


"ထွေထွေထူးထူးတော့ မရှိဘူး အမေ၊ မေ နဲ့တော့ ညနေဘက်တွေ့မယ် ပြောထားတယ်"

သူက လေးပင်ပင်ဖြစ်နေသည့်စိတ်ကို အမေ မရိပ်မိအောင် ခပ်သွက်သွက်ဖြေပြီး ကော်ဖီတကျိုက် လှမ်းငုံလိုက်သည်။ အမေ ကပင် ဆက်ပြီး


"သမီးလေး ကိုလည်းပြောလိုက်ပါဦး၊အိမ်မှာထမင်းလာ စားပါဦး လို့၊ အမေကခေါ်နေတယ် လို့"


အမေ က မေ့ကိုဆိုလျှင် သမီးအရင်းတယောက်လို ချစ်ရှာသည်။ မေ က တည်ကြည်သည်။ အိနြေ္ဒရှိသည်။ သူနဲ့မေ သမီးရည်းစားဖြစ်ကာစက ပင် မေ့ကို ကိုရဲ တို့တအိမ်သားလုံးကသဘောကျကြသည်။ မေ နဲ့ သူ့ အကြောင်းကို မေ့အိမ်ကတော့ သေချာသိပုံ မပေါ်ပေ။ မေက ၂ယောက်အတူတူအလုပ်လုပ်ရင်း အဆင်ပြေပြီဆိုမှ ဖွင့်ပြောကြရန် သဘောတူ ထားကြသည်။


ဒီရက်ပိုင်း ကိုရဲ မေ နှင့် သွားမတွေ့တာ လေးရက် ရှိပြီဖြစ်၍ မနေ့ညကပင် မေကဖုန်းဆက်ချိန်းခြင်းဖြစ်သည်။ ဒီကြားထဲမှာ မေ နဲ့တွေ့ရင် တခုခုအကြောင်း ပြကာ ရှောင်ရှောင်ပြေးခဲ့သည်။ အမှန်ပြောရရင် ဒီနေ့လည်းသူ မေ့ကိုသွားမတွေ့ချင်။ မေ့ အနားမှာရှိချင်ပေမယ့် မေမသိတဲ့ အကြောင်းအရာတခု မေနဲ့ သူ့ ကြားမှာအခိုင်အမာရှိနေပြီကိုး။
အရင်က ဆို သူ ရုံးဆင်းတာနဲ့မေ့ရုံးကို သွားကြိုပြီး အတူတူ အိမ်ပြန်နေကျ၊ တခါတလေ အိမ်တန်းမပြန်ဘဲ လှည်းတန်း လမ်းဆုံက မြှီးရှည်ဝင်စားတတ်သည်။ ဘုရား တူတူသွားပြီး ငါးစာလိပ်စာ ဝင်ကျွေးတတ်သည်။ကန်ဘောင်မှာထိုင်ပြီး အင်းယားရေပြင်ထဲနေလုံးကြီးဝင်သွားတာ ထိုင်ကြည့်နေကြတတ်သည်။တခါတလေကျတော့ မေ စိတ်ကောက်လို့ သူနောက်ကတကောက်ကောက် လိုက်ချော့ ရတတ်သေး၏။ံ

သူ တွေးရင်း ပြုံးမိသည်ဟု ထင်သည်။ တဆက်တည်းမှာပင် မေ့အတွက် သူ စိတ်မကောင်းဖြစ်မိပြန်သည်။ တဖန်အခန်းရှိရာအိမ်ပေါ်ထပ်သို့ ပြန်တက်လာပြီး ကုတင်ပေါ်သို့လေးပင်စွာ ပြန်လှဲနေလိုက်၏။ လက်ရှိအခြေအနေ အတွက် ဘာကို ဆုံးဖြတ်ရမည်ကို သူ ဝေခွဲလို့မရဖြစ်နေသည်


အခန်းအတွင်းနံရံကပ်ပိုစတာပေါ်ရှိ သွေးတစ္ဆေတကောင်ကတော့ သူ့ကို စိုက်ကြည့်နေသယောင် ......


သွေးတစ္ဆေ တကောင်..... ဟုတ်တယ် .....တကယ်တော့ ...သူက ဖြစ်မှန်းမသိဖြစ်နေသည့်

........................ သွေးတစ္ဆေတကောင်ပင်တည်း။
(ဇာတ်သိမ်း ဆက်လက်ဖတ်ရှူပါ ရန်)

မောင်bee

ကြိုးစားပါဦးမည်။